အိန္ဒိယနိုင်ငံအတွင်း ကျားအကောင်ရေ သိသိသာသာ တိုးများလာမှု ပြသလျှက်ရှိ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ သတင်းစာဆရာ ဆောင်းပါးရှင် K V Venkatasubramanian ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံအတွင်း ကျားအကောင်ရေ သိသိသာသာ တိုးများလာမှု ပြသလျှက်ရှိ” တဲ့အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

အိန္ဒိယနိုင်ငံအတွင်း ကျားအကောင်အရေ ပမာဏဟာ ယခင်ကထက် ပိုမိုများပြားလာလျှက် ရှိနေပါတယ်။ အကောင်ရေပေါင်း ၃၀၀၀ နီးပါးအထိ တိုးများလာမှုနှင့်အတူ အိန္ဒိယနိုင်ငံကို ကမ္ဘာပေါ်မှာ ကျားတွေအတွက် နေထိုင်ကျက်စားဖို့ ဘေးအကင်းဆုံးတစ်နေရာအဖြစ် ပေါ်ပေါက်စေလိုက်ပါတယ်။ လက်ရှိဆိုရင်တော့ အိန္ဒိယနိုင်ငံဟာကမ္ဘာ့ကျားရိုင်း တိရစ္ဆာန်တွေရဲ့ ၇၅% နီးပါးရှိနေတဲ့အရပ်ပဲ ဖြစ်နေပါတယ်။ ကျားအကောင်ရေ ပမာဏဟာ (၂၀၁၄ ခုနှစ်အတွင်း ၂၂၂၆ ကောင်ရှိရာမှ ၂၀၁၈ ခုနှစ်အတွင်း ၂၉၆၇ ကောင်တို့ဖြင့်) ၄ နှစ်အတွင်းမှာ ၃၃% တိုးများလာခဲ့ပါတယ်။

ဒါဟာ ၂၀၀၆ နှင့် ၂၀၁၀ ခုနှစ်အတွင်း ၂၁%နှင့် ၂၀၁၀ နှင့် ၂၀၁၄ ခုနှစ်တို့အတွင်း ၃၀% တို့မှာရှိခဲ့တဲ့ အမြင့်ဆုံး စံချိန်ဖြစ်ပါတယ်။ ဒီလိုတိုးတက်လာခြင်းဟာ “၂၀၁၈ ခုနှစ်၊ အိန္ဒိယ နိုင်ငံလုံးဆိုင်ရာ ကျားအကောင်ရေ တွက်ချက်ခန့်မှန်းချက်” လို့အမည်ပေးထားတဲ့ နောက်ဆုံးထွက် ကျားကောင်ရေ စစ်တမ်းအရ ၂၀၀၆ ခုနှစ်ကတည်းက နှစ်စဉ် ပျမ်းမျှ တိုးတက်မှုနှင့်အတူ ကိုက်ညီမှုရှိနေပါတယ်။

Madhya Pradesh ပြည်နယ်ဟာ ကျားအကောင်ရေ ၅၂၆ ကောင်နှင့် အမြင့်ဆုံးဖြစ်ပြီး ဒီနောက်မှာတော့ Karnataka ပြည်နယ်က ၅၂၄ ကောင်နှင့် ကပ်လိုက်နေကာ Uttarakhand ပြည်နယ်က ၄၄၂ ကောင်တို့ရှိတာကို တွေ့ရပါတယ်။ စစ်တမ်းအစီရင်ခံချက်ကို NTCA ခေါ် နိုင်ငံတော် ကျား ကာကွယ်စောင့်ရှောက်ရေး အာဏာပိုင်အဖွဲ့နှင့်ပူးတွဲလျှက် အိန္ဒိယနိုင်ငံ သားရိုင်းတိရစ္ဆာန်ဌာနနှင့် သစ်တောရေးရာဌာနတွေက ကောက်ယူလုပ်ဆောင်ထားတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ၄ နှစ် ၁ ကြိမ် စစ်တမ်းကောက်ယူလေ့ရှိပြီး ယခုစစ်တမ်းဟာ စတုတ္ထအကြိမ်မြောက်ဖြစ်ကာ ၂၀၀၆၊ ၂၀၁၀ နှင့် ၂၀၁၄ ခုနှစ်တို့မှာ ၃ ကြိမ် ကောက်ယူခဲ့ပြီးဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ကျားအကောင်ရေ လေ့လာသိရှိနိုင်ဖို့အတွက် အမှတ်အသား ပြန်လည်ရယူမှု လုပ်ငန်းဘောင်အဖွဲ့ပါဝင်တဲ့ နမူနာနှစ်ခွပုံစံသုံးပြီး စုစုပေါင်း အကောင်ရေကို ခန့်မှန်းတွက်ချက်တာ ဖြစ်ပါတယ်။ စစ်တမ်းကောက်ယူမှုဟာ အိန္ဒိယနိုင်ငံတဝှမ်း ကျားတွေ နေထိုင်ကျက်စားတဲ့ သစ်တောနယ်မြေ ၃၈၂၀၀၀ စတုရန်း ကီလိုမီတာ နီးပါးအကျယ်ရှိပြီး အဲဒီအနက် ၁၃၀၀၀၀ စတုရန်း ကီလိုမီတာ နီးပါးတို့မှာ ကင်မရာဖြင့် စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

စစ်တမ်းကောက်ယူမှု နည်းစနစ်ကို ၂ ပိုင်းခွဲပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပထမ တစ်ဆင့်မှာ အချက်အလက်တွေ ကွင်းဆင်း ကောက်ယူခြင်းဖြစ်ပြီး ကျားတွေရှိတယ်လို့ ခန့်မှန်းရတဲ့ ပြည်နယ် ၁၈ ခုတို့အတွင်းမှာ ကွင်းဆင်းလေ့လာသူဝန်ထမ်းပေါင်း ၄ သောင်းနီးပါးတို့က အချက်အလက်အများအပြားတို့ကို ကောက်ယူခဲ့ကြတာဖြစ်ပါတယ်။ ၎င်းတို့ဟာ ကျားတွေ တည်ရှိမှု၊ နေထိုင်ကျက်စားမှု၊ ပူးတွဲနေထိုင်တဲ့ တခြား တိရိစ္ဆာန်တွေ၊ အခြေခံ သားကောင် အရေအတွက်၊ လူသားဆိုင်ရာ သက်ရောက်မှုတွေကို မှတ်တမ်းပြုစုခဲ့ကြတာ ဖြစ်ပါတယ်။

ဒုတိယအပိုင်းမှာတော့ လေ့ကျင့်သင်တန်းပေးထားတဲ့ သားရိုင်းတိရစ္ဆာန် ဇီဝဗေဒ ပညာရှင်တွေဟာ နယ်မြေတွေတဝှမ်းမှာ ကင်မရာဖြင့် ခြေရာခံစောင့်ကြည့်ကိရိယာတွေကို တပ်ဆင်ခဲ့ကြပြီး ကျားတွေနှင့် သားကောင် ပေါများမှုတို့နှင့်ပတ်သက်တဲ့ အချက်အလက်တွေကို ကောက်ယူခဲ့ကြကာ အဲဒီအချက်အလက်တွေကို Dehradun မြို့မှာရှိတဲ့ အိန္ဒိယ သားရိုင်းတိရစ္ဆာန်ဌာနမှာ အကောင်ရေ တွက်ချက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်စစ်တမ်းဟာ နိုင်ငံအတွင်းလုပ်ဆောင်ခဲ့တဲ့ နည်းပညာပိုင်းမှာ အပြည့်စုံဆုံးသော လေ့လာကောက်ယူချက် ဖြစ်ပါတယ်။ ဒါကလည်း ယခင်ကဟာတွေထက် ပိုမိုတွက်ချက်မှု တိကျမှုရှိတာ ဖြစ်ပါတယ်။ အကဲဖြတ် တွက်ချက်မှုတွေမှာဆိုရင် အချက်အလက် ကောက်ယူရေး၊ စုဆောင်းရေးနှင့် လေ့လာသုံးသပ်ရေးတို့အတွက် အန်းဒရွိုက်ဖုန်းခြေစိုက် အပလီကေးရှင်းနှင့် ဒစ်စတော့ ဗားရှင်းဖြစ်တဲ့ M-STrIPES ခေါ် (ကျားအကောင်ရေ တိုးများမှု ကာကွယ်စောင့်ရှောက်ရေးနှင့် ဂေဟစနစ်ဆိုင်ရာ အခြေအနေတို့အတွက် ကြီးကြပ်စောင့်ကြည့်မှု စနစ်) တို့ကို အသုံးပြုခဲ့ပါတယ်။ ဒီဆော့ဖ်ဝဲကို အချက်အလက် ကောက်ယူရေးနှင့် ခွဲခြမ်းစိတ်ဖြာရေး ၂ ခုစလုံးတို့အတွက် အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဖုန်း အက်ပလီကေးရှင်းဟာ စစ်တမ်းကောက်ယူမှု မှတ်တမ်းနှင့် နယ်မြေ အကူးအပြောင်းတွေကို အလိုအလျောက် မှတ်တမ်းတင်ပေးတာဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ပထမဆုံး စစ်တမ်းကောက်ယူစဉ် အသုံးပြုခဲ့တဲ့ ကင်မရာအလုံးရေ ၉ ထောင်ဝန်းကျင်နှင့် နှိုင်းယှဉ်မယ်ဆိုရင် ယခုတကြိမ်မှာတော့ ကင်မရာအလုံးပေါင်း ၁၅၀၀၀ ကျော်တို့ကို သုံးခဲ့တာဖြစ်ပါတယ်။

ကင်မရာဖြင့် ခြေရာခံစောင့်ကြည့်မှု ပိုမိုတိုးများတင်းကျပ်လာမှုနှင့် အန်းဒရွိုက် နည်းပညာအသုံးပြုမှုတို့ဟာ ခန့်မှန်းတွက်ချက်မှုတွေကို ပိုမိုတိုးတက်စေခဲ့တယ်လို့ သားရိုင်း ဇီဝဗေဒ ပညာရှင်တွေက ဖော်ပြနေကြပါတယ်။ ကျားအကောင်ရေရဲ့ ၈၃% ဝန်းကျင်ခန့်တို့ကို အရေအတွက် ယုံကြည်စိတ်ချရမှုရှိစေလျှက် ကင်မရာဖြင့် ခြေရာခံ ကောက်ယူထားတာဖြစ်ပြီး ကျန်တဲ့ ၁၇% တို့ကိုတော့ အကွာအဝေးအားဖြင့် တိကျပြတ်သားစွာ ရိုက်ကူးမိထားတဲ့ ပုံရိပ် ပြန်လည်ရိုက်ကူးရရှိမှုဆိုင်ရာ စစ်တမ်းကောက်ယူရေးပုံစံတွေသုံးပြီး ခန့်မှန်းထားတာ ဖြစ်ပါတယ်။

သားရိုင်းဆိုင်ရာ သိပ္ပံပညာရှင်တွေဟာ အသုံးပြုမှု နည်းလမ်းပိုင်းမှာ ပြောင်းလဲချက်တချို့ ပြုလုပ်ခဲ့ကြပြီး နည်းပညာဟာ ကျားအကောင်ရေ ပြန်ထပ်မှုတို့ကို ကင်းရှင်းစေရာမှာ အထောက်အကူပြုခဲ့ပြီး ကျားတွေမှာဆိုရင် လူသားတွေရဲ့ လက်ဗွေရာတွေလိုပဲ စင်းကြား ပုံစုံ အမျိုးမျိုး ရှိကြတာကြောင့် ကျားတွေရဲ့ ခန္ဓာကိုယ်ပေါ်မှ စင်းကြားတွေကိုပြသလျှင် ကင်မရာ စောင့်ကြည့်ရာမှရရှိတဲ့ ဓာတ်ပုံတွေကိုလည်း ကျားတွေကို ခွဲခြားသတ်မှတ်ဖို့ အသုံးပြုနေကြပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ကျားအကောင်ရေ ခန့်မှန်းတွက်ချက်မှု ပြုလုပ်လိုက်တာဟာ သစ်တောဧရိယာ၊ နမူနာယူမှု အများအပြားနှင့် ကင်မရာဖြင့် ခြေရာခံ စောင့်ကြည့်မှု ပမာဏတို့မှာ ကမ္ဘာ့အကြီးမားဆုံးသော သားရိုင်း စစ်တမ်းကောက်ယူမှု ဖြစ်ပါတယ်။

အိန္ဒိယဟာ St. Petersburg ကြေညာချက်အတွက် ပေးထားတဲ့ကတိကဝတ်ကို နောက်ဆုံးသတ်မှတ်ချိန်ဖြစ်တဲ့ ၂၀၂၂ ခုနှစ်မတိုင်မီ ၄ နှစ်ကြိုစောပြီး ဖော်ဆောင်နိုင်ခဲ့ပါတယ်။ စစ်တမ်းကောက်ယူမှု ရလဒ်ကို ဝန်ကြီးချုပ် Mr. Narendra Modi က နယူးဒေလီမြို့မှာပြုလုပ်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ကျားများနေ့ အခမ်းအနားမှာ ကြေညာခဲ့ပြီး အိန္ဒိယနိုင်ငံဟာ ဖွံ့ဖြိုးရေးနှင့် သဘာဝ ပတ်ဝန်းကျင်တို့အကြား ချိန်ခွင်ညီမျှမှုကို လုပ်ဆောင်သွားမှာဖြစ်ကြောင်းနှင့် မိမိတို့ နိုင်ငံသားတွေအတွက် လူနေအိမ်တွေ ပိုမိုတည်ဆောက်သွားမှာဖြစ်သလို တိရစ္ဆာန်တွေအတွက်လည်း နေထိုင်ကျင်စားရာ နေရာပမာဏတွေကို အလားတူ ပိုမို ဖန်တီးပေးသွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ဖော်ပြခဲ့ပါတယ်။ ကျားအကောင်အရေ အများအပြား တိုးများလာခြင်းဟာ သားရိုင်းကြည့်ရှုလိုတဲ့ ခရီးသွားလုပ်ငန်းအတွက် ကောင်းစွာ ဆွဲဆောင်မှုရှိစေမှာဖြစ်ပြီး ဒါက အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးတိုးတက်စေရာမှာ အဓိကကဏ္ဍတစ်ရပ်အဖြစ် ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် K V Venkatasubramanian ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”