ယခုသီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ

သောတရှင်များရှင် ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် V. Mohan Rao ဝေဖန်ရေးသားပေးပို့ထားတဲ့ “ယခုသီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

Chandrayaan-2 ၏ အောင်မြင်စွာ လွှတ်တင်မှုအပေါ် အိန္ဒိယသမ္မတ Mr. Ram Nath Kovind၊ ဒုသမ္မတ Mr. M Venkaiah Naidu နှင့် ဝန်ကြီးချုပ် Mr. Narendra Modi တို့က ISRO ခေါ် အိန္ဒိယ အာကာသ သုတေသနအဖွဲ့အား ချီးကျူးခဲ့ပါတယ်။ သမိုင်းမှတ်ဝင် လွှတ်တင်မှုကြောင့် အိန္ဒိယပြည်သူပြည်သားအားလုံးတို့ ဂုဏ်ယူခဲ့ပြီး ဤမစ်ရှင်ဖြင့် ရှာဖွေတွေ့ရှိမှု အသစ်များနှင့် အသိပညာ စနစ်များကို ကြွယ်ဝစေနိုင်ဖို့ မျှော်လင့်ခဲ့တယ်လို့ Mr. Kovind က ပြောဆိုခဲ့ပါတယ်။ Chandrayaan-2 ရဲ့ အောင်မြင်စွာ ဆင်းသက်မှုဖြင့် ကမ္ဘာပေါ်တွင် စတုတ္ထမြောက်နိုင်ငံ ဖြစ်လာလိမ့်မယ်လို့ ဒုသမ္မတ Mr. Naidu က ပြောဆိုခဲ့ပါတယ်။ အိန္ဒိယ သိပ္ပံပညာရှင်များရဲ့ ယုံကြည်စိတ်ချမှုနှင့် စွမ်းရည်များကိုအသုံးပြုပြီး ကြိုးစားအားထုတ်မှုကို ဝန်ကြီးချုပ် Mr. Narendra Modi က ချီးကျူးခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံနှင့်ရှိနေသည့် ပြဿနာများအားလုံးကို အပြန်အလှန်ဆွေးနွေးမှုများဖြင့်သာ ဖြေရှင်းနိုင်မယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S Jaishankar က ပြောဆိုခဲ့ပါတယ်။ အမေရိကန် သမ္မတ Mr. Donald Trump ရဲ့ Jammu နှင့် Kashmir ပြည်နယ် ပြဿနာ ဖြေရှင်းရေးနှင့်ပတ်သက်ပြီး ပြောဆိုချက်အပေါ် အထက်လွှတ်တော်၌ရှင်းလင်းချိန် Dr. Jaishankar အရ ဝန်ကြီးချုပ် Mr. Narendra Modi က အမေရိကန်သမ္မတအား ဒီလိုတောင်းဆိုချက်မပြုခဲ့ဟု ပြောဆိုခဲ့ပါတယ်။ အစ္စလာမာဘတ်အစိုးရနှင့်ရှိသော ပြဿနာအားလုံးတို့ကို ပြန်လည်ဆွေးနွေးမှုများဖြင့်သာ ဖြေရှင်းလိုတယ်လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။ ပါကစ္စတန်က နယ်စပ်ဖြတ်ကျော်လာသော အကြမ်းဖက်မှုကို ရပ်တန့်ပြီး အိမ်နီးချင်း ၂ နိုင်ငံစလုံးတို့ Shimla သဘောတူညီချက်နှင့် Lahore ကြေညာစာတမ်းများကို အခြေစိုက်ပြီး အပြန်အလှန် ပြဿနာ ဖြေရှင်းနိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ Mr. Donald Trump ရဲ့ ထုတ်ပြန်ကြေညာချက်အပေါ် ဝန်ကြီးချုပ် Mr. Modi က ကြေညာချက်တစ်ခု ထုတ်ပြန်သင့်တယ်လို့ အတိုက်အခံ လွှတ်တော်အဖွဲ့ဝင်များက အောက်လွှတ်တော်တွင် အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

Kashmir ပြဿနာဖြေရှင်းရေးတွင် ကြားဝင်နိုင်ငံ ပါဝင်ပတ်သက်မှုမလိုကြောင်း ကာကွယ်ရေးဝန်ကြီး Mr. Rajnath Singh က ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့သောလက Osaka မြို့၌ အိန္ဒိယဝန်ကြီးချုပ် Mr. Narendra Modi က အမေရိကန်သမ္မတ Mr. Donald Trump နှင့် တွေ့ဆုံခဲ့ချိန် Kashmir ပြဿနာအကြောင်း မပါဝင်ခဲ့ဟု နိုင်ငံခြားရေးဝန်ကြီး Mr. S Jaishankar က လွှတ်တော်၌ ရှင်းလင်းချက်တင်သွင်းခဲ့တယ်လို့ Mr. Singh က အောက်လွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။ ပါကစ္စတန်နှင့် ဆွေးနွေးမှုများပြုလုပ်တိုင်း Kashmir ပြဿနာက ပါကစ္စတန်သိမ်းပိုက်ထားသော Kashmir အကြောင်းလည်းပါဝင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးက ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ကွန်ဂရက်ဦးဆောင်သော အတိုက်အခံ ပါတီဝင်အမတ်များရဲ့ဆန့်ကျင်မှုများကြားကပင် အောက်လွှတ်တော်က ၂၀၁၉ ခုနှစ်ဆိုင်ရာ မတရားအသင်း လှုပ်ရှားမှုများ (ကာကွယ်ခြင်း) ပြင်ဆင်ချက်မူကြမ်းကို အတည်ပြုခဲ့ပါတယ်။ အကယ်၍ လူတစ်ဦးက အကြမ်းဖက်ဝါဒ လုပ်ရပ်များ၌ တိုက်ရိုက်ပါဝင်မှု သို့မဟုတ် အကြမ်းဖက်လှုပ်ရှားမှု၌ သွယ်ဝိုက်ပါဝင်ခဲ့လျှင် အဆိုပါဥပဒေနှင့် အစိုးရက ၎င်းတို့ကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်နိုင်ဖို့ အာဏာပေးလိမ့်မယ်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Mr. Amit Shah က ပြောဆိုခဲ့ပါတယ်။ အဆိုပါဥပဒေက NIA ခေါ် အမျိုးသား စုံစမ်းရေး အေဂျင်စီ အမှုတစ်ခုကို စုံစမ်းစစ်ဆေးသည့်အခါ ၎င်းနှင့်သက်ဆိုင်သော ပစ္စည်းဥစ္စာများကို ပိုင်ဆိုင်ခွင့်ပေးလိမ့်မယ်ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်၊ ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုမှ ကာကွယ်စောင့်ရှောက်ရေး (ပြင်ဆင်ချက်) ဥပဒေမူကြမ်းကို အထက်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ ပစ်မှုများကျူးလွန်သူများအဖို့ သေဒဏ်ပြဋ္ဌာန်းခြင်းနှင့် ပစ်ဒဏ်ကာလ တိုးမြှင့်ခြင်း စသောအချက်များကို ဒီမူကြမ်းထဲ ပါဝင်စေခဲ့ပါတယ်။ တရားရုံးများ၌ ကျန်ရစ်နေသောအမှုများကို လျှင်မြန်စွာ အဆုံးသတ်စေရန် မြန်ဆန်စွာ အမှုစီရင်စစ်ဆေးရေး တရားရုံး ၁၀၂၃ ခု ဖွင့်လှစ်ရန် အစိုးရက ခွင့်ပြုခဲ့ပါတယ်လို့ အမျိုးသမီးနှင့် ကလေးသူငယ် ဖွံ့ဖြိုးရေးဝန်ကြီး မစ် Smriti Zubin Irani က အဆိုပါမူကြမ်းအပေါ် ဆွေးနွေးငြင်းခုန် စာပြန်ချိန်မှာ ပြောဆိုခဲ့ပါတယ်… စသဖြင့် ဆောင်းပါးရှင် V. Mohan Rao ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ရှင်။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”