“အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့က Kartarpur စင်္ကြန်နှင့်ပတ်သက်ပြီး နောက်ဆုံး၊ သဘောတူညီချက်ဆီသို့ ပိုမိုနီးကပ်စွာ ရွေ့လျားလျှက်ရှိခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံရေးဆန်းစစ်သူ ဆောင်းပါးရှင် Rattan Saldi ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့က Kartarpur စင်္ကြန်နှင့်ပတ်သက်ပြီး နောက်ဆုံး၊ သဘောတူညီချက်ဆီသို့ ပိုမိုနီးကပ်စွာ ရွေ့လျားလျှက်ရှိခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
Wagha-Attari နယ်စပ်၊ ပါကစ္စတန်နိုင်ငံအတွင်းဘက်မှာကျင်းပခဲ့တဲ့ အိန္ဒိယနဲ့ပါကစ္စတန်အရာရှိများအကြား ဒုတိယအချီ ဆွေးနွေးပွဲတွေက နယ်စပ်တဖက်တချက်ပါကစ္စတန်နိုင်ငံရဲ့ Narowal ခရိုင်မှာတည်ရှိတဲ့ သမိုင်းဝင် Darbar Sahib Gurudwara သို့ အိန္ဒိယဘုရားဖူးတွေအတွက် ပေးဆောင်ရမဲ့ အခွင့်အလမ်းတွေရဲ့ အသွင်ပုံစံကို နောက်ဆုံးပြီးပြတ်ဆုံးဖြတ်ရေးမှာ ထူးကဲတဲ့တိုးတက်မှုတွေရရှိခဲ့ပါတယ်။ ၁၆ ရာစုနှစ်ကတည်ဆောက်ခဲ့တဲ့ အဲဒီ Gurudwara ဘုရားကျောင်းကြီးဟာ ကြီးမားတဲ့သမိုင်းစဉ်နဲ့ ဘုရားရေးတန်ဘိုးတွေရှိတဲ့ ဌာနကြီးဖြစ်ပြီး Sikh ဘာသာကို တည်ထောင်ခဲ့တဲ့ Guru Nanak Dev ji ဟာ သူ့ရဲ့ဘဝသက်တမ်းနှောင်းပိုင်းမှာ အဲဒီအရပ်မှာနေထိုင်ခဲ့ပြီး၊ (၁၅၃၉) ခုနှစ်မှာ ကွယ်လွန်အနိစ္စရောက်ရှိခဲ့တဲ့နေရာဖြစ်ပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတို့အကြား အလွန်တင်းကြပ်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေကြောင့် တင်းမာမှုတွေဖြစ်နေတဲ့အကြား Darbar Sahib Gurudwara သို့ ဘုရားဖူးသွားလိုတဲ့ ပြင်းပြသောဆန္ဒတွေဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က အိန္ဒိယဒုသမ္မတ Mr M. Venkaiah Naidu က Kartapur Corridor အတွက် အုတ်မြစ်ချပေးခဲ့ပြီး၊ ပါကစ္စတန်ဝန်ကြီးချုပ် Mr Imran Khan က Kartarpur Sahib Gurdwara အနီးမှာ မြေတူးအခမ်းအနားကျင်းပခဲ့ခြင်းနဲ့အတူ တောင့်တချက်တွေပြည့်စုံတဲ့ မျှော်လင့်ချက်တွေ ပေါ်ပေါက်ခဲ့ပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတို့အကြား ပထမအချီဆွေးနွေးပွဲကို ယခုနှစ် မတ်လမှာ ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် ဒီပရိုဂျက်နဲ့ပတ်သက်တဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို ဖြေရှင်းဘို့ရာ နှစ်ဖက်စလုံးမှ နည်းပညာရေးရာကော်မတီတွေအကြား ဆွေးနွေးပွဲ (၃) ချီမျှ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ပါကစ္စတန်နိုင်ငံရဲ့ စေ့စပ်ဆွေးနွေးပွဲအတွက် အသင်းမှာ Khalistan ကိုလိုလားတဲ့သူတွေ ပါဝင်ဒါကို ကန့်ကွက်ခဲ့ပြီး၊ ဒီအချက်ကို Islamabad အစိုးရက ဒုတိယအချီ ဆွေးနွေးပွဲမတိုင်မှီ ပယ်ရှားလိုက်ပါတယ်။ ဒုတိယအချီ ဆွေးနွေးပွဲတွေမှာ New Delhi အစိုးရက ဘုရားဖူးတွေအတွက် ဘေးကင်းပြီး၊ လုံခြုံတဲ့ပတ်ဝန်းကျင်အနေအထားကို အလေးအနက်တောင်းဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ပါကစ္စတန်နိုင်ငံမှာအခြေစိုက်တဲ့ ပုဂ္ဂိုလ်တဦးချင်း သို့မဟုတ် အဖွဲ့အစည်းတွေကို ထုတ်ဖေါ်ထားပြီး၊ ဒီလူတွေက ဘုရားဖူးခြင်းရဲ့ ဓလေ့ထုံးစံကို အခွင့်ကောင်းယူပြီး ဘုရားဖူးတွေအား အနှောင့်အယှက်ပေးနိုင်ဒါနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ပါကစ္စတန်နိုင်ငံသို့ ပေးအပ်ခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံက အိန္ဒိယဆန့်ကျင်ရေးလုပ်ငန်းတွေအတွက် အဆိုပါစင်္ကြန်အား ဖေါ်ပြပါ မသမာသူတွေအသုံးပြုဘို့ ခွင့်ပြုလိမ့်မယ်မဟုတ်ဘူးလို့ အာမခံပေးခဲ့ပါတယ်။
စောစောပိုင်းက နေ့စဉ်ဘုရားဖူး (၅၀၀) မှ (၇၀၀) အထိသာခွင့်ပြုဘို့ ရပ်တည်ခဲ့ရာမှ ပါကစ္စတန်နိုင်ငံဟာ နေ့စဉ် Visa မဲ့ ဘုရားဖူး (၅၀၀၀) ခန့်ကို ခွင့်ပြုဘို့ သဘောတူခဲ့ပြီး၊ အဲဒီထဲမှာ အိန္ဒိယနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားကြသူတွေနဲ့ ပင်လယ်ရပ်ခြားနေ အိန္ဒိယနိုင်ငံသား (OCI) လက်မှတ်ကိုင်ဆောင်ထားကြသူနှစ်မျိုးစလုံးကို တနှစ်ပတ်လုံး Kartarpur Sahib Gurudwara သို့ ခွင့်ပြုထားပါတယ်။ သူတို့တတွေကို ယာဉ်များနဲ့ဖြစ်စေ၊ ခြေလျင်ဖြစ်စေ၊ တဦးချင်းသို့မဟုတ် အုပ်စုလိုက် သွားခွင့်ပြုဘို့ သဘောတူလိုက်ပါတယ်။ ဆွေးနွေးပွဲတွေမှာ အိန္ဒိယနိုင်ငံက ၎င်းရဲ့တောင်းဆိုချက်ဖြစ်တဲ့ အထူးနေ့မြတ်အခါသမယမှာ နောက်ထပ်အပိုဘုရားဖူး (၁၀,၀၀၀) ကျော်တို့ကို ကိုးကွယ်ရာ ဘာသာမရွေး ခွင့်ပြုရေးအား ထပ်လောင်းတောင်းဆိုခဲ့ပါတယ်။ Guru Nanak Dev ji ရဲ့ ဆုံးမဩဝါဒတွေမှာ တကမ္ဘာလုံးနဲ့သက်ဆိုင်ပြီး Sikh ဘာသာဝင်တွေနဲ့ Hindu ဘာသာဝင်တွေဟာ Punjab ပြည်နယ်နဲ့ တခြားအရပ်ဒေသမှာရှိတဲ့ Gurudwara တွေမှာ ပူဇော်ပသမှုတွေပြုလုပ်လေ့ရှိပါတယ်။ ထပ်တူဖြစ်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေရှိနေဒါကြောင့် Islamabad အစိုးရဟာ ဒီအချက်ကို ကောင်းစွာသိရှိထားပြီး၊ ဘုရားဖူးတွေနဲ့ပတ်သက်ကာ၊ သူတို့ကိုးကွယ်တဲ့ဘာသာအပေါ် ကန့်သတ်ထိန်းချုပ်မှုတွေ သတ်မှတ်မထားပါဘူး။ စောစောပိုင်းက Pakistan နိုင်ငံဟာ Darbar Sahib Gurudwara ကို သွားရောက်ဖူးမျှော်ဘို့အတွက် ဘုရားဖူးတွေအပေါ် အခချမှတ်ဘို့နဲ့ ခွင့်ပြုလက်မှတ်စနစ်ကို အသုံးပြုလိုတဲ့စိတ်ဆန္ဒကို ဖေါ်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ တခါပြန်ပြီး ဒီကိစ္စနှစ်ခုကို စဉ်းစားဘို့ မေတ္တာရပ်ခံထားပါတယ်။ ပါကစ္စတန်နိုင်ငံဟာ သူတို့ဘက်မှာရှိနေတဲ့ အခြေခံလိုအပ်ချက် အဆောက်အအုံဆိုင်ရာ အကြပ်အတည်းတွေကို ဖေါ်ပြပြီး၊ ၎င်းတို့က အိန္ဒိယနိုင်ငံရဲ့အကြံပြုချက်တွေကို တတ်နိုင်သမျှ အပိုင်းလိုက်ဖြည့်ဆည်းပေးသွားမယ်လို့ ဖေါ်ပြခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံဟာ မူအားဖြင့် Ravi ချောင်းဟောင်းအပေါ် စောစောပိုင်းက တာရိုးတခုဆောက်လုပ်ဘို့ကမ်းလှမ်းခဲ့တဲ့အစား တံတားတခုဆောက်လုပ်ဘို့ သဘောတူလိုက်ပါတယ်။ အိန္ဒိယနိုင်ငံကလည်း မိမိတို့ရဲ့ နယ်နိမိတ်အတွင်းမှာ တံတားတခုဆောက်လုပ်ထားပြီးဖြစ်ပါတယ်
နှစ်ဖက်စလုံးတို့ဟာ ဆက်သွယ်ရေးကွန်ယက်နဲ့ Kartarpur Sahib စင်္ကြန်နဲ့ပါတ်သက်ပြီး အဆုံးသတ်ရေးသဘောတူညီချက်ဆီသို့ ရှေ့ရှုလုပ်ကိုင်ကြဘို့ သဘောတူခဲ့ကြပါတယ်။ နည်းပညာရေးရာအသင်းတွေက ဘုရားဖူးတွေရဲ့ မွန်မြတ်သော Gurudwara သို့ အလည်အပတ်ခရီးစဉ်အတွက် အထစ်အငေါ့မရှိ ချောမောစေဘို့အတွက် တခါပြန် တွေ့ဆုံကြမယ်ဖြစ်ပါတယ်။ Kartarpur စင်္ကြန်ဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ဖွင့်လှစ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါကြောင့် ဘုရားဖူးတွေဟာ ယခုနှစ် နိုဝင်ဘာလ (၁၂) ရက်နေ့မှာကျရောက်တဲ့ Guru Nanak Dev ji ရဲ့ နှစ် ၅၅၀ မြောက် မွေးနေ့ နှစ်ပါတ်လည်အခမ်းအနားကို တက်ရောက်နိုင်ကြလိမ့်မယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Rattan Saldi ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment