အများသိထားပြီးဖြစ်တဲ့ အဖြစ်မှန်ကို ပါကစ္စတန်နိုင်ငံက ဝန်ခံလိုက်ခြင်း

သောတရှင်များခင်ဗျား၊ ဒီနေ့သတင်းဝေဖန်ချက်အခန်းမှာ၊ အများသိထားပြီးဖြစ်တဲ့ အဖြစ်မှန်ကို ပါကစ္စတန်နိုင်ငံက ဝန်ခံလိုက်ခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ AIR ရဲ့ ခွဲခြမ်းစိတ်ဖြာလေ့လာသူ Kaushik Roy ရေးသားပေးပို့ထားတဲ့ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။
သောတရှင်များခင်ဗျား၊ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan က၊ ပါကစ္စတန်နိုင်ငံမှာ အကြမ်းဖက်ဝါဒီစခန်းပေါင်း ၄၀ နဲ့ ဂိုဏ်းပေါင်းစုံ အကြမ်းဖက်သမားစုစုပေါင်း ၄၀၀၀၀ လောက်ရှိနေကြောင်း ဝန်ခံပြောကြားလိုက်ပါပြီ။ Imran Khan ရဲ့ ဒီဝန်ခံချက်ဟာ ၎င်း ဝါရှင်တန်သို့ ပထမအကြိမ် တရားဝင်သွားရောက်စဉ် ထွက်ပေါ်လာခဲ့တာပါ။ ယခင် Islamabad အစိုးရအဆက်ဆက်တို့ဟာ ဒီအဖြစ်မှန်အကြောင်း အမေရိကန်ပြည်ထောင်စုကို အသိပေးခြင်းမရှိခဲ့ဘူးလို့လဲ သူကပြောပါတယ်။
ပါကစ္စတန်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကြမ်းဖက်ဝါဒနှိမ်နှင်းရေးတိုက်ပွဲမှာ ဝင်ရောက်ဆင်နွှဲခဲ့ပါတယ်လို့ Mr Khan က ပြောပါတယ်။ ပါကစ္စတန်ဟာ 9/11 အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဘယ်လိုမှပတ်သက်ခြင်းမရှိဘူးလို့လဲ သူကမှတ်ချက်ချပါတယ်။ Al- Qaeda ဂိုဏ်းဟာ Afghanistan နိုင်ငံမှာရှိနေခဲ့တာပါလို့ ဆိုပါတယ်။ ပါကစ္စတန်မှာ Taliban စစ်သွေးကြွတွေမရှိခဲ့ပါဘူးလို့လဲ သူကပြောပါတယ်။ ဒါတောင်မှဘဲ ပါကစ္စတန်ဟာ အမေရိကန်တို့ဆင်နွှဲတဲ့စစ်ပွဲမှာ ပူးပေါင်းဆင်နွှဲခဲ့ကြောင်း Imran Khan က ဆက်ပြောပါတယ်။ ကံမကောင်းအကြောင်းမလှစွာဘဲ အခြေအနေယိုယွင်းသွားတော့ သူကိုယ်တိုင် ပါကစ္စတန်အစိုးရကို အပြစ်တင်ခဲ့ကြောင်း၊ ပါကစ္စတန်အစိုးရဟာ တကယ်တန်းမြေပြင်မှာဖြစ်ပျက်နေတာကို အမေရိကန်တို့ထံ အတိအကျအသိမပေးခဲ့ဘူးလို့လဲ သူကပြောပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ကွန်ဂရက်လွှတ်တော်၊ ပါကစ္စတန်ရေးရာအုပ်စုရဲ့ ဥက္ကဋ္ဌ လွှတ်တော်အမတ် Sheila Jackson Lee က တည်ခင်းတဲ့ဧည့်ခံပွဲမှာ Imran Khan က ဒီလိုပြောသွားတာဖြစ်ပါတယ်။ Washington DC မြို့တော်သို့ သုံးရက်ကြာသွားရောက်တဲ့ခရီးစဉ်အတွင်း၊ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ကြီးက ကျင်းပတဲ့အခမ်းအနားတခုမှာလဲ ပါကစ္စတန်နိုင်ငံမှာ စစ်သွေးကြွအင်အား ၃၀၀၀၀ မှ ၄၀၀၀၀ အထိရှိနေကြောင်း၊ ဒီစစ်သွေးကြွတွေကို အာဖဂန်နစ္စတန်နိုင်ငံရဲ့ နယ်မြေအချို့မှာ၎င်း၊ Kashmir ပြည်နယ်မှာ၎င်း၊ တိုက်ပွဲဝင်ဘို့ လေ့ကျင့်သင်တန်းပေးထားတာဖြစ်ကြောင်း၊ Imran Khan က ထုတ်ဖေါ်ပြောကြားပြန်ပါတယ်။ 
ပါကစ္စတန်ဝန်ကြီးချုပ်ရဲ့ ဒီပြောကြားချက်တွေဟာ အတိအလင်း ဝန်ခံခြင်းဘဲဖြစ်ကြောင်း အိန္ဒိယက မှတ်ချက်ချပါတယ်။ ဒီလိုဝန်ခံပြီးတဲ့နောက်၊ Islamabad အနေနဲ့ အကြမ်းဖက်သမားတွေကို တကယ်ရိုးဖြောင့်စွာ ပြန်ပြီးနောက်မဆုတ်တမ်း နှိမ်နှင်းဘို့အချိန်ရောက်ပြီဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက ပြောပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဒုတိယသမ္မတ Mr M Venkaiah Naidu က၊ ကျွန်တော်တို့ရဲ့အိမ်နီးချင်းနိုင်ငံအပါအဝင် နိုင်ငံအချို့တို့အတွက် အကြမ်းဖက်ဝါဒကို အားပေးမှုဟာ နိုင်ငံတော်မူဝါဒတခုဖြစ်လာခဲ့ပြီလို့ ပြောပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့မြေပေါ်မှာ အကြမ်းဖက်သမားထောင်ပေါင်းများစွာရှိနေကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ရဲ့ပြောကြားချက်ကို သွယ်ဝိုက်စွာရည်ညွှန်းပြီး အိန္ဒိယဒုတိယသမ္မတက ဒီလိုမှတ်ချက်ချတာဖြစ်ပါတယ်။
တကယ်တန်းပြောရရင်၊ Washington မှာ ပါကစ္စတန်ဝန်ကြီးချုပ် ထုတ်ဖေါ်ပြောကြားတဲ့ အကြောင်းအရာကို တကမ္ဘာလုံးက သိရှိထားပြီးဖြစ်ပါတယ်။ Mr Khan က၊ ဒီလိုဝန်ခံပြောကြားပေမဲ့၊ သူ့ရဲ့အစိုးရအနေနဲ့ ဒီအကြမ်းဖက်သမား ၄၀၀၀၀ လောက်ကို ဘယ်လိုအရေးယူမယ်လို့တော့ ပြောကြားခြင်းမရှိပါဘူး။ ဒါက ပါကစ္စတန်နိုင်ငံဟာ ကမ္ဘာကိုဆက်ပြီး လှည့်စားနေခြင်းသာဖြစ်နေကြောင်း သက်သေပြပါတယ်။
ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ဝါဒရံပုံငွေထောက်ပံ့ခြင်းကို စောင့်ကြောင့်ကာ အရေးယူတဲ့ FATF အဖွဲ့ထံ ပါကစ္စတန်ကတင်ပြထားတဲ့ အကြမ်းဖက်သမားဦးရေထက်၊ အခု Mr Khan ထုတ်ဖေါ်ပြောကြားတဲ့ အကြမ်းဖက်သမားဦးရေက သိသိသာသာ ပိုများကြောင်း သုတေသီများက ပြောကြပါတယ်။ FATF အဖွဲ့ကချပေးထားတဲ့ အစီအစဉ်အတိုင်း ပါကစ္စတန်နိုင်ငံက ပေးထားတဲ့ကတိကို လိုက်နာဘို့ ပျက်ကွက်မယ်ဆိုရင်၊ ဒီနိုင်ငံဟာ အောက်တိုဘာလမှာ အမဲရောင်စာရင်း အသွင်းခံရမဲ့ကိန်းဆိုက်သွားနိုင်ပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ အကြမ်းဖက်ဝါဒနှိမ်နှင်းရေး အက်ဥပဒေ၊ နောက်ဆက်တွဲအမှတ် ၄ က၊ ပိတ်ပင်တားမြစ်ထားသောအဖွဲ့အစည်းများအကြောင်း အသေးစိတ်ဖေါ်ပြရာမှာ၊ တက်ကြွသောစစ်သွေးကြွ ၈၀၀၀ သာရှိတယ်လို့ဆိုပါတယ်။
Mr Khan ရဲ့ ထုတ်ဖေါ်ပြောကြားချက်ကြောင့် FATF အဖွဲ့က ချမှတ်ထားသော အစီအစဉ်အတိုင်း ပါကစ္စတန်နိုင်ငံ လိုက်နာဆောင်ရွက်ရာမှာ တကယ်တန်းထိရောက်မှုရှိမရှိ မေးခွန်းထုတ်စရာရှိလာကြောင်း၊ အိန္ဒိယလိုနိုင်ငံတွေက၊ FATF မှာ ဒီအကြောင်းကို တင်လာနိုင်ကြောင်း ပါကစ္စတန်နိုင်ငံက သုတေသီတဦးက ယူဆပါတယ်။ Mr Khan အကြမ်းဖက်ဝါဒနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ်ပြောကြားခြင်းအားဖြင့် အငြင်းပွားစရာဖြစ်လာခဲ့တာ၊ ဒါပထမအကြိမ်မဟုတ်ပါဘူး။ ဒီနှစ်ဧပြီလမှာ Mr Khan အီရန်နိုင်ငံသမ္မတ Rouhani နဲ့ တီဟီရန်မြို့တော်မှာ တွေ့ဆုံစဉ်၊ အီရန်နိုင်ငံကိုဆန့်ကျင်တဲ့ အကြမ်းဖက်ဝါဒီအုပ်စုတွေ ပါကစ္စတန်ရဲ့ပိုင်နက်နယ်မြေကနေ လှုပ်ရှားနေကြကြောင်း ပြောကြားခဲ့ပါတယ်။ ဒီလိုပြောလို့ Mr Khan ၊ ပါလီမန်လွှတ်တော်မှာ ပြစ်တင်ဝေဖန်တာ ခံခဲ့ရပါတယ်။
ပါကစ္စတန်နိုင်ငံနဲ့ ဆက်ဆံရာမှာ ချော့တခါချောက်တလှည့်လုပ်လာတဲ့ Trump အစိုးရရဲ့ မူဝါဒ မအောင်မြင်ပါဘူး။ မနှစ်ကဆိုရင်၊ ပါကစ္စတန်နိုင်ငံကို နှစ်စဉ်ပေးလာခဲ့တဲ့ ဒေါ်လာ ၁.၃ ဘီလီယံတန် အရပ်ဖက်နဲ့ စစ်ရေးအထောက်အပံ့ကို Trump အစိုးရ ရပ်ဆိုင်းလိုက်လို့ အမေရိကန်-ပါကစ္စတန်နှစ်နိုင်ငံဆက်ဆံရေး ထိုးကျသွားခဲ့ပါတယ်။ သို့သော် အခုမကြာခင်က သွားရောက်ခဲ့သော Imran Khan ရဲ့ အမေရိကန်ခရီးစဉ်အတွင်း Washington ရဲ့ သဘောထားပြောင်းလဲလာတာကို အထင်အရှားတွေ့နိုင်ပါတယ်။ တကယ်တော့ Afghan Taliban အုပ်စုနဲ့ သဘောတူညီချက်တရပ်ရဘို့ စိတ်စောနေတဲ့ အမေရိကန်ပြည်ထောင်စုဟာ အခု Islamabad နဲ့ ချော့ပေါင်းလာပြန်ပါတယ်။ Afghan Taliban ကို ပါကစ္စတန်စစ်တပ်က ထိန်းချုပ်ထားတယ်ဆိုတာ၊ သမ္မတ Trump ကောင်းကောင်းသိပါတယ်။ 
အမေရိကန်နဲ့ Taliban တွေ့ဆုံဆွေးနွေးမှုကို ပါကစ္စတန်က ကူညီစီစဉ်ပေးနေပါတယ်။ Kabul မှာ Islamabad က ဩဇာအကြီးမားဆုံးကဏ္ဍက ပါဝင်လှုပ်ရှားချင်ပါတယ်။ ပါကစ္စတန်ရဲ့ကစားကွက်က Washington ရဲ့ မိတ်ဆွေအသွင်နဲ့ Afghanistan မှ အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းနိုင်ရေးကို အထောက်အကူပြုပြီး၊ အဲဒီနောက် Afghan နိုင်ငံရေးမှာ မိမိဩဇာနာခံမဲ့အစိုးရမျိုးကိုတင်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ပါကစ္စတန်ရဲ့ ဒီကစားကွက်ဟာ၊ တောင်အာရှဒေသနဲ့ အိမ်နီးချင်းဒေသနယ်မြေတွေရဲ့ လုံခြုံရေးအပေါ် ဆိုးဝါးစွာ ဂယက်ရိုက်နိုင်ကြောင်း ဆောင်းပါးရှင် Kaushik Roy ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြအစီရင်ခံလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”