ငြိမ်းချမ်းရေးနှင့် လွဲခဲ့ရသော ယီမင်နိုင်ငံ

သောတရှင်များခင်ဗျာ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းမှာ “ငြိမ်းချမ်းရေးနှင့် လွဲခဲ့ရသော ယီမင်နိုင်ငံ” ဆိုတဲ့ခေါင်းစဉ်နှင့် ကာကွယ်ရေးနှင့် မဟာဗျူဟာ ခွဲခြမ်းစိတ်ဖြာ လေ့လာရေးအဖွဲ့ကြီးမှ သုတေသီ Dr. Lakshmi Priya ရေးသားပေးပို့တဲ့ ဆောင်းပါးကို ဖတ်ကြား အစီရင်ခံပါရစေ။

သောတရှင်များခင်ဗျာ စိတ်ဝင်စားဖွယ် အလှည့်အပြောင်းတခုအနေနှင့် ဆော်ဒီအာရေးဗီးယား နိုင်ငံက ကြားဝင်စေ့စပ်ပေးမယ်လို့ ကမ်းလှမ်းလာခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း အေဒင်မြို့ အာဏစာသိမ်းပွဲအပြီးမှာ ခွဲထွက်ရေးလှုပ်ရှားမှုရဲ့ခေါင်းဆောင်က ကြေညာလိုက်လို့ ယီမင်နိုင်ငံမှာ ငြိမ်းချမ်းရေးမျှော်လင့်ချက် ရောင်ခြည်သန်းလာခဲ့ပါတယ်။ အာရပ်စော်ဘွားနိုင်ငံများ ပြည်ထောင်စုက ထောက်ခံအားပေးသော ယီမင်တောင်ပိုင်း ခွဲထွက်ရေး အင်အားစုဟာ ပြင်းထန်စွာ တိုက်ပွဲဆင်နွှဲပြီး အေဒင်မြို့တော်က သမ္မတအိမ်တော်ကို သိမ်းပိုက်ခဲ့ရာမှာ လူ ၄၀ သေဆုံးၚပြီး ၂၆၀ ကျော် ဒဏ်ရာရသွားပါတယ်။ Abd’rabu Mansour Hadi ခေါင်းဆောင်တဲ့အုပ်စုက Houthi လှုပ်ရှားမှုအဖွဲ့ရဲ့ ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုစားရာက ဒီအကြမ်းဖက်မှုကို လှုံ့ဆော်ခဲ့တာဖြစ်ကြောင်း ခွဲထွက်ရေးဝါဒီခေါင်းဆောင် Aidarus al Zubaidi က ပြောပါတယ်။ အေဒင်မြို့တော်မှာတည်ရှိသော တောင်ပိုင်း အသွင်ကူးပြောင်းရေး ကောင်စီရဲ့စခန်းကို ဆော်ဒီအာရေးဗီးယားက လေကြောင်းမှ တိုက်ခိုက်စဉ် ဒီ ငြိမ်းချရေးဆွေးနွေးပွဲ တက်ရောက်လိုကြောင်း ကြေညာချက် ထွက်ပေါ်လာခဲ့ရတာပါ။ အေဒင်မှာ တလောက စတင်ဖြစ်ပွားလာခဲ့သော တင်းတာမှုကိုဖော်ရှင်းဖို့ရည်ရွယ်ချက်နှင့် ယီမင်အစိုးရကိုလိုလားသောပါတီများ ရှေ့အပတ်မှာ ဆွေးနွေးပွဲပြုလုပ်ဖို့ အာရပ်စော်ဘွားနိုင်ငံများ ပြည်ထောင်စု UAE နှင့် ဆော်ဒီအာရေးဗီးယားတို့က နှိုးဆော်လိုက်ကြပါတယ်။

ယီမင်နိုင်ငံ ပဋိပက္ခရဲ့အရင်းအမြစ်ကို ဆန်းစစ်ကြည့်မယ်ဆိုရင် အာရပ်နွေဦးရာသီ လူထုအုံကြွမှုကြောင့် ၂၀၁၁ ခုနှစ်မှာ သမ္မတ Ali Abdullah Saleh မတတ်သာဘဲ မိမိရဲ့ ဒုတိယ သမ္မတ Hadi ထံ အာဏာလွှဲပြောင်းပေးပြီးတဲ့နောက် ပြုလုပ်သော နိုင်ငံရေးအသွင်ကူးပြောင်းမှု ပျက်ပြားသွားခဲ့ရာက စတင်ခဲ့တာဖြစ်ကြောင်း တွေ့နိုင်ပါတယ်။ Hadi အစိုးရဟာ အာဏာယူထားတဲ့ ကာလတလျှောက်လုံး Jihadi တွေရဲ့တိုက်ခိုက်မှု၊ တောင်ပိုင်း ခွဲထွက်ရေး လှုပ်ရှားမှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ Saleh အပေါ် ဆက်ပြီး သစ္စာရှိနေခြင်း၊ အဂတိလိုက်စားမှု၊ အလုပ်လက်မဲ့ပြဿနာနှင့် စာနပ်ရိက္ခာ မဖူလုံမှုတို့အပါအဝင် အတွင်းရေးပြဿနာတွေ ဖြေရှင်းဖို့ လုံးပန်းနေခဲ့ရပါတယ်။ Hadi ရဲ့ ပြဿနာတွေက Shia ဘာသာဝင် Houthi သူပုန်တို့အတွက်တော့ အခွင့်အလမ်းကောင်းတခုပဲ ဖြစ်ပါတယ်။ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အပေါ် ကျေနပ်အားရခြင်းမရှိတဲ့ Sunni ဘာသာဝင်တွေပါဝင်တဲ့ ယီမင်ပြည်သူလူထုရဲ့ အကူအညီနဲ့ Houthi သူပုန်တို့ဟာ Saada နှင့် Sana’a မြို့များကို ထန်းချုပ်လာနိုင်ခဲ့ပြီး ယီမင် တနိုင်ငံလုံးကို ထိန်းချုပ်ဖို့ ခြိမ်းခြောက်လာခဲ့ပါတယ်။

ဒေသဆိုင်ရာ ပြိုင်ဖက်ဖြစ်တဲ့ အီရန်နိုင်ငံထံမှ ထောက်ခံအားပေးမှုရရှိထားတယ်လို့ ယုံကြည်ရသော အုပ်စုအင်အား ကြီးထွားလာတဲ့အပေါ် စိုးရိမ်ကြောင့်ကျလာခဲ့သော ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ၊ UAE၊ ကူဝိတ်၊ ဘာရိန်း၊ ကာတာ၊ ဆူဒန်၊ အီဂျစ်၊ ဂျော်ဒန်၊ မော်ရိုကိုဆိုတဲ့နိုင်ငံတွေနှင့် မဟာမိတ် ဖွဲ့လိုက်ပါတယ်။ ဒီမဟာမိတ်အဖွဲ့ကို အမေရိကန်ပြည်ထောင်စုနှင့် UK နိုင်ငံတို့က ပြည်ပထောက်ခံသူများအနေနှင့် လက်နက်ပစ္စည်းများ ထောက်ပံ့ကြပါတယ်။ ဆော်ဒီခေါင်းဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ Houthi သူပုန်တို့ကို ယီမင်နိုင်ငံတောင်ပိုင်းမှ တိုက်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် Houthi သူပုန်တို့ဟာ Sana’a မြို့အပေါ် ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ Riyadh မြို့ကို ဒုံးပျံတွေနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒါကို တုံ့ပြန်တဲ့အနေနှင့် ဆော်ဒီအာရေးဗီးယားက ယီမင်ကမ်းရိုးတန်းကို ပိတ်ဆို့လိုက်ပြီး သူပုန်တွေ သိမ်းပိုက်ထားရာ Hodeida ဆိပ်ကမ်းမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

နှစ်ရှည်လများ ဖြစ်ပွားနေခဲ့တဲ့ ဒီအကျပ်အတည်းကြောင့် ယီမင်နိုင်ငံမှာ လူ့အသက်ပေါင်းများစွာ သေကြေဒဏ်ရာရနေခဲ့ကြပြီး ဒုက္ခမျိုးစုံ ခံစားနေကြရပါတယ်။ နိုင်ငံတကာ အစီရင်ခံစာများက ယီမင်နိုင်ငံမှာ ဖြစ်ပျက်နေတာတွေဟာ ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး လူလုပ်အဖြစ်ဆိုးကြီးဖြစ်တယ်လို့ ဖော်ပြကြပါတယ်။ OCHA လို့ခေါ်တဲ့ လူသားချင်းစာနာမှု အကူအညီ ညှိနှိုင်းဆောင်ရွက်ရေးရုံးက “၂၀၁၉ ခုနှစ်၊ ယီမင်နိုင်ငံ လိုအပ်နေသော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်ချက်များ” လို့ခေါင်းစဉ်တပ်ပြီး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ လူ ၁၄.၃ သန်းကို အစာရေစာ ဆိုးရွားစွာ လိုအပ်နေကြသူများအဖြစ် သတ်မှတ်ဖော်ပြပေးထားပါတယ်။ ဒီအထဲမှာ အသက် ၅ နှစ်အောက် ကလေးသူငယ် ၂ သန်းနှင့် ကိုယ်ဝန်ဆောင်နှင့် ကလေးနို့တိုက်ကြွေးနေရသူ အမျိုးသမီးဦးရေ စုစုပေါင်း ၂ သန်းတို့လည်း ပါဝင်ပါတယ်။ Houthi တို့က မြို့အပြင်သို့ မိမိတို့ရဲ့ တပ်ဖွဲ့များကို ၂ ကြိမ်ခွဲပြီး ပြန်လည်တပ်ဖြန့်ပေးပါ့မယ်လို့ ကတိပေးခဲ့ပေမယ့် အခုထိတော့ ဘာမှ ဖြစ်မလာသေးပါဘူး။

ပင်လယ်နီနှင့် အေဒင်ပယ်လယ်ကွေ့အကြားတည်ရှိသော ယီမင်နိုင်ငံဟာ အဲဒီဒေသအတွက်ကော ကမ္ဘာကြီးအတွက်ပါ အရေးကြီးပါတယ်။ အခြားသောနယ်မြေများမှာ နေခွင့်မသာတော့တဲ့ Al Qaeda နှင့် ISIS အကြမ်းဖက်ဝါဒီအဖွဲ့အစည်းတွေ ယီမင်နိုင်ငံမှာ လုံခြုံစွာ ခိုအောင်းနေကြပါတယ်။ ဒီအကျပ်အတည်းကြောင့် Sunni ဘာသာဝင် ဆော်ဒီအာရေးဗီးယားနှင့် Shia ဘာသာဝင် အီရန်နိုင်ငံတို့အကြား အားပြိုင်မှုကို ပိုပြီး ပြင်ထန်လာစေခဲ့ပါတယ်။ ယီမင်နိုင်ငံ အကျပ်အတည်း ဘယ်လောက်ရှုပ်ထွေးသလဲဆိုရင် ပဋိပက္ခကြီးတခုထဲမှာကိုပဲ ဆင့်ပွားပဋိပက္ခတွေ ရှိနေပြန်ပါတယ်။ ဆော်ဒီအာရေးဗီးယားက ထောက်ခံအားပေးသော အစိုးရတပ်များနှင့် UAE က လေ့ကျင့်သင်တန်းပေးသော STC ခေါ် လုံခြုံရေး စင်္ကြံတပ်ဖွဲ့တွေက Shia ဘာသာဝင် Houthi သူပုန်တွေကို တိုက်ကြပါတယ်။ ကမ္ဘာ့ရေနံစိမ်း သယ်ယူပို့ဆောင်မှု ပမာဏတခုလုံးရဲ့ ၂၀% ဟာ Bab al Mandeb ရေလက်ကြားကို ဖြတ်သန်းနေရတာဖြစ်တာကြောင့် ယီမင်အကျပ်အတည်းရဲ့ ခြိမ်းခြောက်မှုအန္တရာယ် ရှိနေဆဲ ဖြစ်ပါတယ်။

ယီမင်နိုင်ငံ ငြိမ်းချမ်းရေးဟာ အိန္ဒိယနိုင်ငံအတွက်လည်း အရေးကြီးပါတယ်။ ဒီအကျပ်အတည်းက အိန္ဒိယ-ယီမင် နှစ်နိုင်ငံဆက်ဆံရေးအပေါ်လည်း ဂယက်ရိုက်ပါတယ်။ အိန္ဒိယနိုင်ငံဟာ မိမိရဲ့သံရုံးကို ၂၀၁၅ ခုနှစ်မှာ Sana’a မြို့တော်ကနေ Djibouti သို့ ရွှေ့ပြောင်းခဲ့ရပါတယ်။ ယီမင်နိုင်ငံသို့ ခရီးထွက်ခွာခြင်းမပြုကြဖို့ အိန္ဒိယအစိုးရက ပြည်သူလူထုအတွက် သတိပေးချက် ထုတ်ပြန်ထားရပါတယ်။ ၂၀၁၅ ခုနှစ်မှာ အိန္ဒိယဟာ အော်ပရေးရှင်း Raahat ဆိုတဲ့အမည်နှင့် အိန္ဒိယနိုင်ငံသားများကို ကယ်ထုတ်ရေး အစီအစဉ်တရပ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသား စုစုပေါင်း ၄၆၄၀၊ အခြားနိုင်ငံပေါင်း ၄၁ နိုင်ငံရဲ့ နိုင်ငံသားပေါင်း ၉၆၀ တို့ကို လေကြောင်းမှလည်းကောင်း၊ ရေကြောင်းမှလည်းကောင်း၊ အောင်မြင်စွာ ကယ်ထုတ်ပို့ဆောင် ပေးနိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ယီမင်နိုင်ငံ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ ကူညီထောက်ပံ့မှုများ ပေးလျှက်ရှိသလို အိန္ဒိယနိုင်ငံသားများစွာတို့ကလည်း လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေကြပါတယ်။ ယီမင်နိုင်ငံ ပြန်လည်ငြိမ်းချမ်းလိမ့်မယ်လို့ အိန္ဒိယနိုင်ငံက မျှော်လင့်ပါတယ်။ ယီမင်နိုင်ငံရဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွေအပေါ် အထူးစိတ်ဝင်စားလျှက်ရှိတယ်လို့ အိန္ဒိယနိုင်ငံက ဖော်ပြထားကြောင်း ဆောင်းပါးရှင် Dr. Lakshmi Priya ရဲ့ ဝေဖန်ရေးသားချက်ကို ဖတ်ကြားအစီရင်ခံလိုက်ရပါတယ် ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”