“အိန္ဒိယဝန်ကြီးချုပ်ရဲ့ Kyrgyzstan နိုင်ငံသို့ အလည်အပါတ်ခရီးစဉ်”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Indrani Talukdar ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယဝန်ကြီးချုပ်ရဲ့ Kyrgyzstan နိုင်ငံသို့ အလည်အပါတ်ခရီးစဉ်” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

ဝန်ကြီးချုပ် Mr Narendra Modi ဟာ ဒုတိယအကြိမ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြောက်ခံရပြီးနောက် Kyrgyzstan နိုင်ငံမြို့တော် Bishkek သို့ ဇွန်လ ၁၃ ရက်နဲ့ ၁၄ ရက်နေ့အထိ အလည်အပါတ်သွားရောက်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ Kyrgyzstan နိုင်ငံသမ္မတ Mr Sooronbay Jeenbekov နဲ့ နှစ်နိုင်ငံ အပြန်အလှန်တွေ့ဆုံဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ပြီး၊ Shanghai Cooperation Organisation (SCO) ညီလာခံကိုလည်း တက်ရောက်ခဲ့ပါတယ်။ Kyrgyzstan နိုင်ငံသမ္မတဟာ လက်ရှိကာလမှာ SCO ရဲ့ သဘာပတိဖြစ်ပါတယ်။

ဝန်ကြီးချုပ် Mr Modi ရဲ့ Kyrgyzstan နိုင်ငံသမ္မတ Mr Jeenbekov တို့ရဲ့တွေ့ဆုံပွဲကို ထူးကဲပြီး၊ နည်းဗျူဟာကျတယ်လို့ တင်စားနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုရရင် ဒီခေါင်းဆောင်နှစ်ဦးတို့ဟာ အချိန်ကာလ (၁၀) ရက်အတွင်း ပြန်လည်တွေ့ဆုံကြလို့ဘဲဖြစ်ပါတယ်။ သမ္မတ Mr Jeenbekov ဟာ လွန်ခဲ့တဲ့ မေလ (၃၀) ရက်နေ့၊ ဝန်ကြီးချုပ် Mr Modi ရဲ့ ကျမ်းသစ္စာကျန်ဆိုပွဲကို တက်ရောက်ခဲ့ပါတယ်။

SCO ထိပ်သီးညီလာခံသို့ တက်ရောက်ဘို့ Bishkek မြို့သို့ ခရီးစဉ်မှာ ဝန်ကြီးချုပ် Mr Modi ဟာ သမ္မတ Mr Jeenbekov နဲ့အတူ ဇွန်လ (၁၄) ရက်နေ့မှာ ပထမအကြိမ် အိန္ဒိယ-Kyrgyz ရောင်းဝယ်ဖောက်ကားရေး Forum အစည်းအဝေးပွဲကို တက်ရောက်ခဲ့ကြပါတယ်။ ဒီအစည်းအဝေးပွဲကို အောင်မြင်ပြီး၊ ထူးကဲလှတယ်လို့ ယူဆကြပါတယ်။

အိန္ဒိယနဲ့ Kyrgyzstan နိုင်ငံတို့ဟာ အခွန်နှစ်ထပ်ကွမ်းရှောင်ရှားရေး သဘောတူစာချုပ် (DTAA) နဲ့ အပြန်အလှန်ရင်းနှီးမြှပ်နှံရေး သဘောတူစာချုပ်တွေကို အပြီးပြတ်ရေးဆွဲလိမ့်မယ်ဖြစ်ပါတယ်။ အဆိုပါစာချုပ်တွေဟာ အပြန်အလှန်ကုန်သွယ်ရေးအတွက် မှန်ကန်သင့်လျော်တဲ့ အခြေအနေတခု ဖန်တီးရာမှာ အထောက်အကူပြုလိမ့်မယ်ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဟာ ၂၀၁၆-၂၀၁၇ ခုနှစ်များမှာ အမေရိကန်ဒေါ်လာပေါင်း (၂၄.၉၆) သန်းမျှ ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှ Kyrgyzstan နိုင်ငံသို့ တင်ပို့ရောင်းချမှုဟာ အမေရိကန်ဒေါ်လာပေါင်း (၂၂.၆၆) သန်းခန့်ရှိပြီး၊ Kyrgyzstan နိုင်ငံမှ တင်ပို့မှုဟာ ဒေါ်လာပေါင်း (၂.၃၂) သန်းမျှသာရှိပါတယ်။ နှစ်နိုင်ငံစလုံးတို့ဟာ ဒီပမာဏကို တိုးမြှင့်ဘို့လိုအပ်တာကို သဘောပေါက်နားလည်ကြပါတယ်။ ခေါင်းဆောင်နှစ်ဦးတို့ဟာ အီရန်နိုင်ငံ Chabahar ဆိပ်ကမ်းကြောင့် ကုန်သွယ်ရေး ဆက်နွယ်မှုကို တိုးတက်စေမှာကို ယုံကြည်တဲ့အလျောက် အဲဒီဆိပ်ကမ်းမှတဆင့် ကုန်ကူးခြင်းအားဖြင့် အိန္ဒိယနဲ့ Kyrgyzstan တို့အကြား ကုန်သွယ်ရေးတိုးမြှင့်လာလိမ့်မယ်လို့ ယူဆကြပါတယ်။ အဆိုပါသဘောတူစာချုပ်ဟာ နှစ်နိုင်ငံစလုံးမှ ရင်းနှီးမြှပ်နှံကြသူတို့အတွက် ကာကွယ်စောင့်ရှောက်မှုလည်း ပေးကမ်းလိမ့်မယ်ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Mr Modi ရဲ့ဖော်ပြချက်အရ အိန္ဒိယနိုင်ငံက Kyrgyzstan နိုင်ငံမှာ ရင်းနှီးမြှပ်နှံနိုင်တဲ့ နယ်ပယ်တွေဟာ Organic ထုတ်ကုန်များ၊ တောင်ပေါ်ပျားရည်၊ သစ်ကျားစေ့၊ နို့ထွက်ပစ္စည်းတွေ၊ အထည်အလိပ်၊ မီးရထား၊ Hydro Power ၊ မိုင်းတူးဖော်ရေးနဲ့ ဓာတ်သတ္တု စူးစမ်းရှာဖွေရေးတွေဖြစ်တယ်လို့ သိရှိရပါတယ်။ ဝန်ကြီးချုပ်ဟာ Kyrgyzstan စီးပွားရေးသမားတွေကို နုပျိုပြီး၊ ကြီးထွားလာနေတဲ့ အိန္ဒိယဈေးကွက်မှာ ရင်းနှီးမြှပ်နှံဘို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကျွမ်းကျင်ပြီးလုပ်သားထု၊ ရောင်းဝယ်ဖေါက်ကားဘို့လွယ်ကူမှုနဲ့ နှစ်ထပ်ကွမ်း အခွန်ပေးဆောင်မှုရှောင်ရှားရေးအပြင် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုတွေ ထွန်းကားဘို့ရာ အကောင်းဆုံးဆက်နွယ်မှုတွေ ပေးကမ်းလျှက်ရှိပါတယ်။

အိန္ဒိယနိုင်ငံဟာ အာရှအလယ်ပိုင်း (၅) နိုင်ငံစလုံးတို့နဲ့ ချစ်ကြည်ရင်းနှီးလျှက်ရှိပြီး၊ ဒီနိုင်ငံအားလုံးတို့ကို အပြန်အလှန်ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုတွေမှတဆင့် အိန္ဒိယနိုင်ငံရဲ့ ကြီးပွားတိုးတက်မှုရဲ့ တစိတ်တပိုင်းဖြစ်စေလိုပါတယ်။ အိန္ဒိယနိုင်ငံအတွက် အာရှအလယ်ပိုင်းရဲ့ အရေးပါပုံကို ယခုနှစ် Bishkek မြို့မှာကျင်းပခဲ့တဲ့ “Namaskar Eurasia” ကုန်သွယ်ရေးပြပွဲနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် Mr Modi ရဲ့ မိန့်ခွန်းက ဖေါ်ပြနေပါတယ်။ Kyrgyzstan အပါအဝင် ဒီ (၅) နိုင်ငံတို့ရဲ့ Eurasian Economic Union မှာ ပါဝင်ဖြစ်ရေးက အိန္ဒိယနိုင်ငံအတွက် အရေးပါလှပါတယ်။

အိန္ဒိယနဲ့ Kyrgyzstan နိုင်ငံတို့ဟာ သဘောတူစာချုပ် (၁၅) ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီစာချုပ်တွေထဲမှာ ကာကွယ်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံမှုနဲ့ကျန်းမာရေးနယ်ပယ်တွေ ပါဝင်ပါတယ်။ အိန္ဒိယနိုင်ငံဟာ Kyrgyzstan နိုင်ငံအတွင်း ဖွံ့ဖြိုးရေးပရိုဂျက်တွေအတွက် ထောက်ပံ့ကူညီတဲ့အနေနဲ့ ချေးမငွေအဖြစ် ဒေါ်လာပေါင်း သန်း (၂၀၀) ပေးကမ်းဘို့ ကြေငြာခဲ့ပါတယ်။ နှစ်နိုင်ငံတို့ဟာ ၂၀၂၁ ခုနှစ်ကို ယဉ်ကျေးမှုနဲ့ ချစ်ကြည်ရင်းနှီးမှုနေ့အဖြစ် ကျင်းပဘို့ သဘောတူခဲ့ကြပါတယ်။

ဒါကြောင့် ဝန်ကြီးချုပ် Mr Modi ရဲ့ Kyrgyzstan နိုင်ငံသို့ခရီးစဉ်က အောင်မြင်ပြီး၊ သီးပွင့်ဝေဆာခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးတို့အတွက် တွေ့ဆုံဆွေးနွေးပွဲတွေမှာ သဘောတူစာချုပ်အားလုံးတို့ကို အကောင်အထည်ဖော်ရေးက အလွန်အရေးကြီးပါလိမ့်မယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Indrani Talukdar ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”