Brexit အရေး သဘောတူညီချက်အတွက် နောက်ဆုံး လုပ်ဆောင်ချက်နှင့် နောက်ထပ် ဘာတွေထပ်ဖြစ်လာမလဲ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဥရောပ ဒေသရေးရာ မဟာဗျူဟာရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Ashok Handoo ဝေဖန်ရေးသားပေးပို့ထားတဲ့ “Brexit အရေး သဘောတူညီချက်အတွက် နောက်ဆုံး လုပ်ဆောင်ချက်နှင့် နောက်ထပ် ဘာတွေထပ်ဖြစ်လာမလဲ” ဆိုတဲ့အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ယခင်က ဗြိတိန်နိုင်ငံ ပါလီမန်လွှတ်တော်ဟာ မစ္စစ် Theresa May ရဲ့ Brexit သဘောတူညီချက်ကို ၃ ကြိမ် ပယ်ချခဲ့ခြင်းနှင့်အတူ ဗြိတိန်နိုင်ငံ ခေါင်းဆောင်ဟာ သူမရဲ့ နှုတ်ထွက်ရေး သဘောတူညီချက်နှင့်ပတ်သက်လို့ နောက်ဆုံးအကြိမ် စိန်ခေါ်ချက်ကို ရင်ဆိုင်နေရပြီး ဒီတစ်ကြိမ်မှာ ထပ်ပြီးပယ်ချခဲ့မယ်ဆိုရင်တော့ ဒါဟာ သဘောတူညီချက်အတွက်ရော လက်ရှိအစိုးရအတွက်ပါ ၂ ခုစလုံးအတွက် ဘေးဒုက္ခကျရောက်စေမယ့် ရလဒ်ဆိုးတွေ ပေါ်ပေါက်စေမှာဖြစ်တယ်လို့ ဥရောပ သမဂ္ဂမှ ခွဲထွက်ရေးဆိုင်ရာ ဝန်ကြီး Mr. Stephen Barclay က ကြေညာဖော်ပြခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ဒီသဘောတူညီချက်ဟာ ပျက်စီးပျောက်ကွယ်သွားမှာဖြစ်တယ်လို့လည်း ၎င်းက ဖော်ပြခဲ့ပါတယ်။ လက်ရှိအားဖြင့် အလွန်အားပျော့နေတဲ့ အနေအထားမှာရှိနေသူ မစ္စစ် Theresa May ဟာ ပါလီမန်လွှတ်တော်ရဲ့ အတည်ပြုချက်ရရှိဖို့အတွက် သဘောတူညီချက်ကို အောက်လွှတ်တော်သို့ မကြာမီ တင်သွင်းသွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သဘောတူညီချက်ကို ကန့်ကွက်နေသူတွေအတွက် အဓိက စိုးရိမ်ချက်ကတော့ အချိန် ၁ လခွဲနီးပါး စေ့စပ်ညှိနှိုင်းမှုကာလအတွင်းမှာ ထပ်မံပြောင်းလဲမှုတွေ ပါမပါဆိုတာပဲ ဖြစ်ပါတယ်။

သူမရဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ် ပါတီတွင်းမှ ဥရောပ သမဂ္ဂ အာဏာကြီးထွားလာမှုကို ကန့်ကွက်ဆန့်ကျင်နေသူတွေက ဒီသဘောတူညီချက်ဟာ ဗြိတိန်နိုင်ငံကို အကောက်ခွန်ဆိုင်ရာ သမဂ္ဂအတွင်း ဆက်လက်ထားရှိနေတယ်လို့ ဖော်ပြနေကြပြီး ဒီမိုကရက်တစ် သမဂ္ဂဝင် ပါတီကတော့ ဒီသဘောတူညီချက်မှာ ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးနှင့် အခြေခံဥပဒေဆိုင်ရာ တည်တံ့ခိုင်မြဲရေးကို ကာကွယ်ဖို့နှင့် မြောက်ပိုင်း အိုင်ယာလန်ဒေသနှင့် Great Britain ခေါ် အင်္ဂလန်၊ ဝေလနယ်နှင့် စကော့တလန် ဒေသတို့အကြား ကုန်စည်နှင့်လူထု စစ်ဆေးရေး နယ်ခြားဂိတ်တွေထားရှိဖို့ ရှောင်ကြဉ်သွားမယ့် ပြောင်းလဲချက်တွေပါရှိတဲ့အချိန်ရောက်မှသာလျှင် သဘောတူညီချက်က အောင်မြင်နိုင်လိမ့်မယ်လို့ ၎င်းတို့ရဲ့ ဖော်ပြချက်နှင့် ရပ်တည်ချက် သဘောထားရှိနေပါတယ်။ အလုပ်သမားရေး ပါတီကတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးနှင့် ဗြိတိန်နိုင်ငံအတွင်း နေထိုင်နေကြတဲ့ ဥရောပ သမဂ္ဂဝင် နိုင်ငံသားတွေနှင့် ဥရောပ သမဂ္ဂအတွင်း နေထိုင်နေကြတဲ့ ဗြိတိန်နိုင်ငံသားတွေရဲ့ အရေးကိစ္စနှင့်ပတ်သက်ပြီး သဘောတူညီချက်ကို ကန့်ကွက်နေကြပါတယ်။ ဥရောပ သမဂ္ဂဝင်ကိစ္စနှင့်ပတ်သက်ပြီး ဒုတိယအကြိမ် လူထုဆန္ဒ ခံယူဖို့အတွက် တောင်းဆိုနေကြပါတယ်။ အလုပ်သမားရေး ပါတီဟာ စတုတ္ထအကြိမ် မဲခွဲဆုံးဖြတ်ရာမှာ ကြားနေမဲ ပေးသွားနိုင်ဖွယ် အခွင့်အလမ်းတွေရှိတာကြောင့် မစ္စစ် May ရဲ့ သဘောတူညီချက်ကို ပထမအဆင့် ပါလီမန်လွှတ်တော်ရဲ့ အတည်ပြုကို ကျော်လွှားသွားစေနိုင်မှာ ဖြစ်ပါတယ်။ မြစိမ်းရောင်ပါတီ၊ လစ်ဗရယ် ပါတီဝင်တွေ၊ စကော့တစ်ရှ် အမျိုးသားပါတီနှင့် Plaid Cymru ပါတီစတဲ့ ပါတီအားလုံးတို့ကတော့ Brexit အရေးကိစ္စ တစ်ခုလုံးကို ကန့်ကွက်နေကြပါတယ်။

ကွန်ဆာဗေးတစ် ပါတီအတွက်ဆိုရင် လာမယ့်နေ့ရက်တွေမှာ စိန်ခေါ်ချက်တွေက များစွာ ခက်ခဲလာမှာဖြစ်ပါတယ်။ ပါလီမန်လွှတ်တော်အတွင်း အနေအထားတွေ တင်းကျပ်လာပြီး ‘သဘောတူညီချက် မရရှိရေး’ နှင့် ‘Brexit ကိစ္စ မဖြစ်ပွားရေး’ တို့အကြား ရွေးချယ်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ Brexit အရေးဆိုင်ရာ ရုတ်ရုတ်သဲသဲ ဖြစ်ပွားနေတာတွေအပြင် ယခုလအတွင်းပြုလုပ်ခဲ့တဲ့ ဒေသန္တရ ရွေးကောက်ပွဲတွေမှာ ကောင်စီဝင် ၁၃၃၄ ဦးအထိ အများအပြား ရှုံးနိမ့်ခဲ့ရပြီး ဥရောပ သမဂ္ဂကို အပြင်းအထန်ထောက်ခံတဲ့ လစ်ဗရယ် ဒီမိုကရစ်တို့ဟာ အမတ်နေရာ ၇၀၃ နေရာတို့ကို ရရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်၊ မေလ ၂၃ ရက်နေ့မှာပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဥရောပ သမဂ္ဂ ပါလီမန်လွှတ်တော် ရွေးကောက်ပွဲတွေမှာလည်း Mr. Nigel Farage ရဲ့ Brexit ပါတီဟာ အဓိက နိုင်ငံရေးပါတီကြီး ၂ ခုတို့ဖြစ်ကြတဲ့ အလုပ်သမားရေးပါတီရဲ့ ၂၁% နှင့် Tory တို့ရဲ့ ၁၂% တို့နှင့် နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၃၀ ရာနှုန်းနှင့် ဦးဆောင်လျှက်ရှိပါတယ်။

အိန္ဒိယနိုင်ငံအတွက်တော့ ‘သဘောတူညီချက် ရရှိရေး’ ဒါမှမဟုတ် ‘သဘောတူညီချက် မထားရှိရေး’ တို့ဟာ ဗြိတိန်နိုင်ငံနှင့်အတူ အိန္ဒိယနိုင်ငံရဲ့ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးတို့ကို မည်သို့မည်ပုံ သက်ရောက်သွားနိုင်တယ်ဆိုတဲ့အပေါ် အရေးပါတဲ့ ထင်မြင်ချက် သဘောထားအသီးသီးတို့ ရှိနေကြပါတယ်။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အိန္ဒိယနိုင်ငံတော် ဗဟိုဘဏ်တိုက်ကြီးရဲ့ အစီရင်ခံချက်တစ်ခုမှာ “၂၀၁၉ ခုနှစ်၊ မတ်လအတွင်း Brexit အရေး ဖြစ်နိုင်ခြေအလားအလာဟာ ၂ နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက်တွေကို ထပ်မံ ညှိနှိုင်းမယ်ဆိုရင် အိန္ဒိယ ပြည်ပတင်ပို့သူတွေအတွက် အခွင့်အလမ်းတွေ ပေးသွားလိမ့်မယ်” လို့ ဖော်ပြထားပါတယ်။ အခြားတစ်ဖက်မှာဆိုရင် တောင့်တင်းခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးတွေ ရှိနေတာကြောင့် အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားကဏ္ဍအတွက် ဂယက်ရိုက်မှုတွေ ရှိနေတဲ့ အရေးကိစ္စတစ်ရပ်အဖြစ်လည်း Brexit ကို သတ်မှတ်ရပါတယ်။ ‘သဘောတူညီချက် မထားရှိရေး’ အခြေအနေဟာ ဗြိတိန်နိုင်ငံရဲ့ ပေါင်ငွေကို အများဆုံး ဦးစွာထိခိုက်စေနိုင်ဖွယ်ရှိပြီး တဆက်တည်းမှာပဲ ပေါ်ထွက်နေတဲ့ ဈေးကွက်တွေကို ထိခိုက်စေနိုင်ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ ထိခိုက်နေတဲ့ ငွေကြေးဈေးကွက်တွေကို ဆိုးကျိုးသက်ရောက်မှုတွေနှင့် သူ့ရဲ့ အကြီးအကျယ် ဂယက်ရိုက်ခတ်မှုတွေဟာ တည်ငြိမ်မှုရှိတဲ့အခြေအနေကို ပြန်လည်ရောက်ရှိဖို့ အချိန်ကြာဦးမှာကတော့ ဧကန်မလွဲဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Sanghamitra Sarma ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”