“Doha မြို့ Afghan အရေးကိစ္စများဆွေးနွေးပွဲ”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Sunil Gatade ဝေဖန်ရေးသားပေးပို့ထားတဲ့ “Doha မြို့ Afghan အရေးကိစ္စများဆွေးနွေးပွဲ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

ဒီနေ့ရက်တွေက စောလွန်းပါတယ်၊ ဒါပေမဲ့ မကြာသေးမှီက Doha မြို့မှာကျင်းပပြီးစီးခဲ့တဲ့ ရင်ဆိုင်တိုက်ခိုက်နေကြတဲ့ နှစ်ဦးနှစ်ဖက်တို့ကို စုပေါင်းလာစေခဲ့တဲ့ Afghan အရေးကိစ္စများဆိုင်ရာ ညီလာခံကြီးဟာ စစ်ဘေးဒါဏ် အလူးအလဲခံနေရတဲ့ Afghanistan နိုင်ငံအတွင်း ငြိမ်းချမ်းရေးရောင်ခြည်သန်းစေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ Afghan နိုင်ငံရေးသမားတွေနဲ့ Taliban ကိုယ်စားလှယ်တွေအကြား Qatar နိုင်ငံမှာကျင်းပခဲ့တဲ့ Intra Afghan လို့ခေါ်တဲ့ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးပွဲဟာ ဒီနိုင်ငံကို ငြိမ်းချမ်းရေးဆီသို့ ခြေတလှမ်းနီးကပ်စေခဲ့ပြီး၊ (၁၈) နှစ်ကျော်မျှ ကြာသွားပြီးဖြစ်တဲ့ စစ်ပွဲကြီးပြီးဆုံးသွားဘို့ရာ လမ်းပြမြေပုံတခု ရေးဆွဲရန် ကြငြာချက်တခုကို ထုတ်ပြန်ခဲ့ပါတယ်။

ပြည်သူတို့ရဲ့ ဂုဏ်သိက္ခကို စောင့်ထိန်းခြင်းနဲ့ ရိုသေလေးစားမှုအတွက် ခံယူထားတဲ့အလျောက် ပြည်သူတို့ရဲ့အသက်စီးစိမ်၊ ဥစ္စာပစ္စည်းနဲ့ အရပ်သားများသေဆုံးမှု လုံးဝမရှိစေရေးကို Doha မြို့မှာ ပြီးဆုံးခဲ့တဲ့ ဆွေးနွေးပွဲတွေရဲ့ ပူးတွဲကြေငြာစာတမ်းမှာ ဖေါ်ပြထားပါတယ်။ ဂျာမဏီနိုင်ငံနဲ့ Qatar နိုင်ငံတို့ ပူးတွဲကြီးမှူးကျင်းပခဲ့တဲ့ Qatar နိုင်ငံမြို့တော် Doha Intra-Afghan တွေ့ဆုံဆွေးနွေးပွဲကို နိုင်ငံရေးသမားပေါင်း (၇၀) ခန့် ၊ အရပ်သားလူမှုရေးရာလှုပ်ရှားသူများနဲ့ အမျိုးသမီးတွေရဲ့ ကိုယ်စားလှယ်တွေဟာ Taliban တို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ ယခုအချိန်အထိ Taliban တို့ဟာ Kabul နဲ့ Ashraf Ghani အစိုးရတို့နဲ့ တိုက်ရိုက်စေ့စပ်ဆွေးနွေးဘို့ ငြင်းဆိုနေဒါကြောင့် ဆွေးနွေးပွဲက လုံးဝ ဝေးကွာခဲ့ပါတယ်။ Taliban တို့က အစိုးရကို တရားမဝင်ဘူးလို့ အသိအမှတ်ပြုထားကြပါတယ်။

တချိန်တည်းမှာဘဲ၊ ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်တွေမှာ နိုင်ငံရေးက ပါဝင်လှုပ်ရှားနေဒါဆိုဒါကို နားလည်ရမယ်ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ Afghanistan ကနေ အလျင်အမြန် ထွက်ခွာသွားဘို့ ရှေ့ရှုနေပါတယ်။ Washington အစိုးရက လုပ်ငန်းစဉ်တွေကို အရှိန်မြင့်တင်နေပြီး အကယ်၍သာ Taliban တို့ကို တဘန်းသာခွင့်ပြုမယ်ဆိုရင်တော့ ဒေသပိုင်းအတွင်း မတွေးဆသေးတဲ့ နောက်ဆက်တွဲတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုသမ္မတ Mr Donald Trump ဟာ Mr Zalmay Khalilzad ကို အာဖဂန်နစ္စတန် ပြန်လည်ပေါင်းစည်းရေးအတွက် သူ့ရဲ့အထူးသံတမန်အဖြစ် ခန့်အပ်ထားပါတယ်။ ယခုအချိန်အထိ Mr Khalilzad က Doha မြို့မှာ Taliban အရာရှိတွေနဲ့ (၇) ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးပြီးဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲတွေမှာ အဓိကအားဖြင့် အကြောင်းအချက် (၄) ခုအပေါ် အာရုံပြုခဲ့ပြီး၊ အဲဒီအချက်တွေမှာ အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းရေး၊ အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ခိုက်မှု အာမခံချက် Intra-Afghan ဆွေးနွေးပွဲနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တခုတို့ ပါဝင်ပါတယ်။

Mr Khalilzad က ငြိမ်းချမ်းရေးအတွက် သော့ချက်ဟာ Kabul အစိုးရအပေါ်မူတည်နေတယ်လို့ ဖေါ်ပြပေမဲ့၊ ဒီအချက်က ထက်ဝက်သာ မှန်ကန်ပါတယ်။ Afghan ထောက်လှမ်းရေးဦးစီးချုပ်ဟောင်း Mr Amrullah Saleh ဟာ ဒီပြဿနာအတွက် သော့ချက်ဟာ ဆွေးနွေးပွဲတွေအပေါ် ပါကစ္စတန်နိုင်ငံရဲ့ လွှမ်းမိုးမှု အရိပ်အရောင်တွေသာဖြစ်တယ်လို့ ပစ်မှတ်ကိုထိမှန်စေလိုက်ပါတယ်။ “ငြိမ်းချမ်းရေးအတွက် သန္နိဋ္ဌာန်နဲ့ စိတ်ဆန္ဒဟာ အစဉ်အမြဲ Kabul အစိုးရမှာရှိခဲ့ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးအတွက် သော့ချက်ဟာ အစဉ်အမြဲဆိုသလိုဘဲ Rawalpindi GHQ မှာ ထိန်းချုပ်ခြင်း ခံနေခဲ့ရပါတယ်” လို့ များမကြာမှီက Mr Saleh ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

ကျွမ်းကျင်သူ ပါရဂူတွေက အမေရိကန်ပြည်ထောင်စုရဲ့ တနှစ်အတွင်း အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းဘို့ အလျင်လိုနေဒါက အမှန်စင်စစ် Taliban တွေကို သူတို့ရဲ့သဘောအတိုင်း ချုပ်ချယ်ဘို့ အတင့်ရဲစေတယ်လို့ ခံစားကြပါတယ်။ Taliban တို့ဟာ ပါကစ္စတန်နိုင်ငံရဲ့ ကိုယ်စား သဏ္ဍာန်ရှိနေပြီး၊ စေ့စပ်ဆွေးနွေးပွဲတွေမှာတောင် Islamabad အစိုးရရဲ့ နည်းဗျူဟာကျ အကျိုးသက်ရောက်မှုတွေကို ပေါ်ပေါက်စေပါတယ်။ Taliban တို့ဟာ လူမျိုးရေးအရ အားလုံးက Pashtun လူမျိုးတွေမဟုတ်ကြပါဘူး။ သူတို့ထဲမှာ ပါကစ္စတန်လူမျိုးများစွာ ပါဝင်နေကြတယ်လို့ ပါရဂူတွေက ဖေါ်ပြကြပါတယ်။ Washington အစိုးရဟာ အမေရိကန်ပြည်ထောင်စုနဲ့ NATO တပ်ဖွဲ့တွေ ရုပ်သိမ်းဘို့ လမ်းပြမြေပုံကို စက်တင်ဘာလတရက်နေ့မှာ ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ဖေါ်ပြကြပါတယ်။

တချိန်တည်းမှာဘဲ ယခုတွေ့ဆုံပွဲမှာ ထွက်ပေါ်လာခဲ့တဲ့ ကြေငြာစာတမ်းမှာ Taliban တို့ရဲ့ (၁၈) နှစ်ကြာမျှတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အရပ်သားတွေကို ဆန့်ကျင်တဲ့စစ်ပွဲတွေကို “Jihad” သို့မဟုတ် ဘာသာရေးလို့ ဖေါ်ပြထားဒါက Afghan ဆီနိတ်လွှတ်တော်မှာ တုန့်ပြန်မှုတခု ပေါက်ပွားစေခဲ့ပြီး၊ ဆီနိတ်အမတ်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်ဆိုပြီး၊ အဆိုပါကြေငြာချက်ကို ပယ်ချခဲ့ကြပါတယ်။ သူတို့ရဲ့ခံယူချက်ကတော့ Jihad ဆိုတဲ့စစ်ပွဲဟာ ၁၉၈၉ ခုနှစ်က ဆိုဗီယက်တပ်ဖွဲ့တွေ ရုပ်သိမ်းသွားဒါနဲ့အတူ အဆုံးသတ်သွားခဲ့တယ်ဆိုဒါဘဲဖြစ်ပါတယ်။ ဒီကာလနောက်ပိုင်းမှာဖြစ်ပေါ်တဲ့ ဘယ်စစ်ပွဲကမှ Jihad မဟုတ်တော့ပါဘူး။ ဒီဇာတ်လမ်းရဲ့ သင်ခန်းစာကတော့ ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းမှာ အတားအဆီးတွေ အမြောက်အများရှိနေပါတယ်။ ဒါပေမဲ့ အကြောင်းရင်းကတော့ ယခုတကြိမ်ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲကိုယ်တိုင်က ရေခဲတွေ အရည်ပျော်လာပြီး၊ သို့မဟုတ် အခြေအနေတွေ ပြောင်းလဲလာပြီဆိုဒါကို အချက်ပြနေပါတယ်။ အဲဒီတွေ့ဆုံပွဲကို Afghanistan နိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် ခိုင်မာတဲ့ခြေလှမ်းတခုအဖြစ် တွေ့မြင်ကြဒါဘဲဖြစ်ပါတယ်။

သမ္မတဟောင်း Mr Hamid Karzai က ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ အပြုသဘောဆောင်တဲ့ ရလဒ်တွေကို ချီးကျူးခဲ့ပါတယ်။ သမ္မတဟောင်းဟာ ပြည်သူတွေရဲ့ အထွေထွေခံစားချက်ကို ဖေါ်ပြလျှက် “Afghanistan နိုင်ငံမှာ ငြိမ်းချမ်းရေးဟာ Afghan တို့က Intra-Afghan တွေ့ဆုံဆွေးနွေးပွဲမှတဆင့် သူတို့ရဲ့အနာဂါတ်ကို ဆုံးဖြတ်နိုင်လိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့လကကျင်းပခဲ့တဲ့ SCO ထိပ်သီးညီလာခံမှာ ဝန်ကြီးချုပ် Mr Narendra Modi ဟာ SCO ဒေသပိုင်းအတွင်း လုံခြုံရေးနဲ့ တည်တံ့ခိုင်မြဲရေးအတွက် စည်းလုံးညီညာပြီး၊ ငြိမ်းချမ်းကာ၊ ဘေးကင်းပြီး ကြီးထွားတိုးတက်တဲ့ Afghanistan နိုင်ငံတည်ဆောက်ဘို့ တိုက်တွန်းခဲ့ပါတယ်။ ဝန်ကြီးချုပ်က အိန္ဒိယနိုင်ငံဟာ Afghanistan အစိုးရနဲ့ ပြည်သူတို့ရဲ့ Afghan တို့ဦးဆောင်ပြီး၊ Afghan ကိုယ်ပိုင်ဖြစ်ကာ၊ Afghan တို့ထိန်းချုပ်တဲ့ ဘက်စုံငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကြိုးပမ်းမှုတွေကို ထောက်ခံဘို့ ရည်မှန်းလျှက်ရှိကြောင်း ဖေါ်ပြခဲ့ပါတယ်။

ဝမ်းနည်းစရာကောင်းလှဒါကတော့ Afghanistan နိုင်ငံဟာ အမြဲတမ်းဆိုသလိုဘဲ ကွဲပြားတဲ့နိုင်ငံတွေရဲ့ အတွေးအခေါ် အယူအဆနဲ့ နည်းဗျူဟာကျစွာ ထိန်းချုပ်ပြီး၊ လွမ်းညွှန်ဘို့အတွက် ယှဉ်ပြိုင်နေကြတဲ့အားကစားကွင်းကြီးပမာဖြစ်နေဒါဘဲဖြစ်ပါတယ်။ Afghanistan နိုင်ငံကိုစောင့်ကြည့်နေကြတဲ့ တချို့သောအုပ်စုတွေက အလျင်အမြန်တပ်ဖွဲ့တွေ ရုပ်သိမ်းခြင်းရဲ့နောက်ဆက်တွဲတွေက ပါကစ္စတန်နိုင်ငံရဲ့ နှစ်မျိုးနှစ်ခွဖြစ်မှုနဲ့ Taliban တို့ရဲ့ ဖိနှိပ်မှုတွေကို Kabul မြို့မှာ ဖြစ်ထွန်းစေရေး Jihadi တိုးချဲ့ရေးကို အိန္ဒိယနိုင်ငံအပါအဝင် ဒေသပိုင်းတခုလုံးမှာ ပေါ်ပေါက်စေရေးနဲ့ တရုတ်နိုင်ငံရဲ့ ဒေသပိုင်းဆိုင်ရာ ရည်မှန်းချက်တွေကို အားပေးထောက်ပံ့ရေးအတွက် အခွင့်အလမ်းပေးလိုက်တာဖြစ်ပါလိမ့်မယ်လို့ သတိပေးထားပြီးဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Sunil Gatade ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”