“အင်ဒို-အမေရိကန် တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်တည်ရှိနေခြင်း”


သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ JNU တက္ကသိုလ် အမေရိကန်ရေးရာ လေ့လာရေးဗဟိုဌာန၊ ဥက္ကဌ ဆောင်းပါးရှင် ပါမောက္ခ Chintamani Mahapatra ဝေဖန်ရေးသားပေးပို့ထားတဲ့ “အင်ဒို-အမေရိကန် တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်တည်ရှိနေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး Mr Mike Pompeo ရဲ့ Delhi မြို့သို့ အလည်အပါတ်ခရီးစဉ်နဲ့ ၎င်းရဲ့ဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတော်လုံခြုံရေး အကြံပေးအရာရှိတို့နဲ့ တွေ့ဆုံပွဲတွေဟာ အလွန်ဘဲ ထူးကဲလှပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံတို့အကြား အပြန်အလှန်သဘောထားကွဲလွှဲမှုတွေဟာ အခွန်နဲ့ ကုန်သွယ်ရေး၊ အီရန်နိုင်ငံအပေါ် ဒါဏ်ခတ်ပိတ်ဆို့မှု၊ အိန္ဒိယကုန်ပစ္စည်းတွေအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ အထူးသက်သာကင်းလွှတ်ခွင့်ပေးထားဒါကို ရုပ်သိမ်းခြင်း၊ အိန္ဒိယနည်းပညာရှင်တွေအတွက် H1B Visa ၊ Venezuela နိုင်ငံနဲ့ စွမ်းအင်ကုန်သွယ်မှုနဲ့ ရုရှားနိုင်ငံထံမှ လက်နက်တွေဝယ်ယူမှု စတဲ့နယ်ပယ်တွေမှာ တည်ရှိနေပြီး၊ တချို့သောဖိအားတွေကို ဖန်တီးစေခဲ့ကာ၊ နှစ်နိုင်ငံတို့မှခေါင်းဆောင်တွေအကြား တိုက်ရိုက်ဆွေးနွေးပွဲတွေ ပြုလုပ်ဘို့ လိုအပ်စေခဲ့ပါတယ်။

Mr Pompeo ရဲ့ အိန္ဒိယနိုင်ငံသို့ လာရောက်ဘို့လိုအပ်ခဲ့တဲ့ အကြောင်းရင်းကတော့ Japan နိုင်ငံ၊ Osaka မြို့ G-20 ထိပ်သီးညီလာခံမှာ သမ္မတ Mr Donald Trump နဲ့ ဝန်ကြီးချုပ် Mr Narendra Modi တို့ရဲ့ အပြန်အလှန်တွေ့ဆုံဆွေးနွေးပွဲနဲ့ G-20 ထိပ်သီးညီလာခံကြားကာလအတွင်း JAI ခေါ် ဂျပန်၊ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွေအတွက် လိုအပ်ဒါတွေကို ပြင်ဆင်ဘို့ဘဲဖြစ်ခဲ့ပါတယ်။ ဒီအလည်အပါတ်ခရီးစဉ်ဟာ ထူးကဲလှပါတယ်။ ဘာကြောင့်လဲဆိုရင် Mr Modi ရဲ့အစိုးရက မကြာသေးမှီကကျင်းပခဲ့တဲ့ အောက်လွှတ်တော် Lok Sabha ရွေးကောက်ပွဲတွေမှာ အပြတ်အသတ်အနိုင်ရရှိပြီး၊ နောက်ထပ် (၅) နှစ်အုပ်ချုပ်ဘို့ အာဏာရရှိပြီးတဲ့နောက်ပိုင်း ပထမဦးဆုံးသော Trump အုပ်ချုပ်ရေးမှ ထိပ်တန်းအရာရှိတဦးရဲ့ခရီးစဉ်ဖြစ်ဒါကြောင့်ဘဲဖြစ်ပါတယ်။

သဘောထားကွဲလွှဲချက်တွေနဲ့ပတ်သက်ပြီး လုံလောက်တဲ့ အချက်ပြမှုတွေကို ကြိုတင်ဖေါ်ပြထားပြီးဖြစ်ကာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်မှာ သဘောတူစာချုပ်သစ်တွေ လက်မှတ်ရေးထိုးခြင်းမပြုဘဲ အစပျိုးလုပ်ငန်းသစ်တွေနဲ့ပတ်သက်ပြီးလည်း ကြေငြာချက်တစုံတခုမျှ ထုတ်ပြန်လိမ့်မယ်မဟုတ်ဘူးလို့ ဖေါ်ပြထားပြီးဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ အီရန်နိုင်ငံအရေးကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုရဲ့အနေအထားကို နားလည်သဘောပေါက်ပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံက အမေရိကန်ပြည်ထောင်စုရဲ့ ရှုမြင်ချက်ဖြစ်တဲ့ အီရန်နိုင်ငံဟာ အကြမ်းဖက်ဝါဒကို ထောက်ခံအားပေးတဲ့နိုင်ငံဖြစ်တယ် ဆိုတဲ့မှတ်ချက်ကို ထောက်ခံနိုင်တဲ့အနေအထားမှာ မရှိပါဘူး။ အမေရိကန်ပြည်ထောင်စုဟာ အိန္ဒိယနိုင်ငံရဲ့ Afghanistan နိုင်ငံအရေးကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်မှုကို နားလည်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရေးဝန်ကြီး Mr Pompeo ဟာ Trump အုပ်ချုပ်ရေးက Taliban တို့နဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုတခုအပေါ် အလွန်နီးကပ်စွာ လုပ်ကိုင်နေပြီး၊ အမေရိကန်ပြည်ထောင်စုက ယခုနှစ် စက်တင်ဘာလစောစောပိုင်းခန့်မှာ တပ်ဖွဲ့တွေ ပြန်လည်ရုပ်သိမ်းဘို့ဆန္ဒရှိကြောင်း ရှင်းလင်းဖေါ်ပြခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ အိန္ဒိယနိုင်ငံမှတင်ပို့ရောင်းချတဲ့ ကုန်ပစ္စည်းအတွက် Generalized System of Preferences (GSP) ခေါ် အထူးလွတ်လပ်ခွင့်ပေးထားခဲ့မှုကို ရုပ်သိမ်းဘို့ ဆုံးဖြတ်ချက်ကို တင်ပြခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက ဆက်လက်ပြီး အမေရိကန်ပြည်ထောင်စုမှ တင်ပို့တဲ့ ကုန်ပစ္စည်းတွေအပေါ် အိန္ဒိယအခွန်မြင့်မားဒါကို တင်ပြခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ အိန္ဒိယနိုင်ငံသားတွေအတွက် H1B Visa အပေါ် ပမာဏ အကန့်အသတ်မရှိကြောင်းကို အရိပ်အမွတ်ပြောဆိုခဲ့ပေမဲ့ အရင်ကပေါ်လစီမူဝါဒ ဆက်လက်တည်ရှိလိမ့်မယ်လို့ ဝန်ခံပြောဆိုခြင်းမပြုခဲ့ပါဘူး။ အိန္ဒိယနိုင်ငံရဲ့ ရုရှားနိုင်ငံထံမှ လက်နက်တွေဝယ်ယူတဲ့အရေးကိစ္စလည်း ပေါ်ပေါက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက နိုင်ငံတော်ရဲ့အကျိုးစီးပွားနဲ့ပတ်သက်ပြီး အတင်းအလျော့မပြုလုပ်နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား သဘောထားကွဲလွှဲမှုတွေ ဆက်လက်တည်ရှိနေပေမဲ့ ကြိုဆိုရမဲ့ ဖွံ့ဖြိုးမှုကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့က ကွဲလွှဲနေတဲ့ ရှုမြင်ချက်တွေကို ရင့်ကျက်စွာ အာရုံပြုခဲ့ကြဒါဘဲဖြစ်ပါတယ်။

အင်ဒို-အမေရိကန် နည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုတွေကို နှစ်နိုင်ငံစလုံးတို့က လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀) ကျော်က ပြုစုတည်ထောင်ခဲ့ပြီး၊ တချို့သောအရေးကိစ္စတွေမှာ သဘောထားကွဲလွှဲမှုတွေရှိသည့်တိုင် ထိခိုက်ခြင်းမရှိ ပကတိအတိုင်း ဆက်လက်တည်ရှိနေပါတယ်။ Washington အစိုးရရဲ့ အီရန်နိုင်ငံဆိုင်ရာပေါ်လစီဟာ အိန္ဒိယနိုင်ငံရဲ့ စွမ်းအင်ဖူလုံရေးကို တိုက်ရိုက်ထိခိုက်စေခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုက အိန္ဒိယနိုင်ငံအား ရေနံကို အမေရိကန်ပြည်ထောင်စုမှဝယ်ယူဘို့ ကမ်းလှမ်းခဲ့ပြီး၊ အိန္ဒိယနိုင်ငံက လက်ခံခဲ့ပါတယ်။ အမှန်တကယ်တော့ အမေရိကန်ပြည်ထောင်စုမှ ရေနံဝယ်ယူမှုဟာ များမကြာမှီသောကာလများမှာ သိသိသာသာတိုးများလာခဲ့ပါတယ်။

အလားတူဘဲ အိန္ဒိယနိုင်ငံရဲ့ ရုရှားနိုင်ငံထံမှ S-400 ဒုံးကျည်တွေဝယ်ယူမှုကို ဆန့်ကျင်လျှက် အမေရိကန်ပြည်ထောင်စုက အိန္ဒိယနိုင်ငံကို အဓိကကာကွယ်ရေးဖက်စပ်လုပ်ကိုင်သူအဖြစ် အသိအမှတ်ပြုပြီး၊ အိန္ဒိယနိုင်ငံသို့ ခေတ်မှီဆန်းကျယ်တဲ့ လက်နက်ကိရိယာတွေ ရောင်းချရေးအတွက် စည်းမျဉ်းကန့်သတ်ချက်တွေကို လျော့ပေါ့သတ်မှတ်လိုက်ပါတယ်။ Trump အုပ်ချုပ်ရေးက အမေရိကန်ကုန်ပစ္စည်းအပေါ် အိန္ဒိယနိုင်ငံရဲ့ အခွန်မြင့်မားဒါနဲ့ပတ်သက်ပြီး တိုင်တန်းပေမဲ့ ၎င်းတို့က ဒန်သတ္တုနဲ့ သံမဏိအပေါ် အခွန်နှုန်း မြင့်တင်လိုက်ဒါက အိန္ဒိယစီးပွားရေးကို ထိခိုက်စေပါတယ်။ အိန္ဒိယနိုင်ငံဟာ နောက်ထပ် စေ့စပ်ညှိနှိုင်းမှုတွေအတွက် တံခါးဖွင့်ထားပြီး၊ တုန့်ပြန်တဲ့အနေနဲ့ Almond ဗာဒံစေ့လို ပစ္စည်းတွေအပေါ် အခွန်မြင့်တင်လိုက်ပါတယ်။

စေ့စပ်ဆွေးနွေးမှုအတွက် အခွင့်အလမ်းတွေရှိနေပြီး၊ နှစ်နိုင်ငံတို့က လာမဲ့ Osaka မြို့မှာ ဝန်ကြီးချုပ် Mr Modi နဲ့ သမ္မတ Mr Trump တို့အကြား တွေ့ဆုံဆွေးနွေးပွဲမှာ တင်ပြဆွေးနွေးဘို့ စိတ်ပိုင်းဖြတ်ထားကြပါတယ် စသည်ဖြင့် ဆောင်းပါးရှင် ပါမောက္ခ Chintamani Mahapatra ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”