အိန္ဒိယ-ဥဇဘက်ကစ္စတန် လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်မှု တောင့်တင်းခိုင်မာစေလိုက်ခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အာရှအလယ်ပိုင်းဒေသရေးရာ မဟာဗျူဟာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Athar Zafar ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-ဥဇဘက်ကစ္စတန် လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်မှု တောင့်တင်းခိုင်မာစေလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ အိန္ဒိယ-ဥဇဘက်ကစ္စတန် ပူးတွဲလုပ်ငန်းဘောင်အဖွဲ့ရဲ့ အဋ္ဌမအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို နယူးဒေလီမြို့မှာပြုလုပ်ခဲ့ပြီး အဲဒီမှာ ၂ နိုင်ငံစလုံးတို့မှ ထိပ်တန်းအရာရှိတွေ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ အရာရှိတွေဟာ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒနှင့် ဒေသပိုင်းအသီးသီးတို့အပြင် ကမ္ဘာ့အစိတ်အပိုင်း အသီးသီးတို့မှ အကြမ်းဖက်သမားအုပ်စု လှုပ်ရှားမှုတွေကြောင့်ပေါ်ပေါက်နေတဲ့ အန္တရာယ် အလားအတာတွေကို ဆန်းစစ်ခဲ့ကြပြီး အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး၊ အစွန်းရောက်မှု အာရုံပြုရေး၊ အကြမ်းဖက်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှု ဆန့်ကျင်ရေး၊ အကြမ်းဖက်သမား ရည်ရွယ်ချက်ဖြင့် အင်တာနက်အသုံးပြုမှု ကာကွယ်ရေးနှင့် နိုင်ငံရပ်ခြားမှ အကြမ်းသမား တိုက်ခိုက်ရေးသမားတွေ ပြန်လာမှုနှင့်အတူ ကိုင်တွယ်ဖြေရှင်းသွားဖို့ နည်းလမ်းရှာဖွေရေးတို့မှာ စိန်ခေါ်ချက်တွေနှင့်ပတ်သက်ပြီး ထင်မြင်ချက်တွေကို ဖလှယ်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲအတွင်း ကုလသမဂ္ဂ၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း SCO ရဲ့ ဒေသပိုင်းဆိုင်ရာ အကြမ်းဖက်သမား ဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့အစည်း SCO-RATS နှင့် တရားမဝင် ငွေကြေးလွှဲပြောင်းသိမ်းဆည်းမှုနှင့် အကြမ်းဖက်ဝါဒ ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ဥရောပ-အာရှ စပ်ကြားဒေသပိုင်း အဖွဲ့အစည်း EAG တို့အပါအဝင် နိုင်ငံများစွာပါဝင်တဲ့ အဖွဲ့အစည်းတွေမှာ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံဟာ ၂၀၁၇ ခုနှစ်ကတည်းက SCO အဖွဲ့အစည်းရဲ့ အပြည့်အဝ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး SCO ရဲ့ ၁၉ ကြိမ်မြောက် ထိပ်သီးညီလာခံကိုတော့ ပြီးခဲ့တဲ့လက ကာဂျစ္စတန်နိုင်ငံ၊ Bishkek မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဝန်ကြီးချုပ် Mr. Narendra Modi က အဲဒီ SCO ညီလာခံကို တက်ရောက်ခဲ့ပြီး RATS အဖွဲ့အစည်းရဲ့စွမ်းရည်ကို အကြမ်းဖက်ဝါဒ ကင်းရှင်းရေးအတွက် ထိရောက်စွာ စူးစမ်း လေ့လာသွားရမယ်လို့ ဖော်ပြခဲ့ပါတယ်။

လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ အိန္ဒိယနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့ဟာ နိုင်ငံရေးနှင့် စီးပွားရေးရာ စေ့စပ်လုပ်ဆောင်မှုတွေကိုလည်း တိုးမြှင့်လိုက်ကြပါတယ်။ ၂ နိုင်ငံတို့ဟာ ယဉ်ကျေးမှု အမိုင်းအစဉ်အလာ ကူးလူးဆက်နွယ်မှုတွေ လွန်ခဲ့တဲ့နှစ် ထောင်ပေါင်းများစွာကတည်းက ရှိလာခဲ့တာဖြစ်ပါတယ်။ လက်ရှိအားဖြင့် ၂ နိုင်ငံတို့ဟာ စီးပွားရေးရာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့အားကောင်းစေရေးအတွက် လုပ်ဆောင်နေကြပါတယ်။ အဆင့်အမြင့်ဆုံး နိုင်ငံရေးအဆင့်တွေမှာလည်း ပုံမှန် ဆွေးနွေးမှုတွေ ရှိနေခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ဝန်ကြီးချုပ် Mr. Modi ဟာ ၎င်းရဲ့ အာရှအလယ်ပိုင်းဒေသ ခရီးစဉ်အတွင်း ဥဇဘက်ကစ္စတန်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Mr. Shavkat Mirziyoyev ကလည်း ၂ နိုင်ငံဆိုင်ရာနှင့် ဒေသပိုင်းအဆင့်တွေမှာ ပူးပေါင်းမှုတိုးမြှင့်သွားဖို့အတွက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှာ အိန္ဒိယနိုင်ငံကို ၂ ကြိမ် လာရောက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့ကနေ အောက်တိုဘာလ ၁ ရက်နေ့အထိ ၁ ကြိမ်နှင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်းက တိုးတက်အားကောင်းတဲ့ Gujarat ပြည်နယ်ဆိုင်ရာ ညီလာခံတက်ရောက်ဖို့အတွက် ၁ ကြိမ် လာရောက်ခဲ့ပါတယ်။ ဥဇဘက်ကစ္စတန် သမ္မတဟာ အဲဒီအခမ်းအနားကို အလွန်အင်အားကောင်းတဲ့ ကိုယ်စားလှယ်အဖွဲ့ ၁ ဖွဲ့နှင့်အတူ တက်ရောက်ခဲ့ပြီး အခမ်းအနား ကြားကာလတွေမှာ ဝန်ကြီးချုပ်ကိုလည်း တွေ့ဆုံခဲ့ပါတယ်။

ဥဇဘက်ကစ္စတန်နိုင်ငံဟာ ဒီနိုင်ငံရဲ့ တည်ရှိမှုပိုင်း ပထဝီအနေအထားကြောင့် အာရှအလယ်ပိုင်းဒေသအတွင်း အရေးပါတဲ့ နေရာမှာရှိနေပြီး လူဦးရေ ၃၃ သန်းရှိမှုနှင့်အတူ အဲဒီဒေသပိုင်းမှာ အမြင့်မားဆုံးဖြစ်ပါတယ်။ အာရှဗဟိုဒေသဟာ ကုန်းတွင်းပိတ်ဒေသဖြစ်ပြီး ဒီဒေသရဲ့ အလယ်မှာရှိနေတယ်ဆိုပေမယ့် အခြားသော ဒေသပိုင်းနိုင်ငံတွေအပြင် အာဖကန်နစ္စတန် နိုင်ငံတို့နှင့် နယ်မြေထိစပ်နေတဲ့ ၁ ခုတည်းသောနိုင်ငံဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ အိန္ဒိယနိုင်ငံရဲ့ မဟာဗျူဟာ မိတ်ဆွေနိုင်ငံဖြစ်ပြီး အာရှအလယ်ပိုင်းဒေသနှင့်အတူ နယူးဒေလီအစိုးရရဲ့ ဆက်ဆံရေးတွေအတွက် အရေးပါလှပါတယ်။ အိန္ဒိယနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့ဟာ အာဖကန်နစ္စတန်နိုင်ငံအတွင်း ငြိမ်းချမ်းတည်ငြိမ်မှုရှိရေးအတွက် အာရုံပြုခြင်းအားဖြင့် ဒေသပိုင်း ၁ ခုလုံးရဲ့ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အတွက် အရေးပါတယ်လို့ ယူဆထားကြပါတယ်။ ဒီနိုင်ငံဟာ ယခုနှစ် ဇန်နဝါရီလအတွင်းက Samarqand မြို့မှာ နိုင်ငံခြားရေး ဝန်ကြီးများအဆင့်မှာ အိန္ဒိယ-အာရှ အလယ်ပိုင်းဒေသ ဆွေးနွေးပွဲဆိုင်ရာ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တဲ့ ပထမဆုံးသောနိုင်ငံ ဖြစ်လာခဲ့ပါတယ်။

တည်ငြိမ်တဲ့ နိုင်ငံရေးရာ ဆက်ဆံရေးတွေအပြင် နယ်ပယ်ကဏ္ဍအသီးသီးတို့မှာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့နေကြပေမယ့် ၂ နိုင်ငံကြား ကုန်သွယ်ရေးဟာ တကယ်တမ်းရှိရမယ့်စွမ်းရည်အောက် လျော့နည်းနေပါသေးတယ်။ အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြချက်အရ ၂၀၁၈-၁၉ ခုနှစ်အတွင်း ကုန်သွယ်ရေးဟာ အမေရိကန်ဒေါ်လာ ၃၂၈.၁၄ သန်း ရှိနေပါတယ်။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်အတွင်း ကုန်သွယ်ရေးတွေ လျင်မြန်စွာ တိုးတက်ခဲ့ပြီး ယခင်နှစ်တွေကနှင့် နှိုင်းကြည့်မယ်ဆိုရင် ၂၀၁၈-၁၉ ခုနှစ်မှာ ကုန်သွယ်ရေး ၄၀% နှင့် ၂၀၁၇-၁၈ ခုနှစ်မှာ ၅၀% တိုးတက်ခဲ့တာဟာ အပြုသဘောဆောင် တိုးတက်မှုဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ဥဇဘက်ကစ္စတန်နိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချေးမဖို့ ကြေညာထားပြီး ၂ နိုင်ငံအကြား စီးပွားရေးစွမ်းရည် အများအပြားရှိနေပါတယ်။ ဒီနိုင်ငံဟာ အထူး စီးပွားရေး ဇုံနယ်မြေတွေ၊ သတင်းပြန်ကြားရေး နည်းပညာ၊ ပညာရေး၊ ဆေးဝါး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ စီးပွားရေးနှင့် ခရီးသွားလာရေးကဏ္ဍတွေမှာ အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုတွေ ထားရှိဖို့အတွက် လုပ်ဆောင်လျှက်ရှိပါတယ်။ ၂ နိုင်ငံစီးပွားရေး အခြေအနေတွေဟာ ကုန်းကြောင်း သို့မဟုတ် ရေကြောင်းကနေ အာရှအလယ်ပိုင်းဒေသကို တိုက်ရိုက်လမ်းပန်းဆက်သွယ်မှုမရှိတာကြောင့် ထင်သလောက် ခရီးမပေါက် ဖြစ်နေပါတယ်။ အိန္ဒိယနိုင်ငံဟာ ဥဇဘက်ကစ္စတန်၊ Turkmenistan၊ အိုမန်နှင့် အီရန်နိုင်ငံတို့အကြား Ashgabat ခေါ် ထပ်ဆင့် သယ်ယူပို့ဆောင်ရေး လမ်းမသဘောတူညီချက်မှာ ပါဝင်ခဲ့ပါတယ်။ INSTC ခေါ် နိုင်ငံတကာ မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသ သယ်ယူပို့ဆောင်ရေး လမ်းမဟာလည်း အာဖကန်နစ္စတန်နှင့် အာရှ အလယ်ပိုင်းဒေသတို့နှင့်အတူ အိန္ဒိယနိုင်ငံရဲ့ လမ်းပန်းဆက်သွယ်မှုရရှိစေတဲ့ နောက်ထပ် နိုင်ငံအများအပြားပါရှိရာ အစပျိုးလုပ်ဆောင်မှုပဲ ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Athar Zafar ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”