“ရာသီဥတုဖေါက်ပြန်မှု၏ ဆိုးကျိုးများကို ကုစားရန်အချိန်တန်ပြီ”

သောတရှင်များခင်ဗျား၊ ဒီနေ့ သတင်းဝေဖန်ချက် အခန်းမှာ “ရာသီဥတုဖေါက်ပြန်မှု၏ ဆိုးကျိုးများကို ကုစားရန်အချိန်တန်ပြီ” ဆိုတဲ့ခေါင်းစဉ်နဲ့ အိန္ဒိယသိပ္ပံဂျာနယ် အမှုဆောင်အယ်ဒီတာ N. Bhadran Nair ရေးသားပေးပို့တဲ့ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။
အခုတလောရရှိနေတဲ့သတင်းများက အိန္ဒိယနိုင်ငံအပါအဝင် ဒေသနယ်မြေများစွာတို့မှာ အပူဒဏ်ကို အလူးအလိမ့်ခံစားနေတယ်လို့ဆိုပါတယ်။ အိန္ဒိယနိုင်ငံ ရာဂျစတန်ပြည်နယ် Churu မြို့မှာဆိုရင် အပူချိန် ၅၀ံ တောင် ကျော်သွားပါပြီ။ အခုအပူရှိန်မှ အတန်ငယ်သက်သာရာရတဲ့နေရာအချို့ရှိပေမဲ့ နေရာအတော်များများမှာတော့ အပူရှိန်မြင့်မားနေဆဲပါဘဲ။ အိန္ဒိယနိုင်ငံရဲ့ နေရာအချို့မှာ အပူရှိန်လှိုင်း ကြွတက်တာ မဆန်းပေမဲ့၊ မကြာသေးခင်နှစ်များအတွင်း၊ ရာသီဥတုဖေါက်ပြန်မှုကြောင့်၊ အပူချိန်မြင့်မားပုံနဲ့ အပူရှိန် ပြင်းထန်တဲ့ အချိန်ကာလကြာမြင့်ပုံတို့မှာ ပြောင်းလဲမှုတွေ ရှိလာခဲ့ပါတယ်။
လူသားတို့ရဲ့လက်ချက်ကြောင့် ဖြစ်ပေါ်ရတဲ့ ရာသီဥတုဖေါက်ပြန်မှုကြောင့် တိရိစ္ဆာန်မျိုးစိတ်ပေါင်း တသန်းအထိ အမျိုးတုံးလိမ့်မယ်လို့ ဩစတြေးလျားနိုင်ငံမှ ရာသီဥတုပုံမှန်ဖြစ်အောင် ပြန်လည်ကုစားရေး အမျိုးသားဗဟိုဌာနက ဟောကိန်းထုတ်ထားပါတယ်။ အဲဒီဟောကိန်းဟာ အစိုးရိမ်ကြီးသလိုထင်ရပေမဲ့၊ အဲဒီအန္တရာယ် တကယ်ရှိနေပြီဆိုတာ မငြင်းနိုင်သလို၊ ကျရောက်မဲ့အချိန်ဟာလည်း နီးကပ်နေပါပြီ။
ကမ္ဘာမြေပြင်မှ အပူဓါတ် အာကာသသို့ ဖြာထွက်လွင့်ပျံတာကို လေထုထဲရောက်ရှိနေတဲ့ ဖန်လုံအိမ်ဓါတ်ငွေ့အချို့က ပိတ်ဆို့နေလို့ ကမ္ဘာကြီးအပူအကျဉ်းကျသလို ဖြစ်ရာက၊ ရာသီဥတုဖေါက်ပြန်လာပြီး မိုးလေဝသ ကပြောင်းကပြန်ဖြစ်လာရတာပါဘဲ။ ရေခိုးရေငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုက်(ဒ) မီသိန်း၊ နိုက်ထရပ်အောက်ဆိုက်(ဒ)နဲ့ ကလိုရိုဖလူရိုကာဗွန်ဆိုတဲ့ ဓါတ်ငွေ့တွေက ဖန်လုံအိမ်ဓါတ်ငွေ့ကို ဖြစ်ပေါ်စေတယ်လို့ အမေရိကန်ပြည်ထောင်စု အမျိုးသားလေကြောင်းနှင့် အာကာသအုပ်ချုပ်ရေးအဖွဲ့ NASA က ပြောပါတယ်။ ဒီဖန်လုံအိမ်ဓါတ်ငွေ့ရဲ့ ပိတ်ဆို့မှုကြောင့် အပူငွေ့မလွတ်မြောက်နိုင်ဘဲဖြစ်ရာကနေ ရာသီဥတု ဖေါက်ပြန်လာရတာပါဘဲ။
နိုင်ငံပေါင်းစုံက သိပ္ပံပညာရှင်ပေါင်း ၁၃၀၀ ကျော်ပါဝင်တဲ့၊ IPCC ခေါ် ရာသီဥတုဖေါက်ပြန်မှုဆိုင်ရာ အစိုးရပေါင်းစုံကော်မီတီက၊ လာမည့်နှစ်ပေါင်း ၁၀၀ အတွင်း လက်ရှိအပူချိန်ကနေ ၂.၅ ဒီဂရီ ဖါရင်ဟိုက်မှ ၁၀ ဒီဂရီ ဖါရင်ဟိုက်အထိ မြင့်တက်သွားလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ ရာသီဥတုဖေါက်ပြန်မှုရဲ့ ဒဏ် တနေရာနဲ့ တနေရာ ခြားနားမှုရှိနိုင်သလို ရာသီဥတုဖေါက်ပြန်မှုဒဏ်ကို ကုစားနိုင်စွမ်းနဲ့အလိုက်သင့်ပြောင်းလဲနိုင်စွမ်းလဲ တနေရာနဲ့တနေရာ တူမှာမဟုတ်ပါဘူး။ ၁၉၉၀ ပြည့်နှစ်မှာရှိခဲ့သော ကမ္ဘာ့ပျမ်းမျှအပူချိန်ထက် ၁.၈ ဒီဂရီ ဖါရင်ဟိုက်၊ တနည်းအားဖြင့် ၁ ဒီဂရီ စင်တီဂရိတ်ကနေ ၃ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာရင်၊ အချို့သောဒေသနယ်မြေတွေအတွက် ကောင်းကျိုးဖြစ်နိုင်သလို တချို့သောနယ်မြေဒေသတွေမှာ ဆိုးကျိုးသက်ရောက်နိုင်ကြောင်း IPCC က ဟောကိန်းထုတ်ပါတယ်။
အိန္ဒိယနိုင်ငံဆိုရင် ရာသီဥတုဖေါက်ပြန်မှုရဲ့ဒဏ်ကိုစပြီး ခံစားနေရပါပြီ။ အပူရှိန်ပိုပြီးမြင့်မားလာခဲ့ပြီးဖြစ်သလို ပူပြင်းတဲ့ကာလ ပိုပြီးကြာရှည်လာပြီး၊ အပူဒဏ်သင့်တဲ့ နယ်မြေဟာလဲပိုပြီး ကျယ်ပြန့်လာပါတယ်။ မုခ်သုံရာသီလေ ဘယ်တော့စတင်ဝင်ရောက်တိုက်ခတ်ပြီး မိုးရာသီဘယ်တော့စမယ်ဆိုတာ ခန့်မှန်းရခက်လာတာကြောင့် ဂျုံ အစရှိတဲ့ ကောက်ပဲသီးနှံစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာလို့ စားနပ်ရိက္ခာဖူလုံမှုနဲ့ အသက်မွေးဝမ်းကျောင်းဖို့အတွက် စိုးရိမ်စရာဖြစ်လာပါတယ်။ ဆောင်းရာသီမှာ အပူချိန် ပုံမှန်ထက် ဒဿမငါးဒီဂရီ စင်တီဂရိတ် ပိုမြင့်မားလာရင်၊ ဂျုံ ထွက်မြောက်မှုမှာ တစ်ဟက်တာကို ၀.၄၅ တန်အထိ လျော့ကျသွားနိုင်ပါတယ်။ အိန္ဒိယနိုင်ငံမှာ အခုလက်ရှိ ဂျုံထွက်မြောက်မှုဟာ တစ်ဟက်တာကို ၂.၆ တန်ဖြစ်ပါတယ်။
အပူချိန်မြင့်မားလာမှုရဲ့ နောက်အကျိုးဆက်တခုကတော့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းပါဘဲ။ မြင့်လာတဲ့ ပင်လယ်ရေမျက်နှာ်ပြင်ကြောင့် ကမ်းရိုးတန်းရေတိုက်စားမှု၊ ရေကြီးရေလျှံမှုတွေဖြစ်သာနိုင်ပါတယ်။ ဂင်္ဂါမြစ်ဝကျွန်းပေါ်နဲပ ဗြဟ္မပုတ္တရ မြစ်ဝကျွန်းပေါ်ဒေသတွေလည်း ထိခိုက်လာနိုင်ပါတယ်။ မြင့်တက်လာတဲ့ ပင်လယ်ရေမျက်နှာက၊ အိန္ဒိယပိုင် Lakshadweep ကျွန်းစုနဲ့ အိမ်နီးချင်း မော်လဒိုက်နိုင်ငံတို့ကို ခြိမ်းချောက်လာနိုင်ပါတယ်။
ရသီဥတုဖေါက်ပြန်ခြင်းဟာ ဒီနေ့ ကျွန်တော်တို့လူသားတွေ ရင်ဆိုင်နေရတဲ့ အရှုပ်အထွေးဆုံး ပြဿနာတခုဖြစ်ပါတယ်။ ရာသီဥတုဖေါက်ပြန်မှုဟာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာကြီးတခုဖြစ်ပြီး၊ ဒီပြဿနာမှာ၊ သိပ္ပံပညာ၊ စီးပွားရေးပညာ၊ လူမှုရေး၊ နိုင်ငံရေး၊ ကိုယ်ကျင့်တရားနဲပ ကျင့်ဝတ်သိက္ခာဆိုပြီး ဘက်အမျိုးရှိပါတယ်။ ဒီကမ္ဘာလုံးဆိုင်ရာပြဿနာကို ဒေသန္တရအဆင့်မှာ ခံစားနေရတာဖြစ်ပြီး လာမဲ့ဆယ်စုနှစ်ပေါင်းများစွာအထိ ရင်ဆိုင်ခံစားနေရပါလိမ့်အုံးမယ်။ ရာသီဥတုဖေါက်ပြန်မှုရဲ့ အကျိုးသက်ရောက်မှုကို ကုစားနိုင်ဘို့ဆိုတာကို  ကျွန်တော်တို့ ရှေ့ဆက်ပြီး ဓါတ်ငွေ့လွှင့်ထုတ်မှု ဘယ်လိုပြုလုပ်မယ်ဆိုတာက ဆုံးဖြတ်မှာဖြစ်ပါတယ်။ နောက်ပြီး ဒီလိုပြုလုပ်မဲ့ ဓါတ်ငွေ့လွှင့်ထုတ်မှုကို ကျွန်တော်တို့ရဲ့ ရာသီဥတုစနစ်က ဘယ်လိုတုံ့ပြန်မယ်ဆိုတာကလည်း ဆုံးဖြတ်မှာဖြစ်ပါတယ်။ ဒီရာသီဥတုဖေါက်ပြန်မှု ကုစားရေးလုပ်ငန်းမှာ မဟာဗျူဟာ ၂ ခုကို တပြိုင်နက် ကျင့်သုံးရမှာဖြစ်ပါတယ်။ တဖက်မှာ၊ ဓါတ်ငွေ့လွှင့်ထုတ်မှုကို လျှော့ချပြီး လေထုထဲ အပူအကျဉ်းကျစေတဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ပမာဏ ထပ်ပြီးမကြီးထွားအောင် ထိန်းပေးရမှာဖြစ်ပါတယ်။ နောက်တဖက်မှာတော့၊ လက်ရှိဖြစ်ပေါ်နေတဲ့ ရာသီဥတုဖေါက်ပြန်မှုအခြေအနေနဲ့ လိုက်ဖက်အောင် အလိုက်သင့်ပြုပြင်ပြောင်းလဲရမှာပါဘဲ။
အိန္ဒိယနိုင်ငံဟာ၊ ရာသီဥတုဖေါက်ပြန်မှုနဲ့ ကမ္ဘာကြီးပူနွေးမှုတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ အစပျိုးကြိုးပမ်းမှုမှာ ခိုင်မှာစွာ ပါဝင်ဆောင်ရွက်နေပါတယ်။ ၂၀၁၅ ခုနှစ်က ပါရီမြို့တော်မှာကျင်းပခဲ့တဲ့ ရာသီဥတုဖေါက်ပြန်မှုဆိုင်ရာ ကုလသမဂ္ဂ ထိပ်သီးညီလာခံမှာ နိုင်ငံအားလုံး၊ ရည်ရွယ်ချက်ကြီးမားစွာနဲ့ ဆောင်ရွက်ရမဲ့ ဒီဘုံကြိုးပမ်းအားထုတ်မှုကြီးမှာ ပါဝင်လာအောင် နှိုးဆော်ခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ ပြင်သစ်နိုင်ငံသမ္မတ Emanuel Macron တို့ ၂ ဦး ပါရီထိပ်သီးညီလာခံမှာ ဦးဆောင်ပြီး၊ နိုင်ငံတကာ နေရောင်ခြည်စွမ်းအင် မဟာမိတ်အဖွဲ့ (ISA) ကို ဖွဲ့စည်းတည်ထောင်ဖို့ အစပျိုးဆောင်ရွက်ခဲ့ပါတယ်။ ISA ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်က၊ ရေနံ၊ ကျောက်မီးသွေး၊ ဓါတ်ငွေ့ အစရှိတဲ့ ဇီဝရုပ်ကြွင်းလောင်စာကို နေရောင်ခြည်စွမ်းအင်နဲ့ အကြီးအကျယ် အစားထိုးအသုံးပြုကြရေး လက်တွဲကြိုးပမ်းကြဘို့ဘဲဖြစ်ပါတယ်။ ဇီဝရုပ်ကြွင်းလောင်စုသုံးစွဲမှုဟာ ရာသီဥတုဖေါက်ပြန်ခြင်းရဲ့ အဓိကအကြောင်းတရားတခုဖြစ်ပါတယ်။
ရာသီဥတုဖေါက်ပြန်ခြင်းဟာ လက်တွေ့ဖြစ်ပေါ်နေတဲ့ အဖြစ်မှန်ကြီးတခုဖြစ်လာပြီဆိုတော့၊ ဒီ့အတွက် နိုင်ငံတွေနဲ့ ပြည်သူတွေအတွက် ဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်ရတော့မဲ့အချိန် ဆိုက်ရောက်လာပါပြီ။ ယခင်တခါမှ မလုပ်ဖူးတဲ့ အရေးယူဆောင်ရွက်မှုမျိုး ပြုလုပ်ကြမလား။ ဒါမှမဟုတ် အချိန်နှောင်းသွားပြီလို့ ယူဆကာ မထူးတော့တဲ့ အတူတူ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ခံစားကြတော့မယ်လို့ဆိုပြီး ငြိမ်နေမလား။ တခုခုကို ဆုံးဖြတ်ကြရတော့မှာပါ။

အချုပ်အားဖြင့် ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်းနဲ့ လူသားထုရဲ့ အသက်ရှင်သန်ရပ်တည်ရေးတို့ကို ကျွန်တော်တို့ရဲ့ ရေတိုစီးပွားရေးအကျိုးအမြတ်က ဖျက်ဆီးမှာကို ခွင့်ပြုဘို့မသင့်ကြောင်း ဆောင်းပါးရှင် N. Bhadran Nair ရဲ့ ဝေဖန်ဖန်သုံးသပ်ချက်ကို တင်ပြအစီရင်ခံလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”