“ပါကစ္စတန်နိုင်ငံရဲ့ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးအပေါ် ဟန်ပြအရေးယူမှု”


သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ နိုင်ငံရေးဆန်းစစ်သူ ဆောင်းပါးရှင် Ashok Handoo ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပါကစ္စတန်နိုင်ငံရဲ့ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးအပေါ် ဟန်ပြအရေးယူမှု” အကြောင်းသတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

၁၉၉၇ ခုနှစ်ဆိုင်ရာ အကြမ်းဖက်ဝါဒဆန့်ကျင်တိုက်ဖျက်ရေး အက်ဥပဒေကို ပြန်လည်အကျုံးဝင်လာစေခြင်းအားဖြင့် ပါကစ္စတန်နိုင်ငံဟာ ယခုအပါတ်မှာ Lashkar-e-Tayyaba (LeT) အုပ်စုခေါင်းဆောင် Hafiz Saeed အပါအဝင် ၎င်းတို့ရဲ့ ရှေ့တန်းအဖွဲ့အစည်းတခုဖြစ်တဲ့ Jamaat-ud-Dawah (JuD) မှခေါင်းဆောင်များစွာတို့အပေါ် အကြမ်းဖက်ဝါဒီအုပ်စုများကို ငွေကြေားထောက်ပံ့မှုနဲ့ အမှုဖွင့်တိုင်တန်းချက် (၂၃) ခုကို မှတ်ပုံတင်ခဲ့ပါတယ်။ Saeed ရဲ့ လက်ထောက် ဒုတိယမြောက်ခေါင်းဆောင် Abdul Rehman Makki ကိုလည်း အရေးယူထားပါတယ်။ သူတို့အားလုံးကို JuD နဲ့ Falah-i-Insaniyat Foundation (FIF) တို့ကို ကုသိုလ်ပြုအဖွဲ့အစည်းအနေနဲ့ အကြမ်းဖက်ဝါဒအုပ်စုတွေကို ငွေကြေးထောက်ပံ့ဘို့ အသုံးပြုခဲ့မှုနဲ့ အမှုဖွင့်ထားပါတယ်။ ဒီအမှုတွေကို Punjab ပြည်နယ် အစိုးရရဲ့ အကြမ်းဖက်ဝါဒဆန့်ကျင်တိုက်ဖျက်ရေးဌာနက အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး၊ တခြားဂေါပကအဖွဲ့ (၅) ခုမှတဆင့် ဘဏ္ဍာငွေကောင်ခံကာ၊ ရရှိတဲ့ငွေတွေကို အကြမ်းဖက်လုပ်ငန်းတွေအတွက် အသုံးပြုဘို့ လက်လွှဲပေးအပ်လျှက်ရှိဒါကို တွေ့ရှိခဲ့ပါတယ်။ အဲဒီအဖွဲ့အစည်းတွေမှာ ကုသိုလ်ပြုအနေနဲ့ ကောက်ခံထားတဲ့ငွေအမြောက်အမြားနဲ့အတူ အလွန်များပြားလှတဲ့ ဥစ္စာပစ္စည်းတွေ ပိုင်ဆိုင်ထားကြပါတယ်။

Hafiz Saeed ဟာ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် Mumbai တိုက်ခိုက်မှုမှာ လူပေါင်း (၁၆၄) ဦးအသက်ဆုံးရှုံးခဲ့ရမှုကို ကြံစည်ကြိုးကိုင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် Saeed ဟာ အိန္ဒိယနိုင်ငံအတွင်း တခြားအကြမ်းဖက်တိုက်ခိုက်မှုများစွာတို့ကို ကြံစည်ကြိုးကိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ယခုလိုအရေးယူမှုကို ကြိုဆိုကြပေမဲ့ တချို့သောမေးခွန်းတွေ ပေါ်ထွက်လာပါတယ်။ Hafiz Saeed ဟာ ကုသိုလ်ပြုအဖွဲ့တွေနဲ့ အနည်းဆုံးနှစ်ပေါင်း (၃၀) ကျော် လုပ်ကိုင်နေသူဖြစ်ပါတယ်။ ဒါကြောင့် ယခုမှ ဘာဖြစ်လို့ လက်ခံဖေါ်ပြဘို့ဖြစ်လာသလဲ။ Pakistan နိုင်ငံက အမှန်တကယ်ဘဲ ဒီလောက်နှစ်ပေါင်းများစွာကြာညောင်းပြီးတဲ့နောက် အမှန်တရားကို သိရှိဘို့အတွက် စုံစမ်းစစ်ဆေးမှုတွေ လိုအပ်ခဲ့ပါသလား။ ယခုလိုအရေးယူမှုက မှန်ကန်တဲ့ စိတ်သဘောထားနဲ့ ပြုလုပ်ခဲ့ဒါဖြစ်တယ်ဆိုရင် ပါကစ္စတန်အစိုးရအဖို့ အရေးယူဘို့ ဘာကြောင့် ဒီလောက်အချိန်ကြာမြင့်ခဲ့သလဲဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာပါတယ်။

အဖြေကတော့ရှင်းနေပါတယ်။ ပါကစ္စတန်နိုင်ငံဟာ ဒီလောက်အချိန်ကြာကာအထိ မိမိတို့ရဲ့ မြေနယ်နိမိတ်ပေါ်မှာ အကြမ်းဖက်သမားတွေနဲ့ သူတို့ရဲ့အဖွဲ့အစည်းတွေကို ပြုစုစောင့်ရှောက်ထားပြီး၊ တခြားနိုင်ငံတွေမှာ တိုက်ခိုက်မှုတွေပြုလုပ်ဘို့အတွက် နည်းဗျူဟာကျ စွမ်းအားတခုအဖြစ် အသုံးပြုနေခဲ့ဒါဘဲဖြစ်ပါတယ်။ အမှန်တကယ်တော့ သမ္မတဟောင်း ဗိုလ်ချုပ်ကြီး Musharraf က သူ့ရဲ့မှတ်တမ်းမှာ ပါကစ္စတန်နိုင်ငံဟာ ဒီအကြမ်းဖက်သမားတွေကို ဖန်တီးနေပြီး၊ နိုင်ငံအတွက် အလွန်အရေးပါတဲ့ ဥစ္စာပစ္စည်းအဖြစ် ပြုစုစောင့်ရှောက်ထားပါတယ်။ ပါကစ္စတန်နိုင်ငံဟာ အဲဒီအကြမ်းဖက်သမားအုပ်စုတွေကို Kashmir ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေပြုလုပ်ဘို့နဲ့ အိန္ဒိယနိုင်ငံအပြင် တခြားနိုင်ငံတွေမှာ အကြမ်းဖက်မှုတွေပြုလုပ်ဘို့ အသုံးပြုလျှက်ရှိတယ်လို့ ဖေါ်ပြခဲ့ပါတယ်။ အကယ်၍သာ Islamabad အစိုးရက ဘာတခုမျှ မသိသလို ဟန်ဆောင်နေမယ်ဆိုရင်တော့ ဒီအစိုးရဟာ သူတို့ရဲ့ မသမာမှုတွေကို ဖုံးကွယ်ဘို့ ပြုလုပ်နေဒါဘဲဖြစ်ပါလိမ့်မယ်။ ဒီအကြောင်းတွေကလည်း ဘာကြောင့် အဆိုပါအဖွဲ့အစည်းတွေအပေါ် အမှုဖွင့်အရေးယူဘို့ ဒီလောက်တောင်အချိန်ကြာညောင်းခဲ့ဒါကို ဖေါ်ပြနေပါတယ်။

အကြောင်းရင်းကတော့ ပါကစ္စတန်နိုင်ငံဟာ ပြည်တွင်းနဲ့ပြည်ပ နှစ်ဖက်စလုံးမှာ ကြပ်တည်းတဲ့အခြေအနေအောက် ကျရောက်နေဒါဘဲဖြစ်ပါတယ်။ ဒီနိုင်ငံဟာ နိုင်ငံတကာရဲ့ ဖိအားအောက် ကျရောက်နေပါတယ်။ ပါကစ္စတန်နိုင်ငံဟာ ပြည်တွင်းမှာအလွန်ဘဲဆိုးဝါးတဲ့ စီးပွားရေးပြဿနာတွေနဲ့ ကြုံတွေ့နေရပြီး၊ အစိုးရအဖွဲ့ နေ့စဉ်အကုန်အကျတွေကိုကာမိအောင် ပြုလုပ်ဘို့တောင် အကြပ်တွေ့နေပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေဟာ ခေါင်ခိုက်နေပြီး၊ ပြည်သူတို့ရဲ့ အမျက်ဒေါသကို ထိုးစွပေးနေပါတယ်။ ပြည်ပမှာဆိုရင်လည်း တကမ္ဘာလုံးက ပါကစ္စတန်နိုင်ငံဟာ အကြမ်းဖက်သမားတွေကို ဆန့်ကျင်အရေးယူခြင်းမပြုမချင်း ထောက်ပံ့ကူညီလိမ့်မယ်မဟုတ်ဘူးလို့ ရှင်းလင်းစွာဖေါ်ပြထားပြီးဖြစ်ပါတယ်။ ဒီအကြောင်းကို မကြာသေးမှီက Japan နိုင်ငံ Osaka မြို့မှာ ကျင်းပခဲ့တဲ့ G-20 ညီလာခံမှာ ရှင်းလင်းဖေါ်ပြခဲ့ဒါဖြစ်ပါတယ်။

ဘဏ္ဍာရေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးတာဝန်ခံအဖွဲ့ (FATF) လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ဝါဒကို ငွေကြေးထောက်ပံ့မှုဆန့်ကျင်စောင့်ကြပ်ရေးအဖွဲ့ကြီးက ပါကစ္စတန်နိုင်ငံကို ဆက်လက်ပြီး Grey List ခေါ် သင်္ကာမကင်းဖြစ်ရတဲ့နိုင်ငံတွေစာရင်းမှာ ထည့်သွင်းထားပြီး၊ အကယ်၍ကာ ပါကစ္စတန်နိုင်ငံက ၎င်းရဲ့နိုင်ငံအတွင်း အကြမ်းဖက်ဝါဒ ငွေကြေးထောက်ပံ့မှုကို ခိုင်မာစွာဆန့်ကျင်အရေးယူမှုမပြုလျင် နောက်ထပ်နိမ့်ချမှုကို ခံရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

New Delhi အစိုးရဟာ Hafiz Saeed အပေါ် အရေးယူမှုကို ဟန်ပြတဲ့ခြေလှမ်းတွေဖြစ်တယ်လို့ ဖေါ်ပြကာ ဖယ်ချပြီး၊ နိုင်ငံတကာလူမှုအသိုင်းအဝိုင်းကို မျက်စိလည်စေဘို့ စိတ်လိုက်မာန်ပါမရှိတဲ့ နည်းလမ်းတွေကျင့်သုံးနေတယ်လို့ ဖေါ်ပြနေဒါကို နားလည်သဘောပေါက်နိုင်ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပါကစ္စတန်နိုင်ငံရဲ့ သစ္စာစောင့်ထိန်းမှုကို သူတို့ရဲ့ စစ်ဆေးနိုင်ခွင့်ရှိရေး၊ မှန်ကန်မှုနဲ့ ပါကစ္စတန်နိုင်ငံရဲ့ မြေနယ်နိမိတ်ပေါ်မှ လှုပ်ရှားနေကြတဲ့ အကြမ်းဖက်အုပ်စုတွေကို မတွန့်မဆုတ် ဆန့်ကျင်အရေးယူမှုတွေကို ဖေါ်ထုတ် သရုပ်ပြနိုင်စွမ်းရှိတဲ့ စွမ်းရည်နဲ့ အကဲဖြတ်လိမ့်မယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Ashok Hndoo ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”