ခေတ်မှီတပ်မတော်တည်ဆောက်ရေး

သောတရှင်များခင်ဗျား၊ ဒီနေ့သတင်းဝေဖန်ချက်အခန်းမှာ ခေတ်မှီတပ်မတော်တည်ဆောက်ရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ကာကွယ်ရေးဆိုင်ရာ သုတေသီ Uttam Kumar Biswas ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြအစီရင်ခံလိုက်ရပါတယ်ခင်ဗျား။

သောတရှင်များခင်ဗျား၊ လွန်ခဲ့သောဆယ်စုနှစ်အတွင်း၊ အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်းနယ်မြေမှာ ဖြစ်ပျက်နေကြတာတွေနဲ့ နယ်စပ်ဒေသမှာ နိုင်ငံခြားအကူအညီရယူထားသော အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုတွေကြောင့် လက်နက်ကိုင်တပ်တွေရဲ့ စွမ်းရည်ကို မြှင့်တင်ဘို့ အရေးတကြီးလိုအပ်နေပါပြီ။ ဒီလုပ်ငန်းဟာ လွယ်တော့မလွယ်ပါဘူး။ အိန္ဒိယနိုင်ငံအနေနဲ့ မိမိပြည်သူတွေရဲ့ လူမှုစီးပွားတိုးတက်ဖွံ့ဖြိုးရေးကိုလည်း ဂရုစိုက်ရအုံးမှာဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတနိုင်ငံအဖို့ အပြည့်အဝလုံခြုံမှုမရှိပဲ ဘက်စုံတိုးတက်ကြီးပွားနိုင်မှာမဟုတ်ပါဘူး။ ဒါကို ထည့်တွက်ရင်၊ လက်ရှိဘဏ္ဍာရေးနှစ်အတွက် အတည်ပြုခဲ့တဲ့ ဘတ်ဂျက်မှာ ကာကွယ်ရေးအသုံစရိတ်အတွက် ရူပီးငွေ ၄.၃၁ ထရီလီယံ ခွဲဝေပေးတာကို ကြိုဆိုရမှာဖြစ်ပါတယ်။ ဒီကာကွယ်ရေးအသုံးစရိတ်ဟာ အိန္ဒိယနိုင်ငံ ပြည်တွင်းထွက်ကုန်တန်ဘိုး စုစုပေါင်းရဲ့ ၂.၀၄% သာဖြစ်ပါတယ်။ အခြေခံကာကွယ်ရေးပစ္စည်း တင်သွင်းမှုအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ပေးလိုက်တာကိုကြည့်ရင်၊ ကာကွယ်ရေးကို ခေတ်မှီအောင် ပြုလုပ်ဖို့လိုအပ်တဲ့ပစ္စည်းများတင်သွင်းမှုကို အစိုးရက ထိပ်ဆုံးမှ ဦးစားပေးတာ သိသာပါတယ်။

၂၀၂၇ ခုနှစ်တိုင်အောင် ရှည်လျားတဲ့ကာလအတွက်၊ နှစ်ရှည်ဘက်စုံအကျုံးဝင်သော စီမံကိန်းမှာ၊ အိန္ဒိယကြည်းတပ်မတော် ခေတ်မှီအောင် တည်ဆောက်ရေးလုပ်ငန်းစဉ်ကို ရှင်းလင်းတိကျစွာ ဖေါ်ပြထားပါတယ်။ အဲဒီဘက်စုံစီမံကိန်းမှာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းထုတ်လုပ်နိုင်စွမ်းကို အားပေးတဲ့အနေနဲ့ အိန္ဒိယနိုင်ငံတွင်းမှာ ထုတ်လုပ်မဲ့ စီမံကိန်းများကို အလေးအနက် ဖေါ်ပြထားပါတယ်။ အစိုးရရဲ့ တက်ကြွတဲ့သဘောထားနဲ့အညီ စီမံကိန်းတွေ သတ်မှတ်ထားတဲ့အချိန်ကာလအတွင်း အချိန်မီပြီးစီးအောင် ကြိုးစားဆောင်ရွက်နေကြပါတယ်။ တိုင်းပြည်ရဲ့ ဦးဆောင်ပုဂ္ဂလိကကုမ္ပဏီကြီးများကိုလည်း ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကဏ္ဍမှာ နေရာပေးလျှက်ရှိပါတယ်။ အစိုးရက ချမှတ်တဲ့မဟာဗျူဟာမြောက် မိတ်ဖက်ဆောင်ရွက်ရေးမူအရ၊ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ရေငုပ်သင်္ဘောများရဲ့ MBT အဓိကစစ်ပွဲဝင် အကြီးစားတင့်ကားများထုတ်လုပ်ရေးအတွက် နိုင်ငံခြားကာကွယ်ရေးပစ္စည်းကုမ္ပဏီကြီးများနဲ့ ဖက်စပ်လုပ်ငန်းများတည်ထောင်ဖို့ ပုဂ္ဂလိကကုမ္ပဏီကြီးများကို ခွင့်ပြုပေးထားပါပြီ။ လက်နက်ကိုင်တပ်များရဲ့ စစ်ပွဲဝင် တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်အားပေးတဲ့အနေနဲ့ အစိုးရက အလွန်ခရီးရောက်မဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ချမှတ်ဆောင်ရွက်နေပါပြီ။ ဒီပြုပြင်ပြောင်းလဲမှုတွေထဲမှာ၊ ကမ္ဘာမှာ စစ်သည်အင်အား ဒုတိယအများဆုံးတပ်မတော်ကို ပေါ့ပါးသွက်လက်ထက်မြက်တဲ့ တပ်မတော်ဖြစ်ရေးအတွက် စစ်သည်အင်အားလျှော့ချပြီး တပ်မတော်ကို ခေတ်မှီသော လက်နက်များနဲ့၊ လက်နက်ပစ်စင်များဖြစ်ကြသော၊ ယာဉ်များ၊ သင်္ဘောများနဲ့ လေယာဉ်များတပ်ဆင်ရေးအပါအဝင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို လွန်ခဲ့သောဆယ်စုနှစ်များအတွင်း ပြုလုပ်သောပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအနက် အရေးအကြီးဆုံးခြေလှမ်းအဖြစ် ရှုမြင်ကြပါတယ်။

သော့ချက်ကျသော အစီအစဉ်တခုဖြစ်တဲ့ F-INSAS လို့ အတိုကောက်ခေါ်တွင်သော အနာဂါတ်ခြေလျှင်စစ်သည်ကို တိုက်ခိုက်ရေးစနစ်အဖြစ်သို့ ပြောင်းလဲစေရေးအစီအစဉ်က၊ ခြေလျှင်စစ်သည်တိုင်းကို ခေတ်မှီလက်နက်များနဲ့ တိုက်ခိုက်ရေးဝတ်စုံပစ္စည်းများတပ်ဆင်ပေးဘို့ ရည်ရွယ်ပါတယ်။ ဒီအစီအစဉ် ၂၀၂၀ ပြည့်နှစ်မှာ ပြီးစီးမှာဖြစ်ပါတယ်။ မနှစ်က၊ ကြည်းတပ်မတော်ဟာ၊ M-777 ဟောင်ဝပ်ဇာအမြောက်များနဲ့ K-9 အမြောက်ကြီးများကို ဝယ်ယူခဲ့ပါတယ်။ တလောကဘဲ ရုရှားနိုင်ငံထံမှ ရူပီးငွေကုဋေ ၁၃၅၀၀ ဘိုး၊ T-90 တင့်ကားစုစုပေါင်း ၄၆၄ စင်းဝယ်ယူဘို့ စာချုပ်ခဲ့ပါတယ်။ ဒီတင့်ကားတွေရောက်လာပြီးရင် အိန္ဒိယကြည်းတပ်မတော်မှာ T-90 တင့်ကားစင်းရေစုစုပေါင်း ၂၀၀၀ နီးပါးရှိလာမှာဖြစ်ပါတယ်။ T-72 နဲ့ T-55 တင့်ကားတွေလည်း ရှိပါသေးတယ်။

အိန္ဒိယလေတပ်မတော်အတွက် ရောက်လာမဲ့ Rafale ဂျက်တိုက်လေယာဉ်တွေကို ဘယ်ရန်သူ့လေတပ်ကမှ ဝေဟင်တိုက်ပွဲမှာ ယှဉ်နိုင်ကြမှာမဟုတ်လို့၊ ဒီတိုက်လေယာဉ်ဟာ၊ လေတပ်မတော်ကို အသာစီးရစေမှာဖြစ်ပါတယ်။ Rafale တိုက်လေယောဉ်ဟာ အနုမြူလက်နက်သယ်ဆောင်နိုင်စွမ်းရှိရုံမက၊ ဝေဟင်မှ ဝေဟင်တိုက်ခိုက်ရေးကော၊ ဝေဟင်မှ မြေပြင်တိုက်ခိုက်ရေးပါ စစ်ဆင်နိုင်စွမ်းရှိပါတယ်။ မှာယူထားတဲ့ Rafale တိုက်လေယာဉ် ၃၆ စင်းအနက် ပထမဆုံးလေယာဉ်ကို ကြိုတင်သတ်မှတ်ထားတဲ့အတိုင်း ရှေ့လ (စက်တင်ဘာလ)မှာ အိန္ဒိယလေတပ်မတော် လက်ခံရရှိမှာဖြစ်ပါတယ်။ ဒါတင်မက၊ Sukhoi M-30 မော်ဒယ်အသစ်နဲ့ Tejas တိုက်လေယာဉ်တွေဟာ၊ အဆင့်မျြင့်ရေး ပြုပြင်တပ်ဆင်ဘို့ လိုအပ်နေပြီဖြစ်သော တိုက်လေယာဉ်ဟောင်းများရဲ့ နေရာကို မကြာခင် စတင်ယူကြတော့မှာဖြစ်ပါတယ်။ နောက်ပြီး အိန္ဒိယလေတပ်မတော်ရဲ့ ပင်မစစ်ဆင်ရေးလေယာဉ်ဖြစ်သော MiG-21 Bison တိုက်လေယာဉ်တွေကိုလဲ ပိုပြီးခေတ်မှီသော လက်နက်ပစ္စည်းကိရိယာများတပ်ဆင်ပေးပြီး၊ အဆင့်မြှင့်တင်ပေးထားပါပြီ။ အိန္ဒိယလေတပ်မတော်ကို သိသိသာသာ ခေတ်မှီအောင်ပြုလုပ်ထားပြီးဖြစ်ကြောင်းကို ပါကစ္စတန်နဲ့ ပါကစ္စတန် အသိမ်းပိုက်ခံ နယ်မြေတွေအထဲက အကြမ်းဖက်ဝါဒီစခန်းတွေကို ပစ်မှတ်ရွေးပြီး ၂ ကြိမ်တိုင်တိုင် တိုက်ခိုက်နိုင်ခဲ့တာက၊ သက်သေပြနေပါတယ်။ အခုလေယာဉ်အုပ်မရွေး၊ လေယာဉ်တိုင်းကို Laser Designator Pod ဆိုတဲ့ လေဆာရောင်ခြည်သုံး ပစ်မှတ်ရှာကိရိယာ တပ်ဆင်ပေးထားပါပြီ။ အဲဒီကြောင့် ဝေဟင်မှ တိုက်ခိုက်နိုင်သောစွမ်းရည်ကို အကြီးအကျယ်မြင့်မားလာခဲ့ပါတယ်။ Kargil စစ်ပွဲတုံးကဆိုရင် Mirage 2000 တိုက်လေယာဉ်မှာသာ အဲဒီကရိယာရှိခဲ့ပါတယ်။ အခု Jaguar, အဆင့်မြှင့်ထားသော MiG-27 နဲ့ Sukhoi-30 တိုက်လေယာဉ်တွေမှာပါ၊ ဒီကိရိယာတပ်ဆင်ထားပြီးပါပြီ။ မောင်းသုမဲ့လေယာဉ်များ၊ ဝေဟင်မှာ ပျံသန်းရင်း လောင်စာဆီဖြည့်တင်းပေးနိုင်သော ဆီတင်လေယာဉ်ကြီးများ၊ လူနာကောက်ယူတင်ဆောင်ရွှေ့ပြောင်းပေးနိုင်သော လေယာဉ်များကို ပိုင်ဆိုင်လာခဲ့ပြီဖြစ်လို့ အိန္ဒိယလေတပ်မတော်ဟာ ခေတ်ရှေ့ပြေးနေပါပြီ။

အဏ္ဏဝါရေကြောင်းဘက်ကိုကြည့်မယ်ဆိုရင်၊ ရေကြောင်းစစ်ဆင်ရေးစွမ်းရည်မြှင့်တင်ရေးနဲ့ ပင်လယ်ရေကြောင်းလမ်းများလုံခြုံရေးတို့အတွက် အခြေခံအဆောက်အဦးလိုအပ်ချက်များကို ဖြည့်ဆည်းရေးမှာ ကြုံတွေ့ရတဲ့စိန်ခေါ်ချက်များကို အိန္ဒိယနိုင်ငံ ကောင်းစွာ သိရှိထားပါတယ်။ မျက်မှောက်ကာလမှာ၊ အိန္ဒိယကုန်သွယ်ရေး ကုန်စည်ပမာဏအားဖြင့် ၉၀% တန်ဘိုးအားဖြင့် ၇၇% ကို အဏ္ဏဝါရေကြောင်းလမ်းနဲ့ သယ်ဆောင်နေရပါတယ်။ နောက်ပြီး ရန်လိုတဲ့အိမ်နီးချင်းနိုင်ငံများရဲ့ ရေတပ်များဟာလည်း ပိုပြီးလျင်မြန်စွာ ခေတ်မီအောင်တည်ဆောက်နေကြပါတယ်။ ဒီဖြစ်ပေါ်တိုးတက်မှုတွေကြောင့် အိန္ဒိယနိုင်ငံရဲ့ စိုးရိမ်မှုကြီးထွားလာခဲ့ရပါတယ်။ အဲဒါကြောင့် အိန္ဒိယအစိုးရက၊ ရေတပ်တပ်မတော်ကို နောက်ထပ်ရေငုပ်သင်္ဘောသစ် ၆ စင်းနဲ့ ရေပေါ်ခုတ်မောင်းသော စစ်သင်္ဘောသစ် ၅၆ စင်းပေးဘို့ အတည်ပြုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် စစ်သင်္ဘော ၃၂ စင်းကိုလည်း ဆောက်လုပ်နေပါတယ်။

ကမ္ဘာပေါ်မှာ ပိုပြီးရှေ့တန်းကျတဲ့နေရာကို ယူဘို့အတွက် စီးပွားရေးအားဖြင့်၎င်း၊ နည်းပညာအားဖြင့်၎င်း၊ ဩဇာကြီးထွားလာတဲ့ အိန္ဒိယနိုင်ငံအနေနဲ့ ရန်ပြုနိုင်စွမ်းရှိကြသော ရန်လိုသောနိုင်ငံများကပေးသော စိန်ခေါ်မှုများနဲ့ ခြိမ်းခြောက်မှုများကို ချိုးဖက်နိုင်ဘို့အတွက် စစ်အင်အားကိုလည်း ခေတ်မီဆန်းပြားသော လက်နက်များနဲ့ တပြိုင်နက် တည်ဆောက်သွားရမှာဖြစ်ကြောင်း ဆောင်းပါးရှင် Uttam Kumar Biswas ရေးသားပေးပို့တားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”