အင်ဒိုနီးရှားနိုင်ငံတွင် Jokowi ပြန်လည်အာဏာရရှိလာခြင်း



သောတရှင်များရှင် ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အရှေ့အာရှနှင့် အရှေ့တောင်အာရှဒေသရေးရာ မဟာဗျူဟာရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Rahul Mishara ဝေဖန်ရေးသားပေးပို့ထားတဲ့ “အင်ဒိုနီးရှားနိုင်ငံတွင် Jokowi ပြန်လည်အာဏာရရှိလာခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

အင်ဒိုနီးရှားနိုင်ငံတွင် သမ္မတရွေးကောက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၁ လကြာ စောင့်ဆိုင်းခဲ့ရပြီးတဲ့နောက် Jokowi အဖြစ်လူသိများတဲ့ Mr. Joko Widodo အနိုင်ရရှိလိုက်ပြီလို့ ကြေညာခြင်း ခံခဲ့ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ဧပြီလ ၁၇ ရက်နေ့က ရွေးကောက်ပွဲတွေ ဖြစ်ပွားခဲ့ရာ သမ္မတနှင့် ဒုသမ္မတ ရွေးကောက်ပွဲတွေနှင့်အတူ ပြည်သူ့အတိုင်ပင်ခံလွှတ်တော်နှင့် ဒေသန္တရ ဥပဒေပြု အဖွဲ့ဝင်များအတွက်လည်း ရွေးကောက်ပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

မဲဆန္ဒရှင် ၁၅၄ သန်းနှင့် ရာချီရှိတဲ့ ကျွန်းစုဒေသတွေမှာ ရွေးကောက်ပွဲတွေကို ရှုပ်ထွေးလှတဲ့ အဆင့်အသီးသီးတို့နှင့်အတူ ၁၈ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီးနောက် KPU ခေါ် အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ဧပြီလ ၁၇ ရက်နေ့ ရွေးကောက်ပွဲရလဒ်တွေကို မေလ ၂၁ ရက်နေ့မှာ ကြေညာအတည်ပြုခဲ့ပါတယ်။

Mr. Jokowi ရဲ့ အနိုင်ရရှိမှုဟာ အာရှဒေသမှ အခြေအနေတွေကို ပိုမိုစိတ်ဝင်စားဖွယ်အချက် ဖြစ်လာခဲ့သလို အခြားတဖက်မှာဆိုရင် အိန္ဒိယနိုင်ငံမှာလည်း Mr. Narendra Modi ဦးဆောင်တဲ့ NDA မဟာမိတ်အဖွဲ့က ရွေးကောက်ပွဲ အနိုင်ရရှိသွားတဲ့အပြင် ဩစတြေးလျားနိုင်ငံမှာလည်း Mr. Scott Morrison အနိုင်ရရှိခဲ့တာကြောင့် အိမ်နီးချင်းတွေဖြစ်ကြတဲ့ ဒီမိုကရေစီနိုင်ငံ ၃ နိုင်ငံတို့ဟာ ၎င်းတို့ရဲ့ အကြီးမားဆုံးသော စုပေါင်းပွဲတော်ကြီး ပြီးစီးသွားတာကို တွေ့ရှိရပါတယ်။

အဆိုပါ ၃ နိုင်ငံတို့မှခေါင်းဆောင်တွေဟာ အလွန်ခက်ခဲလှတဲ့ ရွေးကောက်ပွဲဆိုင်ရာ ယှဉ်ပြိုင်မှုတွေကို ရင်ဆိုင်ခဲ့ရတာက အလွန်စိတ်ဝင်စားစရာအချက် ဖြစ်ခဲ့ပါတယ်။ သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံမှ Mr. Jokowi၊ အိန္ဒိယနိုင်ငံမှ Mr. Narendra Modi နှင့် ဩစတြေးလျားနိုင်ငံမှ Mr. Scott Morrison တို့အားလုံးတို့ဟာ ရွေးကောက်ပွဲတွေကို အလွယ်တကူ အနိုင်ရရှိခဲ့ပြီး မိမိတို့ရဲ့ သက်ဆိုင်ရာ ဌာနရုံးတွေကို ပြန်လည်ရရှိခဲ့ကြပါတယ်။

ရွေးကောက်ပွဲမှာ Mr. Jokowi ဟာ မဲအရေအတွက် ၅၅% ထက်ပိုတဲ့ စုစုပေါင်း မဲ ၈၅ သန်းကျော် ရရှိခဲ့ပြီး ၎င်းရဲ့ပြိုင်ဖက်ဖြစ်သူ ကြည်းတပ်မတော် ဒုဗိုလ်ချုပ်ဟောင်း Mr. Prabowo Subianto က မဲအရေအတွက် ၄၅% သာ ရရှိခဲ့ပါတယ်။ Mr. Subianto ဟာ ၂၀၁၄ ခုနှစ်၊ ရွေးကောက်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်ခဲ့ရာ Mr. Jokowi ကပဲ အနိုင်ရရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်၊ ရွေးကောက်ပွဲမှာ Mr. Jokowi အနိုင်ရရှိမှုကိုကြည့်ခြင်းအားဖြင့် အင်ဒိုနီးရှားနိုင်ငံအတွင်း ၎င်းကို ပြည်သူလူထု အတော်များများ ကြိုက်နှစ်သက်ကြောင်း ထင်ရှားလှပါတယ်။

ပြည်သူ့အတိုင်ပင်ခံ လွှတ်တော် (အမျိုးသားလွှတ်တော်) ဆိုင်ရာ အမတ်နေရာအတွက်လည်း Mr. Jokowi ဦးဆောင်တဲ့ PDP ခေါ် အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရက်တစ်ပါတီက မဲအရေအတွက် ၂၇ သန်းဖြင့် အနိုင်ရရှိခဲ့ပြီး အများဆုံးရရှိခဲ့သည့်ပါတီအဖြစ် ပေါ်ထွက်လာခဲ့ကာ Gerindra ပါတီက မဲအရေအတွက် ၁၇.၆ သန်း ရရှိခဲ့ပြီး ဒုတိယနေရာမှာ ရှိနေခဲ့ပါတယ်။

ဒါပေမယ့်လည်း ရွေးကောက်ပွဲမှာ Mr. Jokowi ရဲ့ အနိုင်ရရှိမှုကို မျှတမှုမရှိကြောင်းနှင့် ဘက်လိုက်မှုရှိတဲ့ ရွေးကောက်ပွဲဖြစ်စဉ်တွေဖြစ်တယ်လို့ Mr. Subianto ထောက်ခံသူတွေက ဖော်ပြလျှက် ရွေးကောက်ပွဲရလဒ်တွေကို လက်မခံခဲ့တာကြောင့် ဂျကာတာမြို့ အဓိကရုဏ်း ဖြစ်ပွားခဲ့ရာ လူ ၆ ဦးသေဆုံးခဲ့ပြီး အခြားသူ ၂၀၀ ကျော်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ အဲဒီနောက် အခြေအနေတွေကို ထိန်းချုပ်မှုအောက်မှာ ထားရှိနိုင်ခဲ့ပြီး လူမှုဆက်သွယ်ရေး ကွန်ယက်တွေကို ပိတ်ပင်ခဲ့ပါတယ်။

Mr. Subianto ဟာ ရွေးကောက်ပွဲရလဒ်တွေအပေါ် အခြေခံဥပဒေရုံးဌာနမှာ စိန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့ရာ ယခင်ရွေးကောက်ပွဲတုံးက အလားတူလုပ်ဆောင်ချက်ကလည်း မအောင်မြင်ခဲ့ပါဘူး။ အတိုက်အခံပါတီဟာ ရွေးကောက်ပွဲရလဒ်ကို လိမ်ညာမှုဖြစ်တယ်လို့ ဖော်ပြခဲ့ပေမယ့်လည်း ခိုင်လုံတဲ့ သက်သေအထောက်အထား မပေးနိုင်ခဲ့တာကြောင့် မအောင်မမြင် ဖြစ်ခဲ့ရသလို ဒီတကြိမ်မှာလည်း အလားတူ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

အိန္ဒိယဝန်ကြီးချုပ်နှင့် အင်ဒိုနီးရှားနိုင်ငံ သမ္မတတို့ ပြန်လည်ရွေးချယ်တင်မြှောက်မှု ဖြစ်ပေါ်လာခြင်းအားဖြင့် ၂ နိုင်ငံတို့ရဲ့ ဆက်ဆံရေးတွေ နောက်ထပ်တိုးတက်လာနိုင်ပြီး ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေး၊ စီးပွားရေး ကြီးထွားတိုးတက်ရေးနှင့် ဖြစ်နေကြမဟုတ်တဲ့ လုံခြုံရေးရာ စိန်ခေါ်ချက်တွေကို ရင်ဆိုင်ဖြေရှင်းသွားနိုင်မှာဖြစ်ပါတယ်။ ၂ နိုင်ငံစလုံးတို့ဟာ အရှေ့အာရှဒေသ ထိပ်သီးညီလာခံနှင့် အာဆီယံ ဒေသဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများအပြင် G-20 အဖွဲ့ဝင်နိုင်ငံများ ဖြစ်နေကြပါတယ်။

၂၀၁၈ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံသို့ Mr. Modi ရဲ့ ခရီးစဉ်အတွင်း ၂ နိုင်ငံအကြား ဆက်ဆံရေးတွေ တိုးတက်စေခဲ့တာကြောင့် အပြန်အလှန်ကုန်သွယ်ရေးမှာ ဒေါ်လာပေါင်း သန်း ၂၀ ရှိခဲ့ရာကနေ ၂၀၂၅ ခုနှစ်အရောက်မှာ ဒေါ်လာ သန်း ၅၀ အထိ ရှိလာလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ လာမယ့် ၅ နှစ်ကာလအတွင်း ၂ နိုင်ငံတို့မှ ခေါင်းဆောင် ၂ ဦးစလုံးတို့ဟာ မိမိတို့နိုင်ငံအကျိုးအတွက် နှစ်ဦးနှစ်ဖက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးအတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတားအဆီးများကို ဖယ်ရှားပြီး လက်တွဲလုပ်ဆောင်မှု ပြုလုပ်သွားသင့်ကြောင်း… စသဖြင့် ဆောင်းပါးရှင် Dr. Rahul Mishara ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ရှင်။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”