“အိန္ဒိယနိုင်ငံရဲ့ Chandrayaan-2 မစ်ရှင် စတင်ရန်ရှိခြင်း”



သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Yogesh Sood ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံရဲ့ Chandrayaan-2 မစ်ရှင် စတင်ရန်ရှိခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

အိန္ဒိယနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် လကမ္ဘာမစ်ရှင် Chandrayaan-2 ကို ယခုနှစ် ဇူလိုင်လအတွင်း စတင်ဘို့ စီမံထားပါတယ်။ ဒီမစ်ရှင်မှာ နိုင်ငံတဝှမ်းရှိ သုတေသနဌာနတွေ ဆောက်လုပ်ထားတဲ့ သိပ္ပံနည်းပညာရေးရာ စမ်းသပ်လေ့လာမှုတွေနဲ့ Data စာရင်းကောက်ယူရေး ဂြိုလ်တုငယ် (၁၃) ခုတို့ ပါဝင်လိမ့်မယ်ဖြစ်ကြောင်း အိန္ဒိယအာကာသ သုတေသနအဖွဲ့ကြီး ISRO ရဲ့ ဖေါ်ပြချက်အရ သိရှိရပါတယ်။ အဆိုပါ အာကာသယာဉ်ဟာ အလေးချိန် (၃.၈) တန်ခန့်ရှိပြီး Orbiter ခေါ် ဂြိုလ်ပါတ်ယာဉ်၊ Vikram လို့ နာမည်ပေးထားတဲ့ Lander ဆင်းသက်ယာဉ်နဲ့ Pragyan ခေါ် Rover မောင်းနှင်းသွားလာရေးယာဉ်သုံးမျိုးပါရှိလိမ့်မယ်ဖြစ်ပါတယ်။ NASA ရဲ့ ရပ်တည်နေတဲ့ ယာဉ်ငယ်ဟာ ကမ္ဘာမြေရဲ့ တခုတည်းသော သဘာဝဂြိုလ်ဖြစ်တဲ့ လကမ္ဘာတို့အကြား အကွာအဝေးကို တိုင်းတာဘို့ ရည်ရွယ်ထားပါတယ်။ အဆိုပါအာကာသအေဂျင်စီရဲ့ ထုတ်ဖေါ်ချက်အရ ယာဉ်ငယ်အားလုံးတို့ဟာ လာမဲ့ ဇူလိုင်လ ၉ ရက်နေ့မှ ၁၆ ရက်နေ့အကြား Chandrayaan-2 လွှင့်တင်ရေးအတွက် အသင့်ရှိနေကြပြီး လမျက်နှာပြင်ပေါ် ဆင်းသက်ရေးကို စက်တင်ဘာလ (၆) ရက်နေ့မှာ ပြုလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သိရှိရပါတယ်။ ဂြိုလ်ပါတ်ယာဉ်ဟာ လမျက်နှာပြင်မှ ကီလိုမီတာ (၁၀၀) ခန့်မှာ လည်ပါတ်မယ်ဖြစ်ပြီး၊ ဆင်းသက်ယာဉ် Vikram ဟာ လမျက်နှာပြင်ရဲ့ တောင်ဝင်ရိုးစွန်းအနီး၊ ဖြေးညှင်းစွာ ဆင်းသက်ပြီး၊ Rover ခေါ် လည်ပါတ်ယာဉ် Vikram ဟာ စမ်းသပ်မှုတွေ ပြုလုပ်လိမ့်မယ်ဖြစ်ပါတယ်။

လမျက်နှာပြင်မှာ ရေရှိကြောင်း တွေ့ရှိခဲ့တဲ့ Chandrayaan-1 ဟာ ကြီးမားတဲ့ အောင်မြင်မှုကို ရယူနိုင်ခဲ့ပြီး၊ ဒီအာကာသယာဉ်မှာ ဥရောပမှ ဂြိုလ်တု (၃) လုံးနဲ့ အမေရိကန်ပြည်ထောင်စုမှ ဂြိုလ်တု (၂) လုံးတို့ကို သယ်ဆောင်သွားခဲ့ပါတယ်။ Chandrayaan-2 ဟာ နည်းပညာအရ အဆင့်မြင့်တပ်ထားဒါဖြစ်ပြီး၊ လကမ္ဘာသို့ မစ်ရှင်တွေထဲမှာ ခေတ်အမှီဆုံးဖြစ်ပါလိမ့်မယ်။

ISRO ဥက္ကဌ Dr. K Sivan ဟာ ခြေငါးချောင်းတပ်ဆင်ထားတဲ့ ဆင်းသက်ယာဉ် Vikram က လမျက်နှာပြင်ပေါ် စက်တင်ဘာလ (၆) ရက်နေ့ သို့မဟုတ် အဲဒီနေ့ပါတ်ဝန်းကျင်မှာ ဆင်းသက်ပြီးဒါနဲ့ Robotic သွားလာယာဉ် Pragyan က သူ့ရဲ့ပါတ်ဝန်းကျင်က လမျက်နှာပြင်အခြေအနေတွေကို စူးစမ်းလေ့လာပြီး၊ လမျက်နှာပြင်ပေါ် မီတာ ၃၀၀ မှ ၄၀၀ အထိ ရွေ့လျားသွားလာမှာဖြစ်ကာ Pragyan က လမျက်နှာပြင်ပေါ် (၁၄) ရက်ကြာမျှရှိနေပြီး၊ သိပ္ပံရေးရာ စမ်းသပ်လေ့လာမှုအမျိုးမျိုးကို ပြုလုပ်လိမ့်မယ်လို့ ဖေါ်ပြခဲ့ပါတယ်။ The Rover ဟာ လမျက်နှာပြင်မှာ ပါဝင်တဲ့ဓါတ်သတ္တုနှင့် တခြားအရာတွေကို ခွဲခြမ်းစိတ်ဖြာပြီး၊ Data စာရင်းနဲ့ ရုပ်ပုံတွေကို ကမ္ဘာမြေပြင်သို့ Orbiter ခေါ် ဂြိုလ်ပါတ်လမ်းကြောင်းထဲ လည်ပါတ်နေတဲ့ယာဉ်ကတဆင့် (၁၅) မိနစ်အတွင်း ပေးပို့လိမ့်မယ်ဖြစ်ပါတယ်။ အလေးချိန် ၃၈၀၀ ကီလိုဂရမ်ရှိတဲ့ အာကာသယာဉ်မှာ လကမ္ဘာကို ကီလိုမီတာ (၁၀၀) အကွာမှ လည်ပါတ်နေမဲ့ Orbiter ဂြိုလ်ပါတ်ယာဉ်တစင်း ပါဝင်ပါတယ်။ Chandrayaan-2 မစ်ရှင်ဟာ ယနေ့အထိ ISRO က တာဝန်ယူခဲ့တဲ့ မစ်ရှင်တွေထဲမှာ အရှုပ်ထွေးဆုံးဖြစ်ပြီး၊ အဓိကအားဖြင့် လမျက်နှာပြင်ရဲ့ တောင်ဝင်ရိုးစွန်းမှာ ပျော့ပြောင်းဖြေးငြင်းစွာ ဆင်းသက်ရေးဘဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဇန်နဝါရီလမှာ ISRO ဟာ “ကျွန်ုပ်တို့ဟာ မည်သူကမျှ မရောက်ရှိဘူးသေးတဲ့ လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းပေါ် ဆင်းသက်မှာဖြစ်ပါတယ်၊ ဒီအရပ်ဟာ လုံးဝစူးစမ်းလေ့လာခြင်းမပြုရသေးတဲ့ နေရာဖြစ်တယ်” လို့ ဖေါ်ပြခဲ့ပါတယ်။

အကယ်၍သာ Chandrayaan-2 ဟာ လကမ္ဘာပေါ် အောင်မြင်စွာ ဆင်းသက်နိုင်မယ်ဆိုရင် အိန္ဒိယနိုင်ငံဟာ လမျက်နှာပြင်ပေါ် ဆင်းသက်တဲ့ စတုတ္ထမြောက် နိုင်ငံဖြစ်လာပါလိမ့်မယ်။ အိန္ဒိယနိုင်ငံဟာ ရုရှား၊ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့နောက်ပိုင်း လကမ္ဘာပေါ် အာကာသယာဉ်ဆင်းသက်စေနိုင်ခဲ့တဲ့ စတုတ္ထမြောက်နိုင်ငံဖြစ်လာဘို့ရှိနေပြီး၊ Israel နိုင်ငံက လက်ဦးသွားမဲ့အနေအထားမှ သီသီကလေး လွှတ်မြောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ Israel နိုင်ငံရဲ့ Beresheet ဟာ လွန်ခဲ့တဲ့ ဧပြီလ (၁၂) ရက်နေ့မှာ လကမ္ဘာပေါ်ဆင်းသက်ဘို့ မအောင်မြင်ဖြစ်ခဲ့ရပါတယ်။ ယခုနှစ် ဇန်နဝါရီလအတွင်းက တရုတ်နိုင်ငံရဲ့ Chang’e 4 အာကာသယာဉ်ဟာ “Dark Side” လို့ခေါ်တဲ့ ဝေးကွာတဲ့နေရာမှာ ဆင်းသက်ခဲ့ဒါကို မှတ်မိကြမယ်ဖြစ်ပါတယ်။



Chandrayaan-2 ရဲ့အောင်မြင်မှုဟာ ISRO ရဲ့ အောင်မြင်မှုမှာ နောက်ထပ်မှတ်ကျောက်တခုဖြစ်ပါလိမ့်မယ်။ အိန္ဒိယနိုင်ငံရဲ့ အာကာသအဖွဲ့ကြီးဟာ မိမိအတွက် အာကာသယာဉ် လွင့်တင်ရေးနယ်ပယ်မှာ ဦးဆောင်တဲ့နိုင်ငံတခုအဖြစ် နေရာရယူထားပြီးဖြစ်ပါတယ်။ Chandrayaan-2 မစ်ရှင်ဟာ ISRO ရဲ့ အောင်မြင်မှုမှာ ထပ်လောင်း ဂုဏ်ရောင်ဖြည့်စွက်ပေးမှာကတော့ မုချမလွှဲဘဲဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Yogesh Sood ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”