တောင်သူလယ်သမားများအတွက် အစိုးရသစ်၏ ထောက်ပံ့ကူညီမှု

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Lekha S Chakraborty ဝေဖန်ရေးသားပေးပို့ထားတဲ့ “တောင်သူလယ်သမားများအတွက် အစိုးရသစ်၏ ထောက်ပံ့ကူညီမှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ဒုတိယအကြိမ် Narendra Modi အစိုးရရဲ့ ကတ်ဘိနက်ဝန်ကြီးများ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲဟာ စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့် တောင်သူလယ်သမားများ ပြုစုစောင့်ရှောက်ရေးနှင့်ပတ်သက်ပြီး အထူးတလည် အာရုံပြုခဲ့ကြပါတယ်။ ကတ်ဘိနက် တွေ့ဆုံဆွေးနွေးပွဲဟာ အိန္ဒိယ တောင်သူလယ်သမား ၁၄၅ သန်းတို့အတွက် နှစ်စဉ် ရူပီးငွေ ၆၀၀၀ အာမခံပေးအပ်ဖို့ ‘Pradhan Mantri Kisan Samman Yojana’ လို့အမည်ပေးထားတဲ့ စီမံကိန်းကြီးကို ဆက်လက်တိုးချဲ့ခဲ့ကြပါတယ်။

လယ်သမားမိသားစု ၁ ကုဋေကျော်တို့အတွက် ရူပီး ၂၀၀၀ စီ ဝင်ငွေပံ့ပိုးပေးသွားဖို့ နောက်ထပ် ဆုံးဖြတ်ချက်တစ်ရပ်ကိုလည်း ချမှတ်ခဲ့ပါတယ်။ “အသေးစားနှင့် သာမန် တောင်သူတွေကို ဝင်ငွေထောက်ပံ့ပေးဖို့အတွက် အစိုးရဟာ (PM-KISAN) ခေါ် Pradhan Mantri Samman Nidhi Yojana စီမံကိန်းကို ချမှတ်လုပ်ဆောင်နေတယ်” လို့ ဗဟိုအစိုးရ စိုက်ပျိုးမွေးမြူရေးဝန်ကြီးက ဖော်ပြခဲ့ပါတယ်။ ဒါဟာ ၂၀၁၉ ခုနှစ် အောက်လွှတ်တော် ရွေးကောက်ပွဲတွေမတိုင်မီ ယခုနှစ် အစောပိုင်းက နှစ်စဉ် ရင်းနှီးမြှုပ်နှံငွေ ကုဋေ ၇၅၀၀၀ ပမာဏနှင့်အတူ Gorakhpur မြို့မှာ စတင်ခဲ့တဲ့အစီအစဉ်ရဲ့ တိုးချဲ့စီမံကိန်းတစ်ရပ်ဖြစ်ပါတယ်။

PM-KISAN စီမံကိန်းဟာ ငွေကြေးတွေကို တောင်သူလယ်သမားတွေရဲ့ ဘဏ်စာရင်းထဲကို ထည့်သွင်းပေးသွားမှာဖြစ်တာကြောင့် ငွေကြေးဆိုင်ရာ ဘက်စုံစီမံကိန်းတစ်ရပ်ဖြစ်ပြီး အဲဒီစီမံကိန်းကို ကနဦးအားဖြင့် ၂၀၁၉-၂၀ ဘတ်ဂျက်အတည်ပြုနိုင်ရေး ဆွေးနွေးခဲ့စဉ်က ကြေညာခဲ့တာဖြစ်ကာ လယ်မြေ ၅ ဧကနီးပါးပိုင်ဆိုင်ထားတဲ့ အသေးစားနှင့် သာမန် တောင်သူလယ်သမား သန်း ၁၂၀ တို့ဟာ နှစ်စဉ်နှစ်တိုင်း ရူပီးငွေ ၆၀၀၀ ကို ၃ ကြိမ်ခွဲပြီး ရရှိကြမှာဖြစ်ပါတယ်။

အသေးစားနှင့် သာမန်လယ်သမားတွေ ဘဏ်လုပ်ငန်းစနစ် သုံးစွဲနိုင်ရေးဟာ လုံလောက်မှုမရှိသေးတာကြောင့် လယ်ယာစိုက်ပျိုးစရိတ် ချေးမငွေကဲ့သို့ အစီအစဉ်တွေဟာ အဲဒီတောင်သူတွေအတွက် အကျိုးဖြစ်ထွန်းမှု အနည်းငယ်မျှသာရှိနေပြီး ဒီချေးမငွေတွေကလည်း အိန္ဒိယနိုင်ငံ ပြည်နယ်အစိုးရတွေရဲ့ ဘဏ္ဍာငွေကြေးကို ဆိုးကျိုးသက်ရောက် သွားနိုင်ပါတယ်။ PM-KISAN စီမံကိန်းဟာ ဆန်စပါး၊ ဥယျာဉ်ခြံစိုက်ပျိုးမှု၊ ဆီထွက်သီးနှံ၊ ဝါဂွမ်းနှင့် ကြံစိုက်ပျိုး ထုတ်လုပ်မှုအများအပြားအတွက် ရောင်းချဈေးနှုန်းနိမ့်ပါးမှုကြောင့်ဖြစ်ပေါ်လာတဲ့ ပူပင်မှုသောကကို များစွာလျော့နည်းစေမှာဖြစ်ပါတယ်။

ပေါ်လစီပိုင်းမှာလည်း “အာမခံပေးထားတဲ့ အလုပ်အကိုင်” ကနေ “ဝင်ငွေ အာမခံချက်” အဖြစ် လတ်တလော ပြောင်းလဲမှုတစ်ရပ် ရှိနေပါတယ်။ ဝင်ငွေအာမခံချက်ဟာ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ ပြဿနာတွေဖြေရှင်းဖို့အတွက် ရေရှည်လုပ်ဆောင်ချက်တစ်ရပ် မဟုတ်ပေမယ့် အသေးစားနှင့် သာမန် တောင်သူတွေအပါအဝင် လူ့ဘောင်အဖွဲ့အစည်းအတွက် ဂုဏ်သိက္ခာနှင့် လုပ်ပိုင်ခွင့် ပေးအပ်သွားနိုင်မှာဖြစ်ပါတယ်။

စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ကူးပြောင်း အထောက်အကူဖြစ်စေဖို့အတွက် ဒီကဏ္ဍအတွင်း စုစုပေါင်း ဘဏ္ဍာငွေ ပေးသွင်းမှုစနစ် တိုးတက်ဖို့ လိုအပ်ပါတယ်။ ၅ နှစ်အတွင်းမှာ တောင်သူလယ်သမားတွေရဲ့ ဝင်ငွေ ၂ ဆတိုးတက်နိုင်ဖို့ဆိုရင် စိုက်ပျိုးမွေးမြူရေးကဏ္ဍဟာ ၁၄-၁၅% ဝန်းကျင် တိုးတက်ရမှာဖြစ်တယ်လို့ ခန့်မှန်းတွက်ချက်မှုတွေမှာ ပြသလျှက်ရှိပြီး လယ်ယာမြေစိုက်ပျိုးမှုဟာ မုတ်သုန်မိုးရွာသွန်းမှုအပေါ် မီခိုနေရဆဲဖြစ်တာကြောင့် ဆည်မြောင်းရေပေးသွင်းမှုစနစ် တိုးတက်ရေးဟာ အလွန်အရေးကြီးပါတယ်။

ကတ်ဘိနက် တွေ့ဆုံဆွေးနွေးမှု ကတိပြုချက်နှင့် စီမံကိန်းဆိုင်ရာ ငွေကြေးခွဲဝေ ပံ့ပိုးမှုတွေမှာ ပြောင်းလဲမှုရှိမရှိအပေါ် နားလည်သိရှိဖို့အတွက် အစိုးရဟာ ဂရုတစိုက်နှင့် ခွဲခြမ်းစိတ်ဖြာသွားမယ်လို့ မျှော်လင့်ရပါတယ်။ နိုင်ငံအနည်းငယ်မျှအတွင်းမှာသာ “ဘဏ္ဍာရေး ကောင်စီ” လို့အမည်ရတဲ့ ဌာနတစ်ရပ်က စီမံကိန်းဆိုင်ရာ ဘတ်ဂျက်လျာထားချက်နှင့် ပကတိ အသုံးစရိတ်တို့အကြား ပြောင်းလဲကွာခြားချက်တွေကို အသေအချာ သုံးသပ်စစ်ဆေးမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ ရင်းမြစ်နှင့် ရလဒ် ကွင်းဆက်ချိတ်မိဖို့နှင့် PM-KISAN စီမံကိန်းကြီး ထိရောက်မှုရှိစေဖို့ဆိုရင် ဘတ်ဂျက်လျာထားချက်နှင့် အမှန်တကယ် အသုံးစရိတ်တို့အကြား ကွဲပြားမှုရှိမရှိ ခွဲခြားသုံးသပ်မှုက အလွန်အရေးပါလှပါတယ်။

ဒီစီမံကိန်း အထမြောက်စေဖို့အတွက် ငွေကြေးဆိုင်ရာ ရရှိနိုင်မှုအလားအလာနှင့်ပတ်သက်ပြီး စီးပွားရေးပညာရှင်တွေက စိုးရိမ်မကင်းဖြစ်နေကြပါတယ်။ ဒီစီမံကိန်း ဘတ်ဂျက်ကို မဆိုင်းမတွ ဆောင်ရွက်မှုနှင့်အတူ ဘဏ္ဍာရေးဝန်ကြီး မစ္စစ် Nirmala Sitaraman က တင်သွင်းသွားမှာဖြစ်ပြီး ငွေကြေးအလုံအလောက် ခွဲဝေသတ်မှတ်မှုနှင့်အတူ နောက်ထပ် ရှင်းလင်း အတည်ပြုသွားမှာဖြစ်ပါတယ်။

PM KisanSammanYojana စီမံကိန်းကို ဗဟိုအစိုးရက အပြည့်အဝ ငွေကြေး ပေးအပ်ထားတာဖြစ်ပါတယ်။ ဗဟိုနှင့် ပြည်နယ်အစိုးရတို့ဟာ ဘဏ္ဍာရေး လိုအပ်ချက်တွေ ဘုံတူညီနေကြတဲ့ ပူးပေါင်းလုပ်ဆောင်မှုအခြေအနေမျိုးမှာ ဒီစီမံကိန်းကို ထပ်မံ ရေးဆွဲသွားမလား ဒါမှမဟုတ် ဘယ်လိုအချိုးချသွားမလဲ ဆိုတာကတော့ လာမယ့်နေ့ရက်တွေမှာ တွေ့မြင်သွားရမှာဖြစ်ပါတယ်။ ပြည်နယ်များစွာတို့ကလည်း ၎င်းတို့ရဲ့ တောင်သူလယ်သမား စောင့်ရှောက်ရေးစီမံကိန်း အသီးသီးတို့ကို ချမှတ်သွားကြမယ်လို့ မျှော်လင့်ရပါတယ်။

ဒါဟာ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ စုပေါင်းကြိုးပမ်းကြပါစို့ ဆိုတဲ့ဆောင်ပုဒ်ကိုမီးမောင်းထိုးလျှက် ဝန်ကြီးချုပ် Mr. Modi ရဲ့ ဘယ်သူတစ်ဦးတစ်ယောက်မျှ နောက်ကျ မကျန်ခဲ့ရေး ပေါ်လစီ လမ်းစဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Lekha S Chakraborty ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”