တပတ်အတွင်း ပါလီမန်ရေးရာ

သောတရှင်များခင်ဗျာ ဒီနေ့ သတင်းဝေဖန်ချက်အခန်းမှာ သတင်းစာဆရာ V. Mohan Rao ရေးသားပေးပို့တဲ့ တပတ်အတွင်း ပါလီမန်ရေးရာကို ဖတ်ကြားအစီရင် ခံပါရစေ။
သောတရှင်များခင်ဗျာ၊ နိုင်ငံတကာ တရားရုံး (ICJ) ရဲ့ စီရင်ချက် ထွက်ပေါ်လာပြီးတဲ့နောက် အိန္ဒိယနိုင်ငံသား Kulbhushan Jadhav ကို ပြန်လွှတ်ပေးပြီး အိန္ဒိယနိုင်ငံသို့ပြန်ပို့ဖို့ ပြည်ပရေးရာဝန်ကြီး Dr. S Jaishankar က ပါကစ္စတန်ကို တောင်းဆိုလိုက်ပါတယ်။ သူက ပါလီမန်လွှတ်တော် ၂ ရပ်စလုံးမှာ ဒီအကြောင်းကို ကြေညာခဲ့ပါတယ်။ နိုင်ငံတကာ တရားရုံးရဲ့ စီရင်ချက်ဟာ အိန္ဒိယနိုင်ငံနှင့် Kulbhushan တို့ရဲ့ ရပ်တည်ချက်တွေကို အတည်ပြုလိုက်ရုံသာမကဘဲ၊ တရားဥပဒေနှင့်အညီ အုပ်ချုပ်ရေးနှင့် နိုင်ငံတကာ စာချုပ်စာတမ်းများအပေါ် ယုံကြည်သက်ဝင်ကြသူများရဲ့ ရပ်တည်ချက်ကိုပါ အတည်ပြုလိုက်တာဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။ Jadhav ဟာ သူ့အပေါ်စွဲဆိုထားတဲ့ ပစ်မှုမှန်သမျှမှ ကင်းစင်သူဖြစ်ကြောင်း သူ့အတွက် ဥပဒေအကျိုးဆောင်ပုဂ္ဂိုလ် ထားရှိပေးခြင်းမရှိရုံသာမက တရားဥပဒေအရ မှန်ကန်တဲ့ လုပ်ထုံးလုပ်နည်းတွေလည်း လိုက်နာခြင်းမရှိဘဲ အတင်းအဓမ္မ ဖြောင့်ချက်ဆိုတာကို ရယူခဲ့လင့်ကစား အဖြစ်မှန်ကိုတော့ ဖုံးကွယ်လို့မရကြောင်း Dr. Jaishankar က ပြောပါတယ်။ ပါကစ္စတန်နိုင်ငံဟာ ကောင်စစ်ဝန် ဆက်ဆံရေးဆိုင်ရာ ဗီယင်နာ သဘောတူညီချက်အရ လိုက်နာဖို့တာဝန်ရှိသော သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များကိုလည်း ချိုးဖောက်ခဲ့တယ်လို့ နိုင်ငံတကာတရားရုံးက ဖော်ပြခဲ့ကြောင်း ပြည်ပရေးရာဝန်ကြီးက ပြောပါတယ်။ သူ့မှာ ဘယ်လိုရပိုင်ခွင့်တွေ ရှိတယ်ဆိုတာ Jadhav ကို နောက်ထပ်အချိန်မဆိုင်းဘဲ အသိပေးဖို့၊ နောက်ပြီး အိန္ဒိယအစိုးရကို သူနှင့် ကောင်စစ်ဝန်ဆိုင်ရာ ဆက်သွယ်ခွင့်ပေးဖို့ ပါကစ္စတန်နိုင်ငံမှာတာဝန်ရှိကြောင်း နိုင်ငံတကာ တရားရုံးက ကြေညာထားပြီးဖြစ်တယ်လို့ Dr. Jaishankar က ပြောပါတယ်။
သောတရှင်များခင်ဗျာ ၂၀၁၉ ခုနှစ် အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA) ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပါလီမန်က အတည်ပြုလိုက်ပါပြီ။ အောက်လွှတ်တော်က အတည်ပြုပြီးဖြစ်တဲ့ ဒီပြင်ဆင်ချက် ဥပဒေမူကြမ်းကို အထက်လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ပြင်ပမှာနေထိုင်ရောက်ရှိနေသော အိန္ဒိယနိုင်ငံသားများအပေါ်သော်လည်းကောင်း၊ အိန္ဒိယနိုင်ငံရဲ့ ပိုင်ဆိုင်မှုများအပေါ်သော်လည်းကောင်း ကျူးလွန်တဲ့ အထူးသတ်မှတ်ထားသော ပစ်မှုတွေအပေါ် စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီရဲ့ လုပ်ပိုင်ခွင့်အာဏာကို တိုးချဲ့ပေးဖို့ ဒီပြင်ဆင်ချက်ဥပဒေမူကြမ်းက ရည်ရွယ်တာဖြစ်ပါတယ်။ ဒီနောက်ဆုံးပြုလုပ်လိုက်တဲ့ ဥပဒေပြင်ဆင်ချက်ရဲ့ ကျေးဇူးကြောင့် အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီအနေနှင့် လူမှောင်ခိုကူးခြင်း၊ ငွေစက္ကူအတု ရိုက်နှိပ်ဖြန့်ဝေခြင်း၊ ပိတ်ပင်တားမြစ်ထားသော လက်နက်များ ထုတ်လုပ်ခြင်း သို့မဟုတ် ရောင်းချခြင်း၊ Cyber အကြမ်းဖက်ဝါဒနှင့် ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေအရ တားမြစ်သော ပစ်မှုများကျူးလွန်ခြင်းတို့ကိုပါ စုံစမ်းစစ်ဆေးနိုင်တော့မှာဖြစ်ပါတယ်။ နောက်ပြီး လူမှောင်ခိုကူးမှုနှင့် Cyber အကြမ်းဖက်ဝါဒတို့လို အထူးသတ်မှတ်ထားသော ပစ်မှုများကို ကြားနာစစ်ဆေးဖို့ အထူးတရားရုံးများကိုလည်း ဖွင့်လှစ်နိုင်တော့မှာ ဖြစ်ပါတယ်။ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး Amit Shah က မေးခွန်း ၁ ခုကို ပြန်လည်ဖြေကြားရာမှာ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီအနေနှင့် နိုင်ငံခြားမှာ နေထိုင်ရောက်ရှိနေကြသော အိန္ဒိယ နိုင်ငံသားများအပေါ်သော်လည်းကောင်း၊ အိန္ဒိယနိုင်ငံရဲ့ အကျိုးစီးပွားအပေါ်သော်လည်းကောင်း ကျူးလွန်တဲ့ အကြမ်းဖက်ဝါဒနှင့်သက်ဆိုင်တဲ့ အမှုတွေကို စုံစမ်းစစ်ဆေးနိုင်တော့မှာဖြစ်ကြောင်း လွှတ်တော်ကို အာမခံ ပြောကြားပါတယ်။
ပါလီမန် အထက်လွှတ်တော်က ၂၀၁၉ ခုနှစ်၊ နယူးဒေလီ နိုင်ငံတကာ အဆုံးအဖြတ်ပေးရေး ဗဟိုဌာန ဥပဒေမူကြမ်းကိုလည်း အတည်ပြုခဲ့ပါတယ်။ အဲဒီဥပဒေမူကြမ်းကို အောက်လွှတ်တော်က အတည်ပြုပြီးဖြစ်ပါတယ်။ ဒီဥပဒေမူကြမ်းက နိုင်ငံတကာနှင့်သက်ဆိုင်သော ဆုံးဖြတ်ချက်များ ချမှတ်ရေးအတွက် လွတ်လပ်သော အဖွဲ့အစည်း ၁ ရပ် ဖန်တီးဖို့ရည်ရွယ်ချက်နှင့် နယူးဒေလီ နိုင်ငံတကာ အဆုံးအဖြတ်ပေးရေး ဗဟိုဌာနနှင့် ဆက်စပ် ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။
အောက်လွှတ်တော်က ၂၀၁၉ ခုနှစ်၊ ဘဏ္ဍာရေး ဥပဒေမူကြမ်းကိုလည်း အတည်ပြုခဲ့ပါတယ်။ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွက် ဗဟိုအစိုးရက တင်ပြခဲ့သော အဆိုပြုချက်များကို ဒီဥပဒေမူကြမ်းက လက်တွေ့ အကောင်အထည်ဖော်ခွင့်ပေးမှာ ဖြစ်ပါတယ်။ အခွန်အကောက်ဆိုင်ရာ အက်ဥပဒေများမှာ ပြင်ဆင်မှုများပြုလုပ်ဖို့ အဆိုပြုခဲ့တဲ့အပေါ် ဘဏ္ဍာရေးဝန်ကြီး Nirmala Sitharaman က ရှင်းပြရာမှာ အဲဒီပြင်ဆင်ချက်တွေက အိန္ဒိယနိုင်ငံမှာထုတ်လုပ်ရေး လမ်းစဉ်ကိုလည်းကောင်း၊ ဆန်းသစ်သော စီးပွားရေးလုပ်ငန်းများ ထူထောင်ရေးကိုလည်းကောင်း၊ အားပေးမှာဖြစ်ကြောင်း ပြောကြားပါတယ်။
ကာကွယ်ရေးဝန်ကြီး Rajnath Singh က အိန္ဒိယနှင့် တရုတ် ၂ နိုင်ငံတို့ဟာ နယ်စပ်တလျှောက် ငြိမ်းချမ်းတည်ငြိမ်ရေးကို အာမခံဖို့အတွက် မိမိတို့အကျိုးတူ ချုပ်ဆိုထားသော သဘောတူညီချက်တွေကို လေးစားလိုက်နာလျှက်ရှိကြောင်း အောက်လွှတ်တော်ကိုပြောပါတယ်။ ကွန်ဂရက် ပါတီဝင်အမတ် ၁ ဦးက ဒီလ ၆ ရက်နေ့မှာ ကျရောက်ခဲ့သော ဘုန်းတော်ကြီး Dalai Lama ရဲ့ မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ဖို့ တရုတ်နိုင်ငံသားအချို့ ထိန်းချုပ်ရေးမျဉ်းကြောင်းကိုဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံဘက်က Demchok နယ်မြေထဲ ဝင်ရောက်ခဲ့ကြောင်း ပြောကြားတာကို Mr. Rajnath Singh က ပြန်လည်ဖြေကြားရာမှာ အိန္ဒိယနှင့် တရုတ် ၂ နိုင်ငံ တပ်မတော်တို့ Doklam နယ်မြေမှာ အစွမ်းကုန် ချုပ်တည်းခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။ ပြည်ထဲရေး လက်ထောက်ဝန်ကြီး Nityanand Rai က အစိုးရဟာ ပြည်တွင်းသို့ တရားမဝင် ခိုးဝင်မှုများကိုထိန်းချုပ်ဖို့ အရေးယူဆောင်ရွက်မှုများစွာ ပြုလုပ်ထားကြောင်း စာဖြင့်ရေးသားဖြေကြားခဲ့ပါတယ်။ အဲဒီ အရေးယူဆောင်ရွက်ချက်တွေထဲမှာ နိုင်ငံတကာ နယ်နိမိတ်တလျှောက် နယ်စပ်ခြံစည်းရုံးကာရံတာနှင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေ ပိုမိုနိုးကြားစွာ သတိထား စောင့်ကြည့်တာတွေ ပါဝင်ပါတယ်။

ပြည်ပရေးရာဝန်ကြီးဌာန လက်ထောက်ဝန်ကြီး V. Muraleedharan က အိန္ဒိယအစိုးရရဲ့ မနားမနေကြိုးစားမှုကြောင့် ပါကစ္စတန်နိုင်ငံမှ ၂၀၁၄ ခုနှစ်ကစပြီး ငါးဖမ်းလုပ်သားများအပါအဝင် အိန္ဒိယအကျဉ်းသား စုစုပေါင်း ၂၁၁၀ လွတ်မြောက်ကာ ပြည်တော်ပြန်လာနိုင်ခဲ့ကြကြောင်း အောက်လွှတ်တော်ကိုပြောပါတယ်။ နောက်မေးခွန်း ၁ ခုကိုဖြေကြားရာမှာ ၎င်းက အိန္ဒိယနိုင်ငံဟာ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလကစပြီး ၂၀၂၁-၂၂ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင် ဖြစ်လာရေးအတွက် ၁ ခုတည်းသော အာရှ-ပစိဖိတ် ကိုယ်စားပြု အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်လောင်းနေရာ ရရှိရေးလိုလားကြောင်း ကြေညာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်၊ ဇွန်လမှာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်အုပ်စုက ၂၀၂၁-၂၂ အမြဲတမ်းမဟုတ်သော လုံခြုံရေး ကောင်စီအဖွဲ့ဝင်နေရာအတွက် အိန္ဒိယရဲ့ အဖွဲ့ဝင်လောင်းအဖြစ်ကို အတည်ပြု ထောက်ခံခဲ့ပါတယ်။ နယူးယောက်မြို့မှာ ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ၂၀၂၁-၂၂ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ကြောင်း တပတ်အတွင်း ပါလီမန်ရေးရာကို ဖတ်ကြား အစီရင်ခံလိုက်ရပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”