အိန္ဒိယစီးပွားရေးကဏ္ဍသည် အဆင့်သစ်နေရာသို့ ရောက်ရှိရန်ရှိခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR ရေဒီယိုသတင်းဌာနမှ သတင်းများ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယစီးပွားရေးကဏ္ဍသည် အဆင့်သစ်နေရာသို့ ရောက်ရှိရန်ရှိခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ပဥ္စမမြောက် အကြီးမားဆုံး စီးပွားရေးနိုင်ငံဖြစ်လာဖို့အတွက် ဗြိတိန်နိုင်ငံကို ကျော်လွန်သွားလိမ့်မယ်လို့ ခန့်မှန်းထားပြီး ၂၀၂၅ ခုနှစ် အရောက်မှာတော့ အာရှ-ပစိဖိတ်ဒေသအတွင်း ဒုတိယနေရာမှာရှိနေဖို့အတွက် ဂျပန်နိုင်ငံထက် သာလွန်သွားလိမ့်မယ်လို့ မျှော်မှန်းထားကြောင်း လတ်တလော အစီရင်ခံချက် တစ်စောင်မှာ ဖော်ပြထားပါတယ်။ နိုင်ငံတော်ရွေးကောက်ပွဲတွေမှာ ဝန်ကြီးချုပ် Mr. Narendra Modi နှင့် ၎င်းပါတီရဲ့ အနိုင်ရရှိမှုနှင့်ပတ်သက်ပြီး လန်ဒန်မြို့အခြေစိုက် ‘IHS Markit’ အေဂျင်စီအဖွဲ့ရဲ့ အစီရင်ခံချက်ထဲမှာ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် ကာလအတွင်း စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု GDP တန်ဖိုးဖွံ့ဖြိုးမှုဟာ ပျမ်းမျှ ၇% ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားချက်နှင့်အတူ Mr. Modi အစိုးရရဲ့ ဒုတိယအကြိမ် သက်တမ်းကာလအတွက် စီးပွားရေး အလားအလာဟာ “တိုးတက်မှုအလားအလာ” ရှိနေတယ်လို့ သုံးသပ်ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံဟာ စုစုပေါင်း GDP တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ထရီလျံအဆင့်ကို ရောက်ရှိပြီး ဗြိတိန်နိုင်ငံကို ကျော်လွန်လျှက် ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့ပဥ္စမြောက် အကြီးမားဆုံးသော စီးပွားရေးနိုင်ငံကြီးဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၅ ခုနှစ် အရောက်မှာတော့ ဂျပန်နိုင်ငံထက် သာလွန်သွားမှာဖြစ်တယ်လို့ ခန့်မှန်းထားပြီး ဒါဟာဆိုရင် အိန္ဒိယနိုင်ငံကို အာရှ-ပစိဖိတ်ဒေသအတွင်း ဒုတိယမြောက် အကြီးမားဆုံး စီးပွားရေးနိုင်ငံဖြစ်လာလိမ့်မယ်လို့ အစီရင်ခံချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးနိုင်ငံများအဆင့်တွေမှာ ဆက်လက်တိုးတက်နေတာကြောင့် ကမ္ဘာလုံးဆိုင်ရာ GDP ဖွံ့ဖြိုးမှုအတွက် နိုင်ငံရဲ့အချိုးအစားပါဝင်မှု အဟုန်ကလည်း တိုးများသွားမှာဖြစ်သလို အာရှ-ပစိဖိတ်ဒေသပိုင်းအတွင်း အဓိကကျတဲ့ စီးပွားရေးဖွံ့ဖြိုးမှု ယန္တယားနိုင်ငံ ၁ နိုင်ငံအဖြစ် အရေးပါတဲ့ ကဏ္ဍတစ်ရပ်ကနေ ပါဝင်မှုတိုးများသွားမှာဖြစ်တာကြောင့် အာရှတိုက်ရဲ့ ဒေသတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးစီးဆင်းမှုတွေ မောင်းနှင်လည်ပတ်ရာမှာ အထောက်အကူပြုသွားမှာဖြစ်ပါတယ်။

“အိန္ဒိယအစိုးရအတွက် သော့ချက်ကျတဲ့ ပေါ်လစီပိုင်း ဦးစားပေးချက်တစ်ရပ်ဟာ ပြည်သူပိုင်ဘဏ္ဍမှ ဘဏ်တွေမှာ ပြုပြင်မွမ်းမံမှုတွေပြုလုပ်ဖို့နှင့် ၎င်းတို့ရဲ့ ဘဏ်စာရင်းတွေမှာ အလုပ်မဖြစ်တဲ့ ဒါမှမဟုတ် အရှုံးပေါ်နေတဲ့ ချေးငွေဆိုင်ရာ ဝန်ထုတ်ဝန်ပိုးကို လျော့ပါးစေဖို့ ဆက်လက်ပံ့ပိုးကူညီသွားမှာဖြစ်တယ်” လို့ IHS Markit အစီရင်ခံချက်မှာ ဖော်ပြထားပါတယ်။ ကုန်ထုတ်လုပ်မှုကဏ္ဍရဲ့ GDP တန်ဖိုးဟာ မျှော်မှန်းထားတဲ့ ၂၅% အနက် ၁၈% မျှဝေပါဝင်နေဆဲဖြစ်ပြီး ပျမ်းမျှအားဖြင့် အိန္ဒိယနိုင်ငံသာ ၇.၅ သန်း ဝန်းကျင်ခန့်တို့ဟာ လာမယ့် ဆယ်စုနှစ် ၂ ခုအတွင်း လုပ်သားအင်အားထုမှာ ပါဝင်လာကြမယ်လို့ ခန့်မှန်းထားပါတယ်။

၂၀၁၅ ခုနှစ်နှင့် ၂၀၅၀ ခုနှစ်တို့အကြား အိန္ဒိယနိုင်ငံရဲ့ စုစုပေါင်းလူဦးရေ တိုးများလာမှုဟာ သန်း ၃၅၀ ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားပြီး ဒါဟာဆိုရင် အစိုးရအတွက် လျှပ်စစ်ဓာတ်အား၊ သန့်ရှင်းသပ်ရပ်မှုရှိရေး၊ ဈေးသက်သာတဲ့ အိမ်ယာတည်ဆောက်ရေးနှင့် အများပြည်သူ ပို့ဆောင်ဆက်သွယ်ရေးတို့လို ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံတွေ လုံလောက်မှုရှိအောင် လုပ်ဆောင်ပေးရာမှာ ကြီးမားလှတဲ့ ငွေကြေးဆိုင်ရာ စိန်ခေါ်ချက်တွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ အစီရင်ခံချက်မှာ ဖော်ပြထားပါတယ်။ “အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်ရေး” ဗျူဟာမှတဆင့် နိုင်ငံရဲ့ စက်မှုလုပ်ငန်းကဏ္ဍ အသွင်ပြောင်းလဲမှုကို ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့ပြီး GDP တန်ဖိုးအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍရဲ့ တိုးများပါဝင်မှုဟာ ၂၅% ရှိဖို့ မျှော်မှန်းထားသလို ၂၀၁၈ ခုနှစ်က ကုန်ထုတ်လုပ်မှုနယ်ပယ်ရဲ့ GDP တန်ဖိုးပါဝင်မှုဟာ ၁၈% မှာ ရှိနေပါတယ်။

ဝန်ကြီးချုပ် Mr. Modi ရဲ့ ပထမသက်တမ်းကာလအတွင်း အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် လုပ်ဆောင်မှုတွေ အထင်အရှား ရှိခဲ့တယ်ဆိုပေမယ့် သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်ဓာတ်အား အခြေခံ အဆောက်အအုံတို့လိုနှင့် အစိုးရရဲ့ ထိန်းချုပ်မှုစနစ်ဆိုင်ရာ ဝန်ထုတ်ဝန်ပိုး လျော့နည်းစေရေးကဲ့သို့သော အဓိကကျတဲ့ ကဏ္ဍပိုင်းတွေမှာ လူထုအခြေခံ အဆောက်အအုံ အမြန်ဖွံ့ဖြိုးတိုးတက်မှုဟာ အရေးပါတဲ့ ဦးစားပေးချက်တွေအဖြစ် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရ လွယ်ကူမှု အဆင့်ပြဇယားမှာပါဝင်ခဲ့ကြတဲ့ နိုင်ငံပေါင်း ၁၉၀ တို့အနက် အဆင့် ၇၇ နေရာမှာ ရှိခဲ့ပါတယ်။

အိန္ဒိယနိုင်ငံတော် ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိမှုသတင်းဟာ နိုင်ငံအတွက် စီးပွားရေး ပေါ်လစီပိုင်းကို နောက်ထပ် ၅ နှစ်ကာလတလျှောက် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး အစိုးရဟာ နိုင်ငံတော်ကိုအုပ်ချုပ်ရာမှာ အနာဂတ် စီးပွားရေး ပြုပြင်မွမ်းမံမှုတွေအတွက် အရှိန်အဟုန် လျော့ပါးသွားစေနိုင်တဲ့ မညီညွတ်မှုနှင့် ကွဲလွဲမှုအန္တရာယ်မျိုး ရင်ဆိုင်နေရခြင်း မရှိပါဘူး။

လွန်ခဲ့တဲ့ ၅ နှစ်ကာလအတွင်း ဝန်ကြီးချုပ်ရဲ့ ဦးဆောင်မှုအောက်မှ အိန္ဒိယနိုင်ငံဟာ တဖြည်းဖြည်းနှင့် အကျိုးဖြစ်ထွန်းတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်နိုင်ခဲ့ပြီး ယခုရွေးကောက်ပွဲ ရလဒ်တွေဟာ နိုင်ငံတော်ကိုအုပ်ချုပ်ရာမှာ အစိုးရရဲ့ စီးပွားရေးလမ်းကြောင်း မှတ်တမ်းအတွက် အခိုင်အမာ ယုံကြည်မှုမဲတွေကို ရွေးကောက်ပွဲကတဆင့် ပြသလိုက်တာဖြစ်တယ်လို့ IHS Markit အစီရင်ခံချက်မှာ ဆိုထားပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့ကတည်းက အိန္ဒိယနိုင်ငံရဲ့ GDP တန်ဖိုးဟာ ၂၀၁၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၂ ထရီလျံကနေ ၂၀၁၉ ခုနှစ်မှာ ခန့်မှန်းခြေ ၃ ထရီလျံဒေါ်လာအထိ ၅၀% တိုးတက်ခဲ့ပြီး ၅ နှစ်မျှအတွင်း GDP တန်ဖိုးမှာ စုစုပေါင်း အသားတင်အဖြစ် အမေရိကန်ဒေါ်လာ ၁ ထရီလျံ တိုးများလာခဲ့ပါတယ်။

အဓိကကျတဲ့ စီးပွားရေး ပေါ်လစီပိုင်း ပြောင်းလဲချက်တစ်ရပ်ကတော့ ပြည်နယ်အဆင့်တွေမှာ ယခင်က ရှုပ်ထွေးလှပြီး တိုက်ရိုက်မဟုတ်တဲ့ အခွန်ကောက်ယူမှု စနစ်အသီးသီးတို့ကို ဖယ်ရှားလိုက်ပြီး နိုင်ငံအတွင်း သွယ်ဝိုက်အခွန်ကောက်ခံမှုတစ်ခုတည်းဖြစ်စေလျှက် ၂၀၁၇ ခုနှစ်မှာ GST ခေါ် ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ စည်းကြပ်ခွန်စနစ် ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခင်ကအသုံးပြုနေခဲ့တဲ့ အခွန်စနစ်တွေဟာ ပြည်နယ်အသီးသီးတို့ရဲ့ နယ်နိမိတ်တွေအတွင်း ကုန်ပစ္စည်း ဖြန့်ဖြူးပေးပို့ရာမှာ ကုမ္ပဏီတွေအတွက် ပို့ဆောင်စရိတ်စခ ကုန်ကျမှုမြင့်မားခြင်းတို့လို ခရီးရောက်ပြီးမြောက်မှု မရှိတာတွေကို ဖြစ်ပွားစေခဲ့ပါတယ်။ GST စနစ်ဟာ စက်မှုလုပ်ငန်းဆိုင်ရာ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ကောင်းမွန်စေတဲ့အပြင် ပို့ဆောင်စရိတ် အကုန်အကျ လျော့နည်းစေရာမှာလည်း အထောက်အကူပြုသွားမှာဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Padam Singh ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”