အိန္ဒိယနိုင်ငံက ကြီးပွားရေးအတွက် ရင်းနှီးမြှပ်နှံမှုကို အားပေးသောဘတ်ဂျက်ကို ဖွင့်လှစ်လိုက်ခြင်း

သောတရှင်များခင်ဗျား၊ ဒီနေ့သတင်းဝေဖန်ချက်အခန်းမှာ အိန္ဒိယနိုင်ငံက ကြီးပွားရေးအတွက် ရင်းနှီးမြှပ်နှံမှုကို အားပေးသောဘတ်ဂျက်ကို ဖွင့်လှစ်လိုက်ခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ ဝါရင့်စီးပွားရေးသတင်းစာဆရာ G. Srinivasan ရေးသားပေးပို့တဲ့ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။

မိုဒီအစိုးရရဲ့ ဒုတိယငါးနှစ်သက်တမ်းရဲ့ ပထမအကြိမ်မြောက် ရသုံးခန့်မှန်းခြေငွေစာရင်း ဘတ်ဂျက်ကို ဘဏ္ဍာရေးဝန်ကြီး Nirmala Sitharaman က ဗဟိုပါလီမန်လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။ ဒီဘတ်ဂျက်ဟာ တိုင်းပြည်မှာ စီးပွားကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းတွေ အခက်အခဲမရှိ ရိုးရှင်းလွယ်ကူချောမွေ့စွာလုပ်ကိုင်နိုင်ကြရလေအောင် အားပေးထားတာဖြစ်လို့ မျှော်လင့်တောင့်တချက်နဲ့ ကိုက်ညီတာ တွေ့ရပါတယ်။

ဒါ့အပြင်၊ စီးပွားရေးကို တိုးပြီး ဒစ်ဂျစ်တယ်ဇာတ်သွင်းရေးအပေါ် အာရုံစိုက်ခြင်းအားဖြင့် အိန္ဒိယနိုင်ငံတလွှားမှာ ပြည်သူလူထုရဲ့နေထိုင်မှုဘဝ သက်သာချောင်ချိရေးကိုလဲ ဦးတည်ထားတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာရေးနှစ်မှာပဲ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးတန်ဘိုး ဒေါ်လာ ၃ ထရီလီယံအထိ တိုးတက်ဖို့ တာစူနေပြီဖြစ်လို့ ဒီဘတ်ဂျက်က၊ နှစ်အနည်းငယ်အတွင်း ဒေါ်လာ ၅ ထရီလီယံ စီးပွားရေးရုပ်လုံးပေါ်ရေးအတွက် လမ်းပြမြေပုံတရပ်ကိုလည်း တင်ပြထားပါတယ်။ ဒီလမ်းပြမြေပုံက ရည်ရွယ်သော ၅ ထရီလီယံတန် စီးပွားရေးဖြစ်လာဘို့ ရင်းနှီးမြှပ်နှံမှု သံသရာက အဓိကအားဖြင့် တွန်းအားပေးမှာဖြစ်ပါတယ်။ ဒီဘတ်ဂျက်ဟာ၊ ပြည်သူတိုင်းရဲ့ လူနေမှုအဆင့်အတန်း မြှင့်တင်ရေးကို အားပေးဘို့အတွက် အစိုးရ၊ စီးပွားကုန်သွယ်ရေးနဲ့ ပြည်သူဆက်နွယ်မှုကို ချိန်ညှိပေးထားပါတယ်။

အိန္ဒိယအစိုးရက စီးပွားရေးကြီးထွားဖွံ့ဖြိုးရေးကို လိုလားသလို ဆင်းရဲနွမ်းပါးသူတို့ရဲ့ သက်သာချောင်ချိရေးကိုလဲ လိုလားပါတယ်။ အဲဒါကြောင့် ဒီဘတ်ဂျက်ဟာ ပုဂ္ဂလိကကဏ္ဍအပါအဝင် အကျိုးစီးပွားအရ သက်ဆိုင်ကြသူအားလုံး အဓိပ္ပါယ်ရှိစွာ လက်တွဲဆောင်ရွက်ခြင်းအားဖြင့် ဓနကို ပွားများစေဖို့ ရည်မှန်းပါတယ်။ ဓနကို ကြီးထွားတိုးပွားစေခြင်းမရှိပဲ၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူလူထုရဲ့ သက်သာချောင်ချိရေးတွေ တာရှည်ခံမှာမဟုတ်ပါဘူး။ အဲဒါကြောင့် တနှစ်ကို Turnover ရူပီးငွေ ကုဋေ ၄၀၀ ရှိတဲ့ ကုမ္ပဏီတွေအပေါ် စည်းကြပ်တဲ့ ဝင်ငွေခွန်ကို လျှော့ချပြီး ၂၅% သာ ကောက်ခံတော့မှာဖြစ်ပါတယ်။ ဒီတချက်တည်းနဲ့ တိုင်းပြည်ရှိ ကုမ္ပဏီစုစုပေါင်းရဲ့ ၉၉.၃% ကို သက်သာရာရစေတာဖြစ်လို့ ပြည်တွင်းစက်မှုလုပ်ငန်းတွေအတွက် နမိတ်ကောင်းပါတယ်။ တဆက်တည်းမှာ ဒီကုမ္ပဏီတွေ ပိုပြီး ရင်းနှီးမြှပ်နှံမှုသစ်တွေပြုလုပ်လာနိုင်ကြမှာဖြစ်ပါတယ်။ တခါ၊ ပုဂ္ဂလိကလုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံမှု တိုးပွားလာခြင်းကြောင့်၊ ဝယ်ယူလိုမှုကို လှုံ့ဆော်ကာ၊ ထုတ်လုပ်ရေးကို တိုးတက်စေပြီး၊ လုပ်သားအင်အားပေါများတဲ့ အိန္ဒိယနိုင်ငံမှာ၊ အလုပ်အကိုင်သစ်တွေ အကျိုးရှိစွာဖန်တီးပေးနိုင်ကြမှာဖြစ်ပါတယ်။

သောတရှင်များခင်ဗျား၊ ဒီဘတ်ဂျက်က အခြေခံအဆောက်အဦးကဏ္ဍနဲ့ ဆက်သွယ်ရေးကိုလည်း ဦးစားပေးထားပါတယ်။ ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေး၊ မီးရထား၊ ကုန်းလမ်း ပို့ဆောင်ဆက်သွယ်ရေးနဲ့ လေဆိပ်များတည်ဆောက်ရေး အစရှိတဲ့ သော့ချက်ကျသောကဏ္ဍများမှ စီမံကိန်းများကို အားဖြည့်ရုံသာမကဘဲ ရှေ့သို့ ဆက်၍တိုးတက်စေမှာ ဖြစ်ပါတယ်။ ဒီအခြေခံအဆောက်အဦးကဏ္ဍမှာ ပုဂ္ဂလိကလုပ်ငန်းတွေ ပိုပြီး လုပ်ကိုင်နိုင်ကြမှာဖြစ်ပြီး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ထိရောက်မှုရှိသော အခြေခံအဆောက်အဦးများ တိုးတက်ရေးကို ဒီနည်းအားဖြင့် ဘတ်ဂျက်က ပြဋ္ဌာန်းထားပါတယ်။

ဒီဘတ်ဂျက်ကြောင့် လက်ရှိနိုင်ငံ့စီးပွားရေးအဆောက်အဦးမှာ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာမယ်ဆိုတာ အတတ်ပြောနိုင်ပါတယ်။ ဒီဘတ်ဂျက်ဟာ၊ နိုင်ငံခြားမှ လာရောက်ရင်းနှီးမြှပ်နှံခြင်းကို အခြေခံအဆောက်အဦးဖွံ့ဖြိုးရေးအတွက် စွဲဆောင်ပါတယ်။ နိုင်ငံခြားရောက် အိန္ဒိယနွယ်ဘွားများ၊ အိန္ဒိယကုမ္ပဏီများမှာ အစုရှယ်ယာ ဝယ်ယူရင်းနှီးမြှပ်နှံကြဖို့ အားပေးပါတယ်။

ချေးငွေများပြန်မရတဲ့ပြဿနာနဲ့ ရင်ဆိုင်နေရလို့ ဒေဝါလီခံရမဲ့ကိန်းဆိုက်နေရသော ပြည်တွင်းဘဏ်လုပ်ငန်းတွေကို အစိုးရက ရူပီးငွေ ကုဋေ ၇၀,၀၀၀ မတည်ငွေ စိုက်ထုတ်ပေးပါတယ်။ ဒီလိုအစိုးရက ပံ့ပိုးပေးတဲ့အတွက်ကြောင့် ဘဏ်လုပ်ငန်းတွေရဲ့ အခြေခံရင်းနှီးမတည်ငွေ ခိုင်မာလာပြီး၊ စီးပွားရေးလုပ်ငန်းများသို့ ချေးငွေထုတ်ပေးနိုင်စွမ်းကို တည်ငြိမ်အောင် ထိန်းထားနိုင်သလို ဘဏ်ရဲ့လုပ်ငန်းဆောင်တာများ ပြန်လည်တက်ကြွလာစေခဲ့ပါတယ်။ ဒီဘတ်ဂျက်ဟာ နိုင်ငံပိုင်လုပ်ငန်းများကို မဟာဗျူဟာကျကျ ပုဂ္ဂလိကကဏ္ဍသို့ ရောင်းချခြင်းအားဖြင့် ရူပီးငွေကုဋေ တသိန်းငါးသောင်းအထိ ရရှိဖို့ ရည်ရွယ်ပါတယ်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုကို တွန်းအားပေးတဲ့အနေနဲ့ အစိုးရဟာ၊ အိန္ဒိယနိုင်ငံရဲ့ မြို့ပြလေကြောင်း ပို့ဆောင်ရေးကဏ္ဍကို ဆက်ပြီး ဖွင့်ပေးရေး အကြံပြုချက်များကို စီစဉ်သုံးသပ်လိမ့်မယ်ဖြစ်ကြောင်း ဘတ်ဂျက်က ဖေါ်ပြထားပါတယ်။ ဒီနေ့ကမ္ဘာမှာ အိန္ဒိယနိုင်ငံဟာ ပြည်တွင်းလေကြောင်းပို့ဆောင်မှု တတိယအကြီးဆုံး ဈေးကွက်ဖြစ်နေပါပြီ။ ထို့နည်းအတူ မီဒီယာလုပ်ငန်းဟာလဲ ကမ္ဘာမှာတတိယအကြီးဆုံးဖြစ်ပါတယ်။ တဆင့်ခံအားမခံလုပ်ငန်းမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုကို ၁၀၀% အထိခွင့်ပြုဘို့နဲ့၊ တမျိုးတည်းသော တံဆိပ်ပါ ကုန်ပစ္စည်းလက်လီရောင်းချရေးလုပ်ငန်းမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံခြင်းအပေါ် ချမှတ်ထားသော ဒေသထွက်ကုန်ပစ္စည်းရယူအသုံးချရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့ပေးခြင်းအားဖြင့် စားသုံးသူတို့ အရည်အသွေးကောင်းမွန်သော ပစ္စည်းများ ဈေးနှုန်းချိုသာစွာနဲ့ ဝယ်ယူနိုင်ကြမှာဖြစ်ပါတယ်။ ဒီဘတ်ဂျက်ဟာ၊ ဘဏ်မဟုတ်သော ဘဏ္ဍာရေးကုမ္ပဏီများအပေါ်လည်း အာရုံပြုထားပါတယ်။ ဒီဘဏ်မဟုတ်သော ဘဏ္ဍာရေးကုမ္ပဏီများဟာ၊ မြို့ပြအိမ်ယာဆောက်လုပ်ရေးလုပ်ငန်းများနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ငန်းများ စီးပွားဖြစ်လုပ်ကိုင်ကြဖို့ ဘဏ္ဍာငွေ စိုက်ထုတ်ပေးခြင်းဖြင့် အဓိကကဏ္ဍမှ လှုပ်ရှားကြပါတယ်။

အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားကြွေးမှီတင်ရှိမှုနှုန်းဟာ၊ ပြည်တွင်းစုစုပေါင်းထုတ်ကုန်တန်ဘိုးရဲ့ ၅% သာဖြစ်လို့ ကမ္ဘာပေါ်မှာ နိုင်ငံခြားကြွေးမှီတင်ရှိမှုနှုန်းအနည်းဆုံးနိုင်ငံက နိုင်ငံဖြစ်ပါတယ်။ အခုအိန္ဒိယနိုင်ငံက၊ နိုင်ငံခြားမှ ချေးငွေတိုးပြီး ရယူဖို့ ရည်ရွယ်ကြောင်း ပြောလိုက်ပါတယ်။ ဘတ်ဂျက်က၊ အလွန်အမင်းချမ်းသာကြွယ်ဝသူများအပေါ် အမြတ်ခွန်နှုန်းတိုးပြီး စည်းကြပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ နောက်ပြီး ရေနံစိမ်းနဲ့ ရွှေတင်သွင်းမှုအပေါ် အကောက်ခွန်နှုန်းတိုးပြီး စည်းကြပါဖို့ ဆုံးဖြတ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်ရေးဆောင်ပုဒ်နဲ့အညီ နိုင်ငံခြားမှ တင်သွင်းသော စက်မှုလုပ်ငန်းထွက်ကုန်မျိုးစုံအပေါ်လဲ အကောက်ခွန်နှုန်းတိုးပြီး စည်းကြပ်ပါလိမ့်မယ်။ အချုပ်အားဖြင့်ပြောရရင် ဒီဘတ်ဂျက်ဟာ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအခြေအနေကို ပျက်ပြားခြင်းမရှိစေပဲ၊ စီးပွားရေး အတော်အတန် တိုးတက်အောင် ဆင်ဆင်ခြင်ခြင်နဲ့ ရေးဆွဲတဲ့ဘတ်ဂျက်မျိုးဖြစ်ကြောင်း ဆောင်းပါးရှင် G. Srinivasan ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြအစီရင်ခံလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”