သီရီလင်္ကာနိုင်ငံတွင် အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှပ်နှံမှု

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr.M.Samatha ဝေဖန်ရေးသားထားတဲ့ “သီရိလင်္ကာနိုင်ငံတွင် အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှပ်နှံမှုတိုးမြှင့်” သောအကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီရင်ခံပါရစေ။

သီရိလင်္ကာနိုင်ငံရှိ Maho မှ Omanthai ဒေသအကြား ၁၃၀ ကီလိုမီတာ ရထားလမ်းကြောင်း၏ အဆင့်မြင့်တင်မှုအတွက် ဒေါ်လာငွေ ၉၁.၂၆ သန်းတန်ဖိုးရှိ သဘောတူညီမှုအပေါ် အိန္ဒိယနဲ့ သီရိလင်္ကာနိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့ပါတယ်။ လွန်ခဲ့သောနှစ်ပေါင်း (၁၀၀) အတွင်း ပထမဆုံးအကြိမ်၊ အဆိုပါရထားလမ်း၏ အဆင့်မြင့်တင်မှုကြောင့် ဒီသဘောတူညီချက်ဟာ အလွန်အရေးကြီးခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့ ရထားလမ်းဖွံ့ဖြိုးတိုးတက်မှု၌ အိန္ဒိယနိုင်ငံရဲ့ ပါဝင်ကူညီမှုအကြောင်း အားလုံးသိထားပြီးဖြစ်သည့်အတွက် ဒီကျွန်းနိုင်ငံရဲ့ ရထားလမ်းဖွံ့ဖြိုးတိုးတက်မှုအတွက် ယခုအချိန်အထိ အိန္ဒိယနိုင်ငံက ဒေါ်လာငွေ ၁.၃ ဘီလီယံ ကူညီထောက်ပံ့ရန် ကတိပေးထားခဲ့ပါတယ်။

အဆိုပါအချက်ကိုကြည့်ခြင်းအားဖြင့် အိန္ဒိယနိုင်ငံသည် မိမိရင်းနှီးမြှပ်နှံမှုများကို တိုးတက်လိုပြီး တတိယနိုင်ငံများနှင့်အတူ ပူးတွဲရင်းနှီးမြှပ်နှံမှုများပြုလုပ်ရန် အသင့်ရှိကြောင်း ပြသခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ဆောင်ရွက်သောစီမံကိန်းများက ကျန်းမာရေး၊ ပညာရေးနဲ့ ဆက်သွယ်ရေးအပေါ် အာရုံစိုက်ခဲ့ပြီး လူသားဗဟိုပြု စီမံကိန်းများဖြစ်ကြပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အကူအညီဖြင့် တည်ဆောက်ခဲ့သော စံပြကျေးရွာ (၁၀၀) များကို Gampaha ခရိုင်၌ ဒီလအတွင်း ဖွင့်လှစ်ခဲ့ကြပါတယ်။ သီရိလင်္ကာနိုင်ငံမြောက်ပိုင်း၊ အရှေ့ဖက်ဒေသနဲ့ အလယ်ပိုင်းဒေသတို့၌ အိန္ဒိယနိုင်ငံက အိမ်အလုံး (၆) သောင်းမျှ ဆောက်လုပ်နေတဲ့အပြင် စုစုပေါင်း ကျေးရွာ ၂၄၀၀ ရွာ၊ တနိုင်ငံလုံး၌ တည်ဆောက်ဖို့ ကတိပေးခဲ့ရာ အဆိုပါ စံပြကျေးရွာများက ၎င်းရဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်းနိုင်ငံတခုလုံး၌ လူနာတင်ယာဉ်ဝန်ဆောင်မှုအတွက် အိန္ဒိယနိုင်ငံက ထောက်ပံ့နေမှုကို လူအများက တန်ဖိုးထားခဲ့ပါတယ်။ Tamil လူမျိုးအများအပြားနေထိုင်လျက်ရှိသော မြောက်ပိုင်းနဲ့ အရှေ့ဖက် နေရာများသာမက တနိုင်ငံလုံး၌ စံပြကျေးရွာများ ဆောက်လုပ်မှု၌ အကူအညီပေးခဲ့ပြီး၊ အိန္ဒိယနိုင်ငံက မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ လိုအပ်ကြောင်း ပြသခဲ့ပါတယ်။

အဆိုပါအချက်များက အိန္ဒိယနိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးကြီးသောကဏ္ဍများဖြစ်ကြပါတယ်။ သီရိလင်္ကာနိုင်ငံအတွင်း ပြည်တွင်းနိုင်ငံရေးအခြေအနေ ရှုပ်ထွေးနေသော်လဲ အိန္ဒိယနိုင်ငံရဲ့ သီရိလင်္ကာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ နှောင့်နှေးနေခြင်းမရှိဘဲ အကောင်အထည်ဖေါ်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။ သီရိလင်္ကာနိုင်ငံတွင် လာမဲ့သမ္မတရွေးကောက်ပွဲနဲ့ လက်ရှိသမ္မတ Mr Maithripala Sirisena နဲ့ ဝန်ကြီးချုပ် Mr Ranil Wickramasinghe တို့အကြား ကွဲပြားခြားနားမှုကြောင့် ဖြစ်ပေါ်နေသော နိုင်ငံရေးပဋိပက္ခဟာ နိုင်ငံတွင်း နိုင်ငံရေးဆွေးနွေးငြင်းခုံမှုကို ဖြစ်ပွားနေစေပါတယ်။ Easter တနင်္ဂနွေနေ့ တိုက်ခိုက်မှုဟာ နိုင်ငံလုံခြုံရေးအခြေအနေ ပျက်ပြားကြောင်း ပြသခဲ့ပါတယ်။ ပြည်တွင်းနိုင်ငံရေးပြဿနာကို ခေါင်းဆောင်များက အခြေခံဥပဒေဆိုင်ရာ နည်းလမ်းများမှတဆင့် ဖြေရှင်းစေရန် အိန္ဒိယနိုင်ငံက ပြောဆိုခဲ့ပါတယ်။ နယ်စပ်ဖြတ်ကျော်လာသော အကြမ်းဖက်မှုကိုတိုက်ဖျက်ရန် နိုင်ငံတကာအသိုင်းအဝိုင်းများက စုပေါင်းအရေးယူရန် အိန္ဒိယနိုင်ငံက တိုက်တွန်းခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက မဟာဗျူဟာမြောက်ကဏ္ဍများ၊ အထူးသဖြင့် ဆိပ်ကမ်းများ၌ တိုးချဲ့ရင်းနှီးမြှပ်နှံမှုများပြုလုပ်ဖို့ အသင့်ရှိခဲ့ရာ Colombo ဆိပ်ကမ်း၌ အရှေ့ Container Terminal တခုကို ဂျပန်နဲ့ သီရိလင်္ကာနိုင်ငံတို့ ပူးတွဲပြီးဆောက်လုပ်ရန် သဘောတူညီခဲ့ပါတယ်။ တရုတ်နိုင်ငံက မဟာဗျူဟာမြောက် အရေးကြီးသော Hambantota ဆိပ်ကမ်းကို ၉၉ နှစ်အတွက် ငှားခွင့်ရခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ သီရိလင်္ကာနိုင်ငံ၌ ပထမဆုံးသော ရင်းနှီးမြှပ်နှံသော ရထားစီမံကိန်းအနက် ဆိပ်ကမ်းမြို့ဖြစ်သော Hambantota ရှိ Matara မြို့နဲ့ Beliatta မြို့များကို ဆက်သွယ်သော ရထားလမ်းသစ်ကို ဒီနှစ်ဧပြီလတွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက မြောက်ဖက်ဒေသရှိ Kankesanthurai ဆိပ်ကမ်းဖွံ့ဖြိုးရေးအတွက် ဒေါ်လာငွေ ၄၅.၂၇ သန်းတန်ဖိုးရှိ ဘဏ္ဍာရေးအကူအညီပေးခဲ့ပါတယ်။ Hambantota ဆိပ်ကမ်း ရေနံသန့်စင်စက်ရုံဆောက်လုပ်ရန် ဒေါ်လာငွေ ၃.၈၅ ဘီလီယံတန်ဖိုးရှိ ပူးတွဲစီမံကိန်းတခုအတွက် ဒီနှစ်မတ်လအတွင်း အုတ်မြစ်ချခဲ့ပါတယ်။ Trincomalee ဆိပ်ကမ်းနဲ့ Matala လေဆိပ်ဖွံ့ဖြိုးတိုးတက်မှုအတွက်လဲ အိန္ဒိယနိုင်ငံက စိတ်အားထက်သန်ခဲ့သော်လဲ ရင်းနှီးမြှပ်နှံမှုအပြီးမသတ်သေးပေ။

JWG ခေါ် (၄) ကြိမ်မြောက် ပူးတွဲအလုပ်အဖွဲ့၏ အစည်းအဝေးကို သီရိလင်္ကာနဲ့ အိန္ဒိယနိုင်ငံတို့က ဒီနှစ်ဇွန်လက ပြုလုပ်ခဲ့၍ Trincomalee အနီး Sampur ဒေသ၌ နေရောင်ခြည်စွမ်းအင်စီမံကိန်းနဲ့ Kerawalapitiya ၌ LNE စီမံကိန်းများအကြောင်း ပြန်လည်သုံးသပ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ၏အကူအညီဖြင့် ဆောက်လုပ်ခဲ့သော Kankesanthurai ဆိပ်ကမ်းကြောင့် နှစ်နိုင်ငံအကြား ဆက်သွယ်မှုအဆင့် တိုးမြှင့်ခဲ့ရာ ကုန်သွယ်ရေးနဲ့ ခရီးလှည့်လည်မှုကို တိုးချဲ့စေခဲ့ပါတယ်။

အဆိုပါဖွံ့ဖြိုးတိုးတက်မှုများကိုကြည့်ခြင်းအားဖြင့် အိန္ဒိယ-သီရိလင်္ကာ ပူးပေါင်းဆောင်ရွက်မှု တိုးတက်မှုကို ပြသခဲ့သော်လည်း အိန္ဒိယနိုင်ငံက အိန္ဒိယသမုဒ္ဒရာအတွင်း ၎င်းရဲ့မဟာဗျူဟာမြောက် ခြေကုပ်တိုးတက်လာဖို့ လိုအပ်ကြောင်း စသည်ဖြင့် ဆောင်းပါးရှင် Dr. M. Samatha ရေးသားပေးပို့ထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျား

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”