“ဗြိတိန်နိုင်ငံအတွက် ဝန်ကြီးချုပ်သစ်၊ BREXIT နှင့် ရှေ့သို့လမ်းခရီး”
သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ ဥရောပအရေးကိစ္စများ ခွဲခြမ်းစိတ်ဖြာလေ့လာသူ ဆောင်းပါးရှင် Dr. Sanghamitra Sarma ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဗြိတိန်နိုင်ငံအတွက် ဝန်ကြီးချုပ်သစ်၊ BREXIT နှင့် ရှေ့သို့လမ်းခရီး” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် Brexit ခေါ် ဥရောပသမဂ္ဂမှနုတ်ထွက်ရေး သဘောဆန္ဒကောက်ယူခဲ့တဲ့အချိန်ကစပြီး၊ ဗြိတိန်နိုင်ငံဟာ နိုင်ငံရေးလောကမှာ ရင်ဆိုင်တိုက်ခိုက်မှုတွေများစွာကို ကြုံတွေ့ခဲ့ရပါတယ်။ Mrs. Theresa May ဟာ Brexit အရေးကိစ္စမှာ အရေးနိမ့်သွားခဲ့ပြီး၊ သူမရဲ့ပါတီဝင် လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုတွေ ဆုံးရှုံးသွားခဲ့ဒါကြောင့် ယခုနှစ် ဇူလိုင်လ (၄) ရက်နေ့မှာ ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ကြောင်းကို ကြေငြာခဲ့ပါတယ်။ ဒီအချက်ဟာ Tory လို့ခေါ်တဲ့ Conservative Party ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြောက်ရေးကို ဦးတည်ခဲ့ပါတယ်။ ဒီယှဉ်ပြိုင်အရွေးခံပွဲမှာ Mr Boris Johnson ဟာ ရာထူးမှ နုတ်ထွက်သွားမဲ့ နိုင်ငံခြားရေးဝန်ကြီး Mr Jeremy Hunt ကို မဲအရေအတွက်ပေါင်း (၄၀,၀၀၀) ကျော်နဲ့ အပြတ်အသတ်အနိုင်ရရှိသွားပါတယ်။ အောင်ပွဲခံရလို့မကြာမှီမှာဘဲ Mr Johnson ဟာ သူ့ရဲ့ဦးစားပေးတာဝန်ဝတ္တရားတွေက လာမဲ့အောက်တိုဘာလ (၃၁) ရက်နေ့မတိုင်မှီ Brexit အရေးကိစ္စကို ပြီးပြတ်စေပြီး၊ နိုင်ငံတော်ကိုစည်းလုံးကာ၊ Labour Party ခေါင်းဆောင် Mr Jeremy Corbyn အပေါ် အနိုင်ယူရေးဘဲဖြစ်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။ သူဟာ လူမျိုးအရ လူနည်းစုဖြစ်ကြတဲ့ ဥပဒေပြုသမားတွေနဲ့ အမျိုးသမီးတွေကို အဓိကထားဖွဲ့စည်းထားတဲ့ “Cabinet for modern Britain” သို့မဟုတ် ခေတ်သစ်ဗြိတိန်နိုင်ငံအတွက် ကက်ဘိနက်အဖွဲ့ကို တည်ထောင်သွားမယ်လို့ မှတ်ချက်ချ ဖေါ်ပြခဲ့ပါတယ်။
ဗြိတိသျှဝန်ကြီးချုပ်အဖြစ် Mr Johnson အနေနဲ့ ရင်ဆိုင်ရမဲ့အရေးပါဆုံးစိန်ခေးချက်ကတော့ Brexit အရေးကိစ္စကို (၂၇) နိုင်ငံပါဝင်တဲ့ ဥရောပသမဂ္ဂခေါင်းဆောင်တွေနဲ့ နောက်ဆုံးရလဒ်ထွက်ပေါ်လာဘို့အတွက် စေ့စပ်ဆွေးနွေးရေးဘဲဖြစ်ပါတယ်။ တဖက်မှာ Mr Johnson က ဗြိတိန်နိုင်ငံကို ဥရောပသမဂ္ဂမှ နုတ်ထွက်ဘို့အတွက် ဦးဆောင်ပြီး၊ ကွဲထွက်ရေးသဘောတူညီချက်ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ဦးဆောင်လုပ်ကိုင်သွားမယ်လို့ ဂတိပြုခဲ့ပါတယ်။ ဒီအချက်အတွက် Mr Boris Johnson ဟာ ဥရောပသမဂ္ဂအနေနဲ့ Brexit အတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေရရှိဘို့ ပြန်လည်စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်လိမ့်မယ်လို့ ယုံကြည်မှုကို ပေါ်ပေါက်စေခဲ့ပါတယ်။ တခြားတဖက်မှာ ဒီအချက်ဟာ EU အနေနဲ့ မပြုလုပ်ဘူးလို့ တင်းခံနေတဲ့အရေးကိစ္စတခုဖြစ်ပါတယ်။ အကယ်၍သာ ထင်သလိုမဖြစ်ပေါ်လာဘူးဆိုရင် Mr Johnson က “come what may” ဆိုတဲ့ ဘယ်လိုအခြေအနေမှာဘဲဖြစ်ဖြစ် နောက်ဆုံးသတ်မှတ်ထားတဲ့အချိန် အောက်တိုဘာလ ၃၁ ရက်နေ့မတိုင်မှီ ဗြိတိန်နိုင်ငံက EU မှ နုတ်ထွက်ရလိမ့်မယ်လို့ ဖေါ်ပြလိုက်ပါတယ်။ တခြားတဖက်မှာ ဥရောပသမဂ္ဂ EU ကလည်း အတိတ်က Mrs Theresa May နဲ့ သဘောတူခဲ့မှုတွေကို လက်ခံရလိမ့်မယ်လို့ ထပ်လောင်းအတည်ပြုနေပြီး၊ ဒီလိုမပြုလုပ်ပါက ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂမှ ထွက်သွားရလိမ့်မယ်လို့ ဖေါ်ပြလိုက်ပါတယ်။
ဗြိတိသျှဝန်ကြီးချုပ်သစ်ဟာ ပါလီမန်လွှတ်တော်နဲ့ သူ့ရဲ့ပါတီအတွင်းမှာ လွှတ်တော်အမတ်အများစုတို့က သဘောတူစာချုပ်တခုမရှိဘဲ EU မှ နုတ်ထွက်ခြင်းကို ဆန့်ကျင်ကန့်ကွက်နေကြသလို Conservative ပါတီဝင် အပေးအယူမရှိ EU မှ နုတ်ထွက်ခြင်းအတွက် အားလုံးသဘောတူညီမှုမရှိဖြစ်နေခြင်း စတဲ့စိန်ခေါ်မှုသစ်တွေကို ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် လေ့လာသူတွေက ဥရောပသမဂ္ဂမှ သဘောတူညီမှုတခုမရရှိဘဲ နုတ်ထွက်ခြင်းက ဗြိတိန်နိုင်ငံအတွက် ကြီးမားတဲ့စီးပွားရေးအကြပ်အတည်းတွေ ဖန်တီးနိုင်တယ်လို့ ယူဆကြပါတယ်။
Johnson အစိုးရသစ်လက်ထက်မှာ အိန္ဒိယနဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ဆက်ဆံရေးမှာ စိတ်ဝင်စားဖွယ်ဖွံ့ဖြိုးမှုတွေကို တွေ့မြင်ရပါတယ်။ Mr Boris Johnson က လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အိန္ဒိယနိုင်ငံကို လာရောက်လည်ပါတ်တဲ့အခါ အာရှတိုက်ကြီးရဲ့ တတိယအကြီးမားဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုရေးက ၂၀၁၉ ခုနှစ် မတ်လအတွင်း ဗြိတိန်နိုင်ငံက ဥရောပသမဂ္ဂမှ နုတ်ထွက်သွားတဲ့အခါ ဖြစ်နိုင်တဲ့အလားအလာရှိတယ်လို့ ဖေါ်ပြခဲ့ဘူးပါတယ်။ Mr Johnson ဟာ မကြာသေးမှီက ပါတီဝင်တွေကိုပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ၎င်းအနေနဲ့ အိန္ဒိယနိုင်ငံမှ ကျောင်းသားတွေ ဗြိတိန်နိုင်ငံကို လာရောက်ပြီး ပညာသင်ယူမှုကို အားပေးတဲ့အနေနဲ့ ပိုမိုလွယ်ကူသက်သာတဲ့ Visa စည်းမျဉ်းတွေ ချမှတ်ကျင့်သုံးဒါကို လိုလားတယ်လို့ ဖေါ်ပြခဲ့ပါတယ်။
ယခုအချိန်ကာလမှာ ဗြိတိန်နိုင်ငံကို နိုင်ငံရေးအရ ခွဲခြမ်းထားတဲ့ စိန်ခေါ်မှုဟာ ပိုမိုကျယ်ပြန့်လာလိမ့်မယ့်ဟန်ရှိပါတယ်။ ရှေကဆက်ရမဲ့လမ်းကြောင်းကတော့ နိုင်ငံတော်အတွက် အကောင်းဆုံးဖြစ်စေလိုတဲ့ ပြည်သူတို့ရဲ့အသံကို ထည့်သွင်းရမယ်ဆိုဒါ သင်္ကာမကင်းဖြစ်စရာမလိုပါဘူး။ ပိုမိုမြန်ဆန်ပြီး သန့်စင်ကာ၊ စနစ်တကျနဲ့ ဥရောပသမဂ္ဂမှ နုတ်ထွက်ခြင်းက ၂၀၁၆ ခုနှစ်ကတည်းက ဖြစ်ပေါ်နေတဲ့ပြဿနာတွေအား ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ လာမဲ့လများအတွင်း ဗြိတိန်နိုင်ငံဟာ ကျန်တကမ္ဘာလုံးနဲ့အတူ Mr Johnson ဟာ သူ့ရဲ့ရပ်တည်ချက်ကို ပျော့ပြောင်းစေမလား သို့မဟုတ် Do or Die အသေရရ၊ အရှင်ရရ သဘောထားကို ဆက်လက်ထားရှိကျင့်သုံးသွားမလားဆိုဒါကို မြင်တွေ့ကြရမယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Sanghamitra Sarma ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment