“ဒုတိယ Modi အစိုးရ ကျမ်းသစ္စာကျိန်ဆိုခြင်း”


သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ New Indian Express နေ့စဉ်သတင်းစာမှ အထူးသတင်းထောက် ဆောင်းပါးရှင် Manish Anand ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဒုတိယ Modi အစိုးရ ကျမ်းသစ္စာကျိန်ဆိုခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

အလွန်မြောက်မြားစွာသော မဲအရေအတွက်ရရှိပြီးတဲ့နောက် Mr Narendra Modi ဟာ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ်ဆက်တိုက် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ သမ္မတ Mr Ram Nath Kovind ဟာ ဝန်ကြီးချုပ်ဦးဆောင်တဲ့ အဖွဲ့ဝင် (၅၈) ဦးပါ ဝန်ကြီးများကောင်စီကို ကျမ်းသစ္စာတိုင်တည်ပေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အတွင်းဝန်ဟောင်း Mr Subramaniam Jaishankar အပါအဝင် ဝန်ကြီးများကောင်စီကို BJP ပါတီအတွင်းနှင့် မဟာမိတ်ပါတီများမှ ကျွမ်းကျင်သူတွေနဲ့ အားဖြည့်တည်ဆောက်ထားပါတယ်။

ဝန်ကြီးချုပ် Mr Modi ရဲ့ အံ့အားသင့်စေတဲ့ ရွေးချယ်မှုကတော့ Mr Jaishankar ဘဲဖြစ်ပါတယ်။ သူဟာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှာ သော့ချက်ကျ အကြံပေးအရာရှိတဦးဖြစ်ခဲ့ပါတယ်။ Mr Jaishankar ရဲ့ တရုတ်နိုင်ငံဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှုတွေက အလွန်ကြီးမားတဲ့ အထောက်အကူဖြစ်စေပါတယ်။ BJP ပါတီဥက္ကဌ Mr Amit Shah ကိုလည်း ကက်ဘိနက်အဖွဲ့မှာ ထည့်သွင်းထားပါတယ်။ သူဟာ အစိုးရမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Mr Modi ဟာ မကြာခဏဆိုသလိုဘဲ ပြည်သူတို့ရဲ့ မဲဆန္ဒကို နိုင်ငံတော်တဝှမ်းလုံးအတွက် အားပေးအားမြောက်ရာဖြစ်တယ်လို့ ဖေါ်ပြလေ့ရှိပါတယ်။ ကျော်ကြားထင်ရှားတဲ့ စိတ်အားမြှင့်တင်မှုတွေအတိုင်း သမ္မတက ကျမ်းသစ္စာတိုင်တည်ပေးခဲ့တဲ့ ဝန်ကြီးများကောင်စိဟာ လူငယ်တွေအတွက် အပြုသဘောတောင်တဲ့ အခွင့်လမ်းပေးမှုနဲ့အတူ အိန္ဒိယတနိုင်ငံလုံးပါဝင်မှုကို ရောင်ပြန်ဟပ်စေခဲ့ပါတယ်။ Mr Modi ဟာ သူ့ရဲ့ဒုတိယအစိုးရက NARA (National Ambition + Regional Aspiration) လို့ခေါ်တဲ့နိုင်ငံတော်ရည်မှန်းချက်နဲ့ ဒေသပိုင်းတောင်းတချက်တွေကို အလေးထားလုပ်ကိုင်သွားလိမ့်မယ်လို့ ဖေါ်ပြခဲ့ပြီး၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးနဲ့အတူ ဘက်စုံဖွံ့ဖြိုးရေးဟာ သူ့ရဲ့လမ်းပြမြေပုံဖြစ်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။

ဝန်ကြီးတွေရွေးချယ်ရာမှာ လက်ရှိဝန်ကြီးတွေကို ဆက်လက်ထားရှိခြင်းနဲ့အတူ အပြောင်းအလဲတချို့ ပြုလုပ်မှုက နည်းလမ်းတခုဖြစ်ခဲ့ပါတယ်။ Mr Rajnath Singh ၊ Mr Nitin Gadkari ၊ Mr Ram Vilas Paswan ၊ Mr Narendra Singh Tomar ၊ Mr Piyush Goyal ၊ Ms Smriti Irani တို့ဟာ Mr Modi ရဲ့ ဒုတိယအစိုးရအဖွဲ့မှာ ပါဝင်ကြသူတွေဖြစ်ကြပါတယ်။ တချို့သော အငယ်တန်းဝန်ကြီးတချို့ဖြစ်ကြတဲ့ Mr Gajendra Singh Shekhawat ၊ Mr Giriraj Singh နဲ့ Mr Mahendra Nath Pandey တို့ကို သူတို့ရဲ့ ကောင်းမွန်တဲ့ လုပ်ကိုင်မှုတွေကြောင့် ကက်ဘိနက်ဝန်ကြီးတွေအဖြစ် အဆင့်တိုးမြင့်ခြင်းခံခဲ့ကြရပါတယ်။ အဖွဲ့ဝင် (၅၈) ဦးပါဝင်တဲ့ အိန္ဒိယဝန်ကြီးများကောင်စီမှာ ကက်ဘိနက်ဝန်ကြီး (၂၄) ဦးနဲ့ လွတ်လပ်သောအုပ်ချုပ်ခွင့် အာဏာရှိတဲ့ ဒုဝန်ကြီး (၂၄) ဦးတို့ ပါဝင်ကြပါတယ်။ အံ့အားသင့်စေခဲ့တဲ့ ခန့်အပ်မှုတခုက Odisha ပြည်နယ် Balasore ပါလီမန်လွှတ်တော် မဲဆန္ဒနယ်မြေမှာ သက်ကယ်မိုးတဲ့အိမ်မှာနေထိုင်နေတဲ့ Mr Pratap Chandra Sarangi အား ဝန်ကြီးအဖြစ် ရွေးချယ်ခန့်အပ်လိုက်တာဘဲဖြစ်ပါတယ်။

Mr Sarangi ဟာ အမှန်တကယ်ပင် သာမန်ရိုးရိုး စည်းကမ်းရှိစွာနဲ့ နေထိုင်သူဖြစ်ပါတယ်။ Mahatma Gandhi ဟာ အလွန်ထင်ရှားစွာဘဲ ပြည်သူတို့ရဲ့ဘဝမှာ စည်းကမ်းရှိစွာ နေထိုင်မှုကို တောင်းဆိုခဲ့ပါတယ်။ Mr Sarangi ရဲ့ ရိုးရိုးသားသားနေထိုင်မှုနဲ့ ပြည်သူတို့အတွက် စေတနာ့ဝန်ထမ်းစိတ်ဆန္ဒဟာ ဝန်ကြီးချုပ် Mr Modi အပါအဝင် လူအများတို့ရဲ့နှလုံးသားမှာ အေးချမ်းမှုပေးခဲ့ပါတယ်။

ဝန်ကြီးများကောင်စီရဲ့ ကျမ်းသစ္စာကျိန်ဆိုမှုတွေနဲ့အတူ ၁၇ ကြိမ်မြောက် အောက်လွှတ်တော် Lok Sabha ရွေးကောက်ပွဲကြီးရဲ့ လုပ်ငန်းစဉ်တွေအဆုံးသတ်သွားခဲ့ပါတယ်။ ပထမကက်ဘိနက်အဖွဲ့ အစည်းအဝေးပွဲကို မကြာမှီကျင်းပမဲ့ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြတဲ့ အမတ်တွေအတွက် တိုတောင်းတဲ့ ပါလီမန်အောက်လွှတ်တော် Lok Sabha အစည်းအဝေးပိုင်းမှာ ပြုလုပ်လိမ့်မယ်ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံကို မှန်ကန်စွာဘဲ ရည်မှန်းချက်ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံလို့ ခေါ်တွင်ကြပါတယ်။ သန်းပေါင်း (၉၀၀) ကျော်ရှိတဲ့ မဲဆန္ဒရှင်တွေထဲက ၆၇% တို့ဟာ Mr Modi ရဲ့ ဖွံ့ဖြိုးမှုအေဂျင်ဒါကို ထောက်ခံမဲပေးခဲ့ကြပါတယ်။

ဒုတိယအကြိမ်မြောက် Modi အစိုးရဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးက ကြမ်းတမ်းတဲ့လေလှိုင်းဒါဏ်ကို ခံနေရတဲ့အချိန်မှာ အဲဒီအဓိကစိန်ခေါ်မှုကိုလည်း ရင်ဆိုင်ရပေလိမ့်မယ်ဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ရဲ့ အခွန်နှုန်းဆိုင်ရာ စစ်ပွဲနဲ့ အမေရိကန်ပြည်ထောင်စုက အီရန်နိုင်ငံအပေါ် ဒါဏ်ခတ်ပိတ်ဆို့မှုတွေ တခါပြန်ချမှတ်လိုက်တာကြောင့် ပါရှန်ပင်လယ်ကွေ့ဒေသပိုင်းမှာ ပြဿနာတွေမြင့်မားလာနေဒါကို ရင်ဆိုင်နေရပါတယ်။ ဒီအကြောင်းအချက်တွေက ကမ္ဘာလုံးဆိုင်ရာ ရေနံစိမ်းဈေးနှုန်းကို မြင့်တက်စေနေဒါကြောင့် အိန္ဒိယနိုင်ငံရဲ့ ဖေါင်းပွမှုအပေါ် အကျိုးသက်ရောက်နိုင်ပါတယ်။ ဝန်ကြီးချုပ် Mr Modi ရဲ့ အစိုးရ ပထမသက်တမ်းမှာ ဖေါင်းပွမှုကို ထိန်းချုပ်နိုင်ခဲ့သလို အနာဂါတ်မှာလည်း ဆက်လက်ပြီး ဖေါင်းပွမှုကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီအစိုးရကို စိုက်ပျိုးရေးနယ်ပယ်မှာ နည်းလမ်းသစ်တွေဖေါ်ထုတ်ပြီး၊ တောင်သူလယ်သမားတွေရဲ့ လူနေမှုဘဝကို တိုးတက်စေလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

ကြီးကျယ်ခမ်းနားလှတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို နိုင်ငံခေါင်းဆောင်တွေ၊ BIMSTEC အဖွဲ့ဝင်နိုင်ငံအစိုးရခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ Kyrgyzstan နိုင်ငံသမ္မတနဲ့ Mauritius နိုင်ငံဝန်ကြီးချုပ်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ ဒီအခမ်းအနားဟာ အိန္ဒိယနိုင်ငံရဲ့ “အိမ်နီးချင်းပထမ” ပေါ်လစီကို အတည်ပြုလိုက်တာဘဲဖြစ်ပါတယ်။ ဒီပေါ်လစီရဲ့ စိတ်ရင်းကတော့ ဒေသပိုင်းအတွင်း ပူးပေါင်းကြီးပွားတိုးတက်ရေးကို ရှာဖွေခြင်းဖြစ်တယ်ဆိုဒါ ရှင်းလင်းနေပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Manish Anand ဝေဖန်ရေးသားထားဒါကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”