အိန္ဒိယ-ကာဂျက်စတန် ဆက်ဆံရေးများ တိုးတက်ကောင်းမွန်လာခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR ရေဒီယိုသတင်းဌာနမှ သတင်းသုတေသီ ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-ကာဂျက်စတန် ဆက်ဆံရေးများ တိုးတက်ကောင်းမွန်လာခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

၂၀၁၉ ခုနှစ်၊ မေလ ၃၀ ရက်နေ့မှာ ကာဂျက်စတန်နိုင်ငံ သမ္မတ Mr. Sooronbay Sharipovich Jeenbekov ဟာ နယူးဒေလီမြို့မှာပြုလုပ်ခဲ့တဲ့ ဝန်ကြီးချုပ် Mr. Narendra Modi ရဲ့ ကျမ်းကျိန်ပွဲအခမ်းအနားကို တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။ သူဟာ BIMSTEC အဖွဲ့မှ ခေါင်းဆောင်တွေနှင့် မော်ရေးရှားနိုင်ငံဝန်ကြီးချုပ်တို့အပြင် အခမ်းအနားတက်ရောက်ဖို့ ဖိတ်ကြားခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေအနက် တစ်ဦးဖြစ်ခဲ့ပါတယ်။

ကာဂျက်စတန်နိုင်ငံဟာ Shanghai ပူးပေါင်းဆောက်ရွက်ရေး အဖွဲ့အစည်း SCO ရဲ့ လက်ရှိ ဥက္ကဌနိုင်ငံဖြစ်ပြီး အာရှတိုက် အလယ်ပိုင်းဒေသအတွင်း အိန္ဒိယနိုင်ငံရဲ့ အရေးပါတဲ့ မိတ်ဖက်နိုင်ငံ ၁ နိုင်ငံဖြစ်ပါတယ်။ သမ္မတ Mr. Jeenbekov ဟာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ကို နွေးထွေးစွာ ချီးမြှင့်ဂုဏ်ပြုခဲ့ပြီး SCO ညီလာခံတက်ရောက်ဖို့အတွက် ကာဂျက်စတန်နိုင်ငံသို့ လာရောက်ဖို့နှင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ အပြန်အလှန်ခရီးစဉ်တစ်ရပ်လာရောက်ဖို့ ထပ်မံဖိတ်မန္တကပြုခဲ့ပါတယ်။

အိန္ဒိယနှင့် ကာဂျက်စတန်နိုင်ငံတို့ဟာ နွေးထွေးပျူငှာ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ထားရှိနေကြောင်း ပြန်လည်ဖော်ပြလျှက် ဝန်ကြီးချုပ် Mr. Modi ဟာ နှစ်ကာလတလျှောက်မှာ နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်မှု တိုးတက်အားကောင်းလာမှုအပေါ် အားရကျေနပ်မိကြောင်း ဖော်ပြခဲ့တဲ့အပြင် ယခုလို ကျမ်းကျိန်ပွဲအခမ်းအနား အားပေးတက်ရောက်မှုအတွက် သမ္မတ Mr. Jeenbekov ကို အထူး ကျေးဇူးတင်ရှိကြောင်း၊ ကာဂျက်စတန်နိုင်ငံကို ခရီးစဉ်သွားရောက်ဖို့ ဖိတ်ကြားချက်အတွက်လည်း ကျေးဇူးတင်ဝမ်းမြောက်မိကြောင်းနှင့် ဒီဖိတ်ကြားချက်ကို သွားရောက်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

သမိုင်းအစဉ်အလာအရ အိန္ဒိယနိုင်ငံဟာ အထူးသဖြင့် ကာဂျက်စတန်နိုင်ငံအပါအဝင် ရှေးခေတ်က ပိုးလမ်းမကြီးရဲ့ တစိတ်တပိုင်းဖြစ်ခဲ့ကြတဲ့ အာရှတိုက်အလယ်ပိုင်းဒေသမှနိုင်ငံတွေနှင့်အတူ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ထားရှိခဲ့ပါတယ်။ ဆိုဗီယက် ပြည်ထောင်စု ခေတ်ကာလက အိန္ဒိယနှင့် အဲဒီခေတ်က ကာဂျက် သမ္မတနိုင်ငံတို့ဟာ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးတွေမှာ အကန့်အသတ်တွေ ရှိခဲ့ကြပါတယ်။ ၁၉၈၅ ခုနှစ်မှာ ဝန်ကြီးချုပ်ဟောင်း Mr. Rajiv Gandhi ဟာ Bishkek မြို့တော်နှင့် Issyk-Kul ရေကန်ကြီးတို့ကို သွားရောက်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့မှာ ကာဂျက် သမ္မတနိုင်ငံတော် လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် အိန္ဒိယနိုင်ငံဟာ ၁၉၉၂ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့မှာ သံတမန်ဆက်ဆံရေး ထူထောင်ထားရှိဖို့ ပထမဆုံးသော နိုင်ငံတွေအနက် ပါဝင်ခဲ့ပြီး ၁၉၉၄ ခုနှစ်၊ မေလ ၂၃ ရက်နေ့မှာ အိန္ဒိယသံရုံးကို ထားရှိခဲ့ပါတယ်။

ကာဂျက်စတန်နိုင်ငံနှင့် နိုင်ငံရေးရာ ဆက်ဆံရေးတွေဟာ အစဉ်အလာအားဖြင့် နွေးထွေးပျူငှာပြီး ချစ်ကြည်ရင်းနှီး လာခဲ့ပြီး ဒီနိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ဖြစ်လာဖို့ အိန္ဒိယနိုင်ငံရဲ့ကြိုးပမ်းမှုကို အားပေးထောက်ခံခဲ့တဲ့အပြင် Shanghai ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့မှာ အပြည့်အဝ အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက်လည်း အိန္ဒိယနိုင်ငံကို ထောက်ခံခဲ့ပါတယ်။ ၂ နိုင်ငံစလုံးတို့ဟာ အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနှင့်ပတ်သက်လို့ ဘုံစိုးရိမ်ချက်တွေရှိနေကြပြီး ၁၉၉၂ ခုနှစ်မှာ သံတမန်ဆက်ဆံရေး ထားရှိခဲ့တဲ့အချိန်ကစလို့ ယဉ်ကျေးမှု၊ ကုန်သွယ်ရေးနှင့် စီးပွားရေးရာ ပူးပေါင်းဆောင်ရွက်ရေး၊ မြို့ပြ လေကြောင်းပျံသန်းမှု၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး၊ အခွန် ၂ ကြိမ်ကောက်ယူမှု ရှောင်ကြဉ်ရေး၊ စစ်သံရုံးဆိုင်ရာ သဘောတူညီချက် စသည်တို့အပါအဝင် လုပ်ငန်းဘောင် သဘောတူညီချက် မြောက်များစွာတို့ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Bishkek မြို့မှာ အိန္ဒိယနှင့် အာရှအလယ်ပိုင်းဒေသ အမှတ် (၂) အလွတ်သဘော ဆွေးနွေးမှုတွေကို ပထမဆုံး ပြုလုပ်မှုနှင့်အတူ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ အဲဒီကာလက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးရဲ့ ကာဂျက်စတန်နိုင်ငံ ခရီးစဉ်ကာလအတွင်း အိန္ဒိယနိုင်ငံဟာ အာရှအလယ်ပိုင်းဒေသ ဆက်သွယ်ရေးမူဘောင်ကို ကြေညာခဲ့ပြီး အဲဒီဒေသအတွင်း သတင်းပြန်ကြားရေးနည်းပညာအသုံးပြုလျှက် ရပ်ဝေးဒေသမှ ဆေးဝါးနှင့် ပညာရေးကဏ္ဍပိုင်း တိုးတက်ကောင်းမွန်ကြိုးပမ်းရာမှာ “အီလက်ထရောနစ် ကွန်ယက်” ကို ထူထောင်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟာ SCO ညီလာခံ တက်ရောက်ဖို့ ကာဂျက်စတန်နိုင်ငံကို သွားရောက်ခဲ့ပြီး အဲဒီ SCO ညီလာခံ ကြားကာလတွေအတွင်း ဝန်ကြီးဟာ အီရန်နိုင်ငံသမ္မတ Dr. Hassan Rouhani၊ မွန်ဂိုးလီးယား သမ္မတ Mr. Elbegdorg နှင့် SCO အဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Mazentsev တို့နှင့်အတူ ၂ နိုင်ငံ အပြန်အလှန် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

နှစ်ပေါင်း ၂၀ ကြားကာလ ကြာမြင့်ခဲ့ပြီးတဲ့နောက် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လမှာ ဝန်ကြီးချုပ် Mr. Narendra Modi ဟာ ကာဂျက်စတန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး အဲဒီကာလမှ ကာဂျက်စတန်နိုင်ငံ သမ္မတ Mr. Almazbek Atambayev၊ လွှတ်တော်ဥက္ကဌ Mr. Asylbek Jeenbekov နှင့် ဝန်ကြီးချုပ် Mr. Temir Sariyev တို့နှင့်အတူ ပြုလုပ်ခဲ့တဲ့အပြင် ခရီးစဉ်အတွင်း ဝန်ကြီးချုပ် Mr. Narendra Modi ဟာ အောင်ပွဲရင်ပြင်ပေါ်မှာ ပန်းခွေချခဲ့ပြီး ကွင်းဆင်းလှည့်လည် ကုသနိုင်တဲ့ ဆေးရုံအတွက် ဆေးဝါး အသုံးအဆောင်ပစ္စည်းတွေ လက်ဆောင်ပေးခဲ့ကာ ကာဂျက်-အိန္ဒိယ တောင်တန်း ဇီဝ ဆေးသုတေသနဌာနသို့လည်း သွားရောက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံအတွင်း အထူးသ ဆေးရုံတွေနှင့် ကာဂျက်စတန်နိုင်ငံမှာ ဆေးရုံတွေအကြား ရပ်ဝေးကနေ ဆေးဝါးကုသမှု ကွင်းဆက်တွေနှင့် မဟတ္တမ ဂန္ဒီကြီးရဲ့ ရုပ်တုတို့ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ကာကွယ်ရေးရာ ပူးပေါင်းဆောင်ရွက်ရေး၊ ယဉ်ကျေးမှု၊ ရွေးကောက်ပွဲနှင့် စံချိန်စံညွှန်းသတ်မှတ်ရေး နယ်ပယ်ကဏ္ဍတို့မှာ နားလည်မှုစာချွန်လွှာ ၄ ခုတို့ကို လက်မှတ်ရေးထိုးခဲ့ပြီး ပူးတွဲ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

အိန္ဒိယ-ကာဂျက်စတန် ကုန်သွယ်ရေးဟာ ၂၀၁၆-၁၇ ခုနှစ်က အမေရိကန်ဒေါ်လာ ၂၄.၉၈ သန်းရှိခဲ့ပြီး ဒီနိုင်ငံကို အိန္ဒိယနိုင်ငံရဲ့ ပြည်ပတင်ပို့မှုက ၂၂.၆၆ သန်းရှိခဲ့ပြီး ဒီနိုင်ငံကနေ အိန္ဒိယနိုင်ငံသို့ တင်ပို့မှုကတော့ ၂.၃၂ သန်းရှိခဲ့ပါတယ်။ အထည်အလိပ်နှင့် အဝတ်အစား၊ သားရေ ထုတ်ကုန်ပစ္စည်း၊ ဆေးဝါး၊ ဓာတုပစ္စည်းနှင့် လဖက်ခြောက်တို့ဟာ ကာဂျက်စတန်နိုင်ငံကို အိန္ဒိယနိုင်ငံရဲ့ အရေးပါတဲ့ ပြည်ပတင်ပို့မှု ကုန်ပစ္စည်းတွေအနက် ပါဝင်ကြပါတယ်။ အိန္ဒိယနိုင်ငံကို ကာဂျက်စတန်နိုင်ငံရဲ့ ပြည်ပတင်ပို့မှုတွေမှာဆိုရင် သားရေစိမ်းတွေ၊ သတ္တုရိုင်းတွေနှင့် သံတိုသံစတွေ ပါဝင်ကြပါတယ်။

ITEC ခေါ် အိန္ဒိယနိုင်ငံ နည်းပညာနှင့် စီးပွားရေးရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အောက်မှ အထူးသဖြင့် လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကူညီပံ့ပိုးမှုတွေဟာ ကာဂျက်စတန်နိုင်ငံအတွင်း အိန္ဒိယနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခြေခံ အုတ်မြစ်တွေ ဖြစ်ပါတယ်။ သမ္မတ Mr. Jeenbekov ရဲ့ နယူးဒေလီမြို့ ခရီးစဉ်နှင့် ဝန်ကြီးချုပ် Mr. Modi ရဲ့ Bishkek မြို့ ခရီးစဉ်တို့ဟာ ၂ နိုင်ငံဆက်ဆံရေးတွေကို တိုးတက်ရေးလမ်းကြောင်းပေါ်သို့ ဆောင်ယူသွားမယ်ဆိုတာ ဧကန်မလွဲ ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Padam Singh ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”