ပါရှန်းပင်လယ်ကွေ့ဒေသအတွင်း စစ်ဖက်ဆိုင်ရာ အခင်းအကျင်း တိုးများလာခြင်း
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အနောက်အာရှဒေသရေးရာ ဗဟာဗျူဟာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Mohd. Muddassir Quamar ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပါရှန်းပင်လယ်ကွေ့ဒေသအတွင်း စစ်ဖက်ဆိုင်ရာ အခင်းအကျင်း တိုးများလာခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
လွန်ခဲ့တဲ့သီတင်းပတ်က အိုမန် ပင်လယ်ကွေ့ဒေသအတွင်း ရေနံစိမ်းသယ်ဆောင်လာတဲ့ သင်္ဘော ၂ စီးအပေါ် တိုက်ခိုက်မှုအတွက် တုံ့ပြန်ရာမှာ အမေရိကန်ပြည်ထောင်စုဟာ ပါရှန်းပင်လယ်ကွေ့ ဒေသအတွင်း လုံခြုံရေးတိုးမြှင့်ဖို့အတွက် နောက်ထပ် တပ်သား ၁၀၀၀ တို့ကို ပေးပို့နေတယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာဖော်ပြခဲ့ပါတယ်။ ဒါဟာ ၂၀၁၈ ခုနှစ်၊ မေလမှာ အီရန်နိုင်ငံရဲ့ အနုမြူရေး သဘောတူညီချက်ဖြစ်တဲ့ JCPoA ခေါ် လက်စုံ ပူးတွဲဆောင်ရွက်ရေး စီမံချက်စာချုပ်ကနေနှုတ်ထွက်ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးနောက်ပိုင်း ဒီဒေသပိုင်းအတွင်း တင်းမာမှုတွေ ပေါ်ထွက်လာချိန်မှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ အီရန်နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေကိုလည်း ပြန်လည် ပြဋ္ဌာန်းခဲ့ပြီး အီရန်နိုင်ငံ ရေနံစိမ်း တင်သွင်းမှုတွေအတွက် သဘောတူစာချုပ်အားလုံးတို့ကိုလည်း ပြီးခဲ့တဲ့လက အဆုံးသတ်ခဲ့ပါတယ်။ သမ္မတ Mr. Donald Trump ဟာ ထပ်မံ ဒဏ်ခတ် အရေးယူမှုတွေ ပြဋ္ဌာန်းသွားဖို့ ဆုံးဖြတ်ခဲ့ပြီး အဲဒီအရေးယူ ပိတ်ဆို့မှုတွေအောက်မှာ အီရန်နိုင်ငံမှ စက်မှုလုပ်ငန်းကုမ္ပဏီတွေနှင့် စီးပွားရေးလုပ်ငန်း လုပ်ဆောင်နေကြတဲ့ တသီးပုဂ္ဂတွေ သို့မဟုတ် ကုမ္ပဏီလုပ်ငန်းရှင်တွေအပေါ် ဒုတိယအဆင့် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ သတိပေးဖော်ပြခဲ့ပါတယ်။
အီရန်နိုင်ငံကလည်း ၎င်းတို့ရဲ့ စီးပွားရေးကျဆင်းနေမှုနှင့်ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှုတွေရဲ့ အကျိုးသက်ရောက်မှု ပိုမိုသက်သာလျော့ပါးစေဖို့အတွက် JCPoA သဘောတူညီချက် လက်မှတ်ရေးထိုးတားတဲ့နိုင်ငံတွေ အထူးသဖြင့် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမဏီနိုင်ငံတို့ရဲ့ သတိပေးချက်နှင့်အတူ တုံ့ပြန်ဖော်ပြခဲ့ပြီး ဒါဟာ သဘောတူညီချက်ကနေ ပြန်ရုပ်သိမ်းဖို့အတွက် Tehran အစိုးရကို ဖိအားပေးသွားမှာဖြစ်ပါတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုကို Arlington သင်္ဘော ၁ စီးနှင့် Patriot Missile Battery ခေါ် လေကြောင်း ကင်းထောက် ကာကွယ်ရေး ဒုံးကျည်စနစ် ၁ ခုအပါအဝင် တပ်သားဖြည့်ဆည်းပေးပို့ဖို့ ဖြစ်ပေါ်စေခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ အမေရိကန်တပ်သား နောက်ထပ် ၁၅၀၀ တို့ကို ပင်လယ်ကွေ့ဒေသသို့ စေလွှတ်ပေးပို့ခဲ့ပြီး တပ်သားတွေ တိုးချဲ့ထားရှိမှုတွေ၊ လေကြောင်း ကာကွယ်ရေးစနစ်နှင့် ဒုံးကျည်တွေအပြင် ကင်းထောက်လေယာဉ်တွေရှိနေခြင်းဟာ ဒေသပိုင်းတွင်း အေးချမ်းတည်ငြိမ်ရေးအတွက် ကောင်းတဲ့ နိမိတ်လက္ခဏာ အလားအလာတွေတော့ မဟုတ်ကြပါဘူး။
အီရန်နိုင်ငံဟာ အိုမန် ပင်လယ်ကွေ့ဒေသအတွင်းပြုလုပ်ခဲ့တဲ့ ရေနံတင်သင်္ဘော တိုက်ခိုက်မှုမှာ ပါဝင်ခဲ့ခြင်းမရှိဘူးလို့ အခိုင်အမာ ပြောဆိုနေခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံတို့ဟာ အီရန်နိုင်ငံကို အဖျက်လုပ်ငန်း ကျူးလွန်သူအဖြစ် ပြစ်တင်ဖော်ပြနေကြပါတယ်။ တကယ်တော့ ၎င်းတို့ ၂ နိုင်ငံဟာ မေလအတွင်း၊ Fujairah ကမ်းလွန်ဒေသမှာ ရေနံတင်သင်္ဘော ၄ စီးတို့ကိုတိုက်ခိုက်မှုအတွက်လည်း အီရန်နိုင်ငံကို ပြစ်တင်ဝေဖန်ထားကြပါတယ်။ ဒီအပြင် ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ ကာလကြာမြင့်နေပြီဖြစ်တဲ့ ပဋိပက္ခဖြစ်ပွားမှုအတွင်း ယီမန်နိုင်ငံမှာ ၎င်းတို့ဦးဆောင်ပြီး ညွန့်ပေါင်းအဖွဲ့ပါဝင်တိုက်ခိုက်ခဲ့တဲ့ Houthi သူပုန်တွေထံမှလည်း တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရပါတယ်။
၂၀၁၉ ခုနှစ်၊ မေလက ဆော်ဒီ Aramco ရေနံပိုက်လိုင်းတစ်ခုဟာ မောင်းသူမဲ့လေယာဉ် ဒရုန်းတိုက်ခိုက်မှုအောက် ကျရောက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်ကလည်း တောင်ပိုင်း Najran ပြည်နယ်အတွင်း Abha လေဆိပ်မှာ Houthi တို့ရဲ့ ဒုံးကျည်တစ်လက် ကျရောက်ခဲ့တာကြောင့် လူ ၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ ဆော်ဒီအာရေးဗီးယား နိုင်ငံဟာ ၎င်းတို့နိုင်ငံအတွင်း တိုက်ခိုက်မှုတွေပြုလုပ်ဖို့အတွက် Houthi သူပုန်တွေကို လက်နက်တပ်ဆင်ပေးပြီး အားပေးအားမြှောက်ပြုလုပ်နေတယ်လို့ အီရန်နိုင်ငံကို စွပ်စွဲထားပါတယ်။ နောက်ထပ်တပ်သားတွေ စေလွှတ်ဖို့ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဆုံးဖြတ်ချက်ဟာ အဲဒီတိုက်ခိုက်မှုတွေနှင့် ဆက်နွယ်မှုရှိတယ်လို့ ယူဆရပြီး တပ်သားအင်အား ဖြည့်ဆည်းရေးဆုံးဖြတ်ချက် ကြေညာရာမှာတော့ ဒါဟာ အီရန်နိုင်ငံရဲ့ ရန်မူလိုတဲ့ အပြုအမူအတွက် တုံ့ပြန်ချက်ဖြစ်တယ်လို့ ယာယီ ကာကွယ်ရေးဝန်ကြီး Mr. Patrick Shanahan က ဖော်ပြခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ “အီရန်နိုင်ငံနှင့် ပဋိပက္ခဖြစ်ဖို့” လုပ်ဆောင်သွားမှာမဟုတ်ပေမယ့် “မိမိတို့ရဲ့ တပ်သားတွေ ဘေးကင်းလုံခြုံရေးနှင့် စောက်ရှောက်မှုရှိစေရေး” အပြင် “မိမိတို့ရဲ့ အမျိုးသား အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ဖို့” ဖြစ်ပြီး ဒါဟာ မဖြစ်မနေ လိုအပ်ချက်ဖြစ်တယ်လို့ ၎င်းက နောက်ထပ် အလေးပေးဖော်ပြခဲ့ပါတယ်။
သိသာထင်ရှားတဲ့ ဖွံ့ဖြိုးမှုတွေရှိနေကြပြီး ဒါတွေဟာ အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား တင်းမာမှုတွေ တိုးများလာနေချိန်မှာ ပေါ်ပေါက်လာတာဖြစ်သလို ရုရှား၊ တရုတ်၊ ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမဏီတို့လို တခြား ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကလည်း တင်းမာမှုတွေ လျော့ပါးစေဖို့ မျှော်လင့်နေခဲ့ကြပေမယ့် ပြောပလောက်တဲ့ ဘယ်အရာကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိခဲ့ကြပါဘူး။ ယခုလအတွင်း အီရန်နိုင်ငံကို ဂျပန်နိုင်ငံဝန်ကြီးချုပ် Mr. Shinzo Abe ရဲ့ခရီစစဉ်ဟာ ၎င်းတို့ရဲ့ ပြောဆိုရပ်တည်ချက် လျှော့ချဖို့နှင့် အေးချမ်တည်ငြိမ်ရေး ထိန်းသိမ်းရာမှာ အကျိုးပြုကဏ္ဍကနေ ပါဝင်လုပ်ဆောင်ဖို့အတွက် အီရန်နိုင်ငံကိုပြောဆိုဖို့ သွားရောက်ခဲ့တယ်လို့ ယူဆရပါတယ်။
ဒါပေမယ့်လည်း အီရန်နိုင်ငံဟာ ဖီဆန်သွားဖို့ ရပ်တည်နေခဲ့ပြီး စစ်ရေးလှုပ်ရှားခြိမ်းခြောက်မှုတွေ စွန့်ပယ်သွားဖို့ ငြင်းဆိုခဲ့ကာ ၎င်းတိ့းမှာ ဘယ်လိုစစ်ရေးလုပ်ဆောင်မှုကိုမဆို ကိုယ်တိုင် တွန်းလှန်ပိုင်ခွင့်နှင့် တွန်းလှန်နိုင်စွမ်းလည်းရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ရုရှားနှင့် တရုတ်နိုင်ငံတို့ကလည်း ပါရှန်းပင်လယ်ကွေ့ဒေသအတွင်း အမေရိကန်တို့ရဲ့ လတ်တလော လှုပ်ရှားမှုတွေကို ဝေဖန်ဖော်ပြနေခဲ့ကြတာကြောင့် ဒါဟာ အီရန်နိုင်ငံကို အပြီးတိုင် ဝိုင်းပယ်ထားတာမဟုတ်ဘဲ ပြင်းထန်တဲ့ အခြေအနေ တစ်စုံတစ်ရာ ပေါ်ထွက်လာမယ်ဆိုရင် ပိုမိုကျယ်ပြန့်တဲ့ ဒေသပိုင်း ပဋိပက္ခကြီး ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ တချိန်တည်းမှာပဲ အီရန်နိုင်ငံဟာ အမေရိကန်တို့ရဲ့ မောင်းသူမဲ့ လေယာဉ်တစ်စီးကို ပစ်ချခဲ့တယ်ဆိုတဲ့ အစီရင်ခံချက်တွေရှိနေပြီး ဒီကိစ္စအပေါ် အမေရိကန်သမ္မတက အလွန်အရုပ်ဆိုးတဲ့ မှားယွင်းမှုတစ်ခုဖြစ်တယ်လို့ သုံးနှုန်းဖော်ပြထားကြောင့် ဒါကလည်း တင်းမာမှုတွေကို ပိုမိုပြင်းထန် သွားစေနိုင်ပါတယ်။အိန္ဒိယနိုင်ငံအတွက်တော့ ပါရှန်းပင်လယ်ကွေ့ဒေသအတွင်းမှ အခြေအနေတွေဟာ စိုးရိမ်ဖွယ် အနေအထားဖြစ်နေပါတယ်။ နယူးဒေလီအစိုးရဟာ ဒေသပိုင်း ငြိမ်းချမ်းတည်ငြိမ်စေရာမှာ နိုင်ငံရဲ့ စွမ်းအင်ဖူလုံရေးအတွက်သာမက ပင်လယ်ကွေ့ဒေသအတွင်းနေထိုင်နေကြတဲ့ နိုင်ငံသား ၈.၅ သန်းကျော်တို့ရဲ့ ပြုစုစောင့်ရှောက်ရေးအတွက်ပါ အရေးကြီးလှတဲ့ အကျိုးစီးပွားတွေ ရှိထားပါတယ်။ အိန္ဒိယနိုင်ငံဟာ ဒေသပိုင်း နိုင်ငံအားလုံးတို့နှင့်အတူ တောင့်တင်းခိုင်မာတဲ့ မဟာဗျူဟာရေး၊ နိုင်ငံရေးနှင့် စီးပွားရေးရာ ဆက်ဆံရေးတွေရှိနေပြီး နယူးဒေလီအစိုးရအနေနှင့် အီရန်၊ ဆော်ဒီအာရေးဗီးယား ၂ နိုင်ငံစလုံးနှင့်အတူ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိနေကာ ဒီအချက်ကိုတော့ မကြာသေးမီက အဲဒီ ၂ နိုင်ငံစလုံးဟာ အိန္ဒိယနိုင်ငံကို ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့တာက သက်သေထူလျှက်ရှိပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေဟာ လက်ရှိစစ်မက် ပြိုင်ဆိုင်မှုတွေ ကင်းစင်ဖို့နှင့် ညှိနှိုင်းအဖြေရှာရေးအတွက် အကျိုးပြုမယ့် ဝန်ကျင်အနေအထားတစ်ရပ် ဖော်ဆောင်သွားဖို့ စတင်စူးစမ်းရှာဖွေသွားကြလိမ့်မယ်လို့ အိန္ဒိယနိုင်ငံက မျှော်လင့်လျှက်ရှိပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Mohd. Muddassir Quamar ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။
Comments
Post a Comment