အကျိုးစီးပွားချင်း တိုက်ဆိုင်သော အိန္ဒိယ-အမေရိကန် အကျိုးတူဆက်ဆံရေး

သောတရှင်များခင်များ၊ ဒီနေ့သတင်းဝေဖန်ချက်အခန်းမှာ အကျိုးစီးပွားချင်း တိုက်ဆိုင်သော အိန္ဒိယ-အမေရိကန် အကျိုးတူဆက်ဆံရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ဝါရင့်စီးပွားရေးသုတေသီ Satyajit Mohanty ရေးသားပေးပို့တဲ့ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။

အိန္ဒိယနိုင်ငံကို အမေရိကန်ပြည်ထောင်စုကပေးထားခဲ့သော အထွေထွေဦးစားပေးစနစ် (GSP) ကို Trump အစိုးရက ရုပ်သိမ်းလိုက်ပြီး၊ ဒါကိုတုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယကလည်း အမေရိကန်ပြည်ထောင်စုထံမှ တင်သွင်းတဲ့ ကုန်ပစ္စည်း ၂၈ မျိုးအပေါ် အကောက်ခွန်တိုးမြှင့်ကောက်ခံဘို့၊ Narendra Modi အစိုးရ ဒုတိယငါနှစ်သက်တမ်းအတွက် ဖွဲ့စည်းပြီး ရက်ပိုင်းအတွင်း ဆုံးဖြတ်လိုက်တာကို မီဒီယာသတင်းများက အထင်အရှားဖေါ်ပြခဲ့ကြပါတယ်။ သို့ပင်ဖြစ်လင့်ကစား၊ မဟာဗျူဟာမြောက် မိတ်ဖက်လက်တွဲရေးနဲ့ပတ်သက်လို့တော့် နှစ်ဖက်စလုံးက တသဘောတည်းရှိနေကြပါတယ်။ ဂျပန်နိုင်ငံ Osaka မြို့မှာကျင်းပဘို့ရှိသော စီးပွားရေးအင်အားကြီးနိုင်ငံ ၂၀ အုပ်စု G-20 ရဲ့ ထိပ်သီးညီလာခံကျင်းပတော့မဲ့ဆဲဆဲအချိန်မှာ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ Michael R. Pompeo အိန္ဒိယနိုင်ငံသို့ ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ လာရောက်ဖို့ရှိပါတယ်။ ဒါဟာ အိန္ဒိယနိုင်ငံ အထွေထွေရွေးကောက်ပွဲအပြီး၊ အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယ ပထမအကြိမ် အဆင့်မြင့် ထိတွေ့ဆက်ဆံခြင်းဘဲဖြစ်ပါတယ်။ Mr Pompeo ဟာ၊ ဝန်ကြီးချုပ် Narendra Modi ကို သွားရောက်နှုတ်ဆက်ပြီး ပြည်ပရေးရာဝန်ကြီး S. Jaishankar အပါအဝင် အခြားသော အိန္ဒိယအစိုးရခေါင်းဆောင်များနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ Mr Pompeo ရဲ့ အိန္ဒိယခရီးစဉ်ဟာ အိန္ဒိယ-အမေရိကန် မဟာဗျူဟာမြောက် ဆက်ဆံရေးရှေ့ဆက်ခိုင်မာအောင် တည်ဆောက်ရေးအတွက် နည်းလမ်းတွေ ရှာဖွေဘို့ အရေးကြီးသော အခွင့်အလမ်းကောင်းတခု ဖြစ်ပါတယ်။ ဒါ့အပြင်၊ အကျိုးတူကိစ္စရပ်များ၊ ဒေသဆိုင်ရာပြဿနာများနဲ့ ကမ္ဘာလုံးဆိုင်ရာပြဿနာများအပါအဝင် နှစ်နိုင်ငံစလုံး စိတ်ဝင်စားသော ကိစ္စရပ်များအပေါ် နှစ်နိုင်ငံအကြား အဆင့်မြင့်ဆွေးနွေး အမြင်ဖလှယ်မှုများ ဆက်လက်ဆောင်ရွက်နိုင်စေမဲ့ အခွင့်အလမ်းကောင်းတခုလည်းဖြစ်ပါတယ်။

Mr S. Jaishankar အိန္ဒိယနိုင်ငံရဲ့ ပြည်ပရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခံရခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တယ်လီဖုန်းဆက်ကာ ပြောကြားခဲ့ပါတယ်။

အိန္ဒိယ-အမေရိကန် နှစ်နိုင်ငံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ရှေ့ဆက်တိုးမြှင့်ရေးအတွက် နီးကပ်စွာ လက်တွဲဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စု အခိုင်အမာဆုံးဖြတ်ထားတာကို Mr Pompeo က ထပ်လောင်းအတည်ပြုကြောင်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။ အင်ဒို-ပစ္စဖိတ်နယ်မြေဒေသမှာ လွတ်လပ်ပြီး အတားအဆီးမရှိ သွားလာပိုင်ခွင့်ကို ထိန်းသိမ်းကာကွယ်ရေးနဲ့ပတ်သက်လို့ အမေရိကန်နဲ့ အိန္ဒိယအကြား တူညီသော ရည်ရွယ်ချက်အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီးတို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင်၊ အမေရိကန်-အိန္ဒိယလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အိန္ဒိယ-အမေရိကန်စီးပွားဖက်ဆက်ဆံရေးတို့အပေါ်လည်း ဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေငြာပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Pompeo ၊ New Delhi သို့ မလာရောက်ခင်၊ အခုလို အိန္ဒိယပြည်ပရေးရာဝန်ကြီးကို တယ်လီဖုန်းဆက်ပြီး၊ ဖေါ်ပြပါအကြောင်းအရာတွေကို ဆွေးနွေးခဲ့တာပါ။ Osaka မှာကျင်းပမဲ့ G-26 ထိပ်သီးညီလာခံ တက်ရောက်နေခိုက်၊ သမ္မတ Donald Trump နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့ပြုလုပ်မဲ့ ဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ Mr Pompeo ၊ အိန္ဒိယခေါင်းဆောင်များနဲ့ ဆွေးနွေးညှိနှိုင်းအုံးမှာဖြစ်ပါတယ်။

အင်ဒို-ပစ္စဖိတ်နယ်မြေဆိုင်ရာ မဟာဗျူဟာနဲ့ပတ်သက်လို့ အိန္ဒိယ-အမေရိကန်-ဂျပန် သုံးပွင့်ဆိုင်ဆွေးနွေးဘို့ Mr Trump ၊ Mr Modi တို့နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့ သုံးရောက်အတူတူဆွေးနွေးကြလိမ့်မယ်လို့လဲ မျှော်လင့်ရပါတယ်။

သောတရှင်များခင်ဗျား၊ အိန္ဒိယနိုင်ငံရဲ့ အမြင်မှာတော့၊ အိန္ဒိယ-အမေရိကန် အကျိုးတူဆက်ဆံရေး တရပ်လုံးကို ခြုံကြည့်ရင် အပြုသဘောဆောင်တဲ့ဘက်ကို ဦးတည်နေပါတယ်။ လွန်ခဲ့သောနှစ်များအတွင်း နှစ်နိုင်ငံကုန်သွယ်ကြီးထွားလာခဲ့တာ အခုဆိုရင်ဒေါ်လာဘီလီယံ ၁၅၀ နီးပါးရှိလာခဲ့ပါပြီ။ နှစ်နိုင်ငံကုန်သွယ်ရေးမှာခြုံရတဲ့ ဘယ်လိုအထစ်အငေါ့မျိုးကိုမဆို ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ New Delhi နဲ့ ဝါရှင်တန် ၂ ဖက်စလုံး ကြေနပ်လက်ခံတဲ့ ဖြေရှင်းချက်ကို ရရှိနိုင်ပါတယ်။ H1B ဗီဇာ ထုတ်ပေးရေးဆိုင်ရာ ဘယ်အစီအစဉ်မျိုးကိုမှ ဝါရှင်တန်က နယူးဒေလီကို တရားဝင် အသိပေးခြင်းမရှိသေးဘူးဆိုတဲ့အချက်ကို သတိမူသင့်ပါတယ်။ အမေရိကန်အစိုးရဟာ၊ နိုင်ငံခြားမှ ကွန်ပြူတာသတင်းနည်းပညာမှာ အလွန်ထူးချွန်သော ပညာရှင်များကို အမေရိကန်ပြည်ထောင်စုသို့ လာရောက်လုပ်ကိုင်နိုင်ကြဘို့အတွက် H1B ဆိုတဲ့ ဗီဆာတမျိုးကို ထုတ်ပေးပါတယ်။

သောတရှင်များခင်ဗျား၊ Trump-Modi အကျိုးတူဆွေးနွေးပွဲမှာ အီရန်နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်တဲ့ကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးနိုင်ဖွယ်ရှိပါတယ်။ Mr Pompeo ၊ New Delhi ရောက်တဲ့အခါ လောင်စာစွမ်းအင်ဖူလုံရေးအပေါ် အိန္ဒိယရဲ့ စိုးရိမ်မှုနဲ့ပတ်သက်လို့လဲ ဆွေးနွေးနိုင်ဖွယ်ရှိပါတယ်။ Mr Pompeo နဲ့ Mr Jaishankar တို့ဟာ နှစ်နိုင်ငံဆက်ဆံရေး ရှေ့ဆက်ချီတက်ရမဲ့ ဦးတည်ချက်ကိုလဲ သတ်မှတ်ပေးကြပါလိမ့်မယ်။ နှစ်နိုင်ငံအစိုးရတို့ဟာ၊ လာမဲ့စက်တင်ဘာလမှာ ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပတဲ့အခါ၊ Mr Trump နဲ့ Mr Modi တို့ နောက်တကြိမ်တွေ့ဆုံဆွေးနွေးနိုင်မဲ့ အလားအလာများကို ရှာဖွေကြံဆနေကြပါတယ်။ အဲဒီအချိန်လောက်မှာဘဲ၊ ၂+၂ ဆွေးနွေးပွဲ တက်ရောက်ဖို့ အိန္ဒိယကာကွယ်ရေးဝန်ကြိး Rajnath Singh နဲ့ ပြည်ပရေးရာဝန်ကြီး Jaishankar တို့ ၂ ဦး ဝါရှင်တန်သို့ အတူတကွ သွားရောက်ဘို့ ရှိပါတယ်။ အိန္ဒိယ-အမေရိကန် ၂+၂ ဆွေးနွေးပွဲမှာ၊ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးဆိုတဲ့ ဝန်ကြီး ၂ ဦးက တဖက်၊ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးဆိုတဲ့ ဝန်ကြီး ၂ ဦးကတဖက်၊ မျက်နှာချင်းဆိုင်ထိုင်ပြီး ဆွေးနွေးကြမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကလည်း သိပ်မဝေးတဲ့အနာဂါတ်မှာ၊ အမေရိကန်သမ္မတ နယူးဒေလီသို့ လာရောက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ 5 G ခေါ် ပဥ္စမမျိုးဆက် ဖုန်းလှိုင်းနှုန်းများ ရောက်းချရေးအစီအစဉ်မှာ တရုတ်နိုင်ငံရဲ့ Huawei ဆက်သွယ်ရေးကုမ္ပဏီ ပါဝင်မဲ့အလားအလာအပေါ် အမေရိကန်ပြည်ထောင်စု စိုးရိမ်နေတာနဲ့ပတ်သက်လို့ အိန္ဒိယအစိုးရက၊ ဒီလိုစိုးရိမ်ရမဲ့အဆင့် မရောက်သေးဘူးလို့ သဘောရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အခုလောလောဆယ် ဒီ 5G ကိစ္စ အစိုးရအဖွဲ့အစည်းအတွင်းမှာသာ ဆွေးနွေးနေတာဖြစ်လို့၊ စီးပွားရေးအကျိုးအမြတ်နဲ့ပတ်သက်လို့ဖြစ်စေ လုံခြုံရေးနဲ့ပတ်သက်လို့ဖြစ်စေ ဆွေးနွေးရမဲ့အဆင့် မရောက်သေးဘူးလို့ အိန္ဒိယက သဘောရပါတယ်။ 5G ကိစ္စအပေါ် ဆုံးဖြတ်ချက်မချမှတ်ခင်၊ လုံခြုံရေးကို ရှေ့တန်းတင်စဉ်းစားမလား၊ ဒါမှမဟုတ် စီးပွားရေးအကျိုးအမြတ်ကို ရှေ့တန်းတင်စဉ်းစားမလား၊ အိန္ဒိယအစိုးရ ဆင်ခြင်းသုံးသပ်ပါလိမ့်မယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ဒီကိစ္စအပေါ် သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့ဆုံးဖြတ်ချက်ကို ချမှတ်ပါလိမ့်မယ်။

သတင်းအချက်အလက်များ ဒေသဆိုင်ရာဇာတ်သွင်းရေး၊ ကွန်ပြူတာသတင်းနည်းပညာ အင်တာနက်မှတဆင့် နယ်စပ်ဖြတ်ကျော်ရောင်းဝယ်ဖေါက်ကားရေးနဲ့ ပညာရှင်မူပိုင်ခွင့်များဆိုတဲ့ ပို၍အရေးကြီးသော ကိစ္စရပ်များကိုလည်း နှစ်ဖက်ဆွေးနွေးကြလိမ့် မယ်လို့ မျှော်လင့်ရပါတယ်။ အိန္ဒိယနဲ့ အမေရိကန် ခိုင်မြဲသော အကျိုးတူဆက်ဆံရေးကို ဇွဲကောင်းကောင်းနဲ့ တည်ဆောက်လာခဲ့ရတာဖြစ်လို့၊ အခိုက်အတန့်ဖြစ်ပွားတဲ့ ဟန့်တားနှောင့်ယှက်မှုတွေကြောင့်၊ နှစ်နိုင်ငံချစ်ကြည်သောဆက်ဆံရေးကို ထိခိုက်မှာမဟုတ်ပါဘူး။ Modi အစိုးရနောက်တကြိမ် ဆက်ကာ နိုင်ငံတော်အာဏာရယူပြီး မရှေးမနှောင်းမှာပဲ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လာရောက်ခြင်းဟာ၊ အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယနှစ်နိုင်ငံအကြား တည်ရှိသော အထူးချစ်ကြည်တဲ့ ဆက်ဆံရေးကို ထင်ရှားပေါ်လွင်စေပါတယ်။ တကယ်တော့၊ ၂၁ ရာစုမှာ၊ အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး နှစ်နိုင်ငံတို့ဟာ၊ ရေရှည်ခိုင်မြဲသော ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်များဖြစ်ပါကြောင်း ဆောင်းပါးရှင် Satyajit Mohanty ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြအစီရင်ခံလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”