ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်လာရေးအတွက် အိန္ဒိယနိုင်ငံ၏ ချီတက်လုပ်ဆောင်မှု
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အကြီးတန်း သတင်းစာဆရာ ဆောင်းပါးရှင် SHANKAR KUMAR ဝေဖန်ရေးသားပေးပို့ထားတဲ့ “ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်လာရေးအတွက် အိန္ဒိယနိုင်ငံ၏ ချီတက်လုပ်ဆောင်မှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
အဆင့်မြင့်နေရာတစ်ခု သတ်မှတ်ထားရှိဖို့ အချိန်ရောက်ရှိလာပြီး ဆုံးဖြတ်ချက် ချမှတ်ရာမှာတော့ ဝန်ကြီးချုပ် Mr. Narendra Modi ကို ဘယ်သူမှ မီမှာမဟုတ်ပါဘူး။ ဒုတိယအကြိမ် ၎င်းရဲ့ အစိုးရဟာ အင်သစ်အားသစ်နှင့် အိန္ဒိယနိုင်ငံတော်သစ်တစ်ရပ် တည်ဆောက်ဖို့အတွက် ခရီးသစ်တစ်ခုကို စတင်သွားမှာဖြစ်တယ်လို့ဖော်ပြခဲ့စဉ်မှာ သိသာထင်ရှားလှပါတယ်။ ပါလီမန် လွှတ်တော်ရဲ့ ဗဟိုခန်းမအတွင်း ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ဟာ ၂၀၂၂ ခုနှစ်အရောက်မှာ အိန္ဒိယနိုင်ငံသားတိုင်းရဲ့ အိပ်မက်တွေထားရှိရေးအတွက် သတ်မှတ်စီစဉ်ချက်ဖို့ပြောကြားချက်နှင့် ထပ်တူကျလျှက်ရှိပါတယ်။ အဲဒီအိပ်မက်တွေဟာ လာမယ့် ၃ နှစ်အတွင်း အိန္ဒိယနိုင်ငံသားတိုင်းအတွက် အရည်အသွေးကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး၊ အိမ်ယာတည်ဆောက်ရေးနှင့် တခြားသော အခြေခံ လိုအပ်ချက်တွေ ပံ့ပိုးပေးဖို့ အတွက်သာမက နိုင်ငံတော်ကို ကမ္ဘာ့အတိုင်းအတာအားဖြင့် မြင့်မားစေဖို့အတွက်ပါ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟာ NARA ခေါ် နိုင်ငံတော် မျှော်မှန်းချက်နှင့် ဒေသပိုင်းဆိုင်ရာ မျှော်မှန်းထားချက်ဆိုတဲ့ ကြွေးကြော်သံကို ဖော်ပြခဲ့ပြီး ဒီအချက်ဟာ မကြာတော့တဲ့ အနာဂတ်ကာလအတွင်း ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံဖြစ်လာဖို့ အိန္ဒိယနိုင်ငံရဲ့ ဆန္ဒသဘောထားနှင့်လည်း ထပ်တူကျလျှက်ရှိပါတယ်။ ဒါဟာ တီထွင်မွမ်းမံမှုနှင့် သိပ္ပံနည်းကျ သုတပညာရပ်ဝန်းကြီးဖြစ်လာရေးအတွက် အိန္ဒိယနိုင်ငံရဲ့ လမ်းပြမြေပုံနှင့်လည်း ကိုက်ညီလှပါတယ်။
ဒါပေမယ့်လည်း ဒါတွေ တကယ့်လက်တွေ့ဖြစ်ပေါ်မလာမီ အိန္ဒိယနိုင်ငံဟာ Ujwala စီမံကိန်း၊ Ayushman Bharat နှင့် တခြားစီမံကိန်းတွေလို လူထုအကျိုးပြု စီမံကိန်းတွေ တိုးချဲ့လုပ်ဆောင် သွားရမှာဖြစ်ပါတယ်။ အဲဒီလို စောင့်ရှောက်ရေးစီမံကိန်းတွေနှင့်အတူ အိန္ဒိယနိုင်ငံဟာ လာမယ့် ၅ နှစ်အတွင်း ဒေါ်လာပေါင်း ၅ ထရီလျံရှိတဲ့ စီးပွားရေးနိုင်ငံများ အုပ်စုဝင်နိုင်ငံ ဖြစ်လာရေးနှင့် ၂၀၃၀ ခုနှစ်မှာ ကမ္ဘာ့ တတိယအကြီးမားဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာစေဖို့အတွက် စီးပွားရေးယန္တရားကို နောက်ထပ် အရှိန်မြှင့်တင်သွားရမှာဖြစ်ပါတယ်။ ဒါဟာ စားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံရေး ကြီးထွားတိုးတက်မှုတို့ရဲ့ အထောက်အပံ့နှင့် အိန္ဒိယနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု GDP တန်ဖိုး ဒေါ်လာ ၁၀ ထရီလျံအထိ ရောက်ရှိလာမှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း စီးပွားရေး တိုးချဲ့ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဖြန့်ကျက်ရေးတို့ဟာ ဝန်ကြီးချုပ်ရဲ့ အိန္ဒိယနိုင်ငံတော်သစ်ဆိုင်ရာ လက္ခဏာတစ်ရပ်ဖြစ်မယ်ဆိုရင် နိုင်ငံတော်ကို သံတမန်ရေး၊ နိုင်ငံရေးနှင့် မဟာဗျူဟာရေးအားဖြင့် တောင့်တင်းခိုင်မာစေရေးတို့ကတော့ အိန္ဒိယနိုင်ငံရဲ့ မျှော်မှန်းချက်ဆိုင်ရာ နောက်ထပ်ဝိသေသ လက္ခဏာရပ်ဖြစ်ပါတယ်။ လာမည့် ၅ နှစ်ကာလဟာ ၁၉၄၂ ခုနှစ်နှင့် ၁၉၄၇ ခုနှစ်တို့အကြား ကာလကကဲ့သို့ နိုင်ငံတော်သမိုင်းမှာ အလွန်အရေးပါသွားလိမ့်မယ်လို့ ဝန်ကြီးချုပ်က အကြိမ်ကြိမ် ဖော်ပြခဲ့ပါတယ်။ အဲဒီကာလဟာ ဗြိတိသျှ ကိုလိုနီးအုပ်စိုးမှုလက်အောက်ကနေ အိန္ဒိယနိုင်ငံ လွတ်မြောက်ဖို့အတွက် နိုင်ငံရဲ့ အလွှာအသီးသီး၊ ဘာသာပေါင်းစုံနှင့် ခရိုင်ဒေသ အမျိုးမျိုးတို့မှပြည်သူလူထုတွေ တက်ညီလက်ညီ ကြိုးပမ်းခဲ့ကြတဲ့ ကာလလည်းဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ ကမ္ဘာ့အတိုင်းအတာနှင့် ထိုက်တန်တဲ့အနေအထားကို ပြန်လည်ရရှိနိုင်ဖို့ဆိုရင် အိန္ဒိယနိုင်ငံကို ပြဿနာရပ်တွေက လွတ်မြောက်ဖို့အတွက် အိန္ဒိယနိုင်ငံသားတွေမှာ အလားတူစိတ်ဓာတ် လိုအပ်နေပါတယ်။
ထိုနည်းတူစွာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အိန္ဒိယနိုင်ငံ အဖွဲ့ဝင်ဖြစ်ရေးအတွက် ကမ္ဘာတဝှမ်းမှ နိုင်ငံရေးရာနှင့် သံတမန်ရေးအဖွဲ့အစည်းတွေမှာ အချိန်ကိုက် လှုံ့ဆော်မှုတွေ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒီအရေးကိစ္စနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပိုမိုကိုယ်စားပြုမှုရှိပြီး ထိရောက်မှုရှိစေဖို့ ဘက်စုံ ပြုပြင်မွမ်းမံရေးဆိုင်ရာ ကြိုးပမ်းချက်တွေကို ထောက်ခံဖို့အတွက် Bishkek မြို့မှာ ပြုလုပ်ခဲ့တဲ့ Shanghai ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းရဲ့ နိုင်ငံခြားရေး ဝန်ကြီးများအဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ ဒီအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေကို နယူးဒေလီအစိုးရက တောင်းဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတို့မှာ အိန္ဒိယနိုင်ငံဟာ လုံခြုံရေးကောင်စီ တိုးချဲ့ဖွဲ့စည်းရေးအတွက် ရှေ့တန်းကနေ တောင်းဆိုနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗီတိုအာဏာ သုံးနိုင်တဲ့ ကုလသမဂ္ဂအဖွဲ့အစည်းကြီးရဲ့ လက်ရှိစနစ်မှာ တစ်စုံတစ်ရာသော ဖွဲ့စည်းမှုဆိုင်ရာ အပြောင်းအလဲပြုလုပ်ဖို့အရေး ၁ နိုင်ငံ ဒါမှမဟုတ် ၂ နိုင်ငံတို့က ကန့်ကွက်နေကြတာကြောင့် ဒီအဖွဲ့အစည်း တိုးချဲ့ရေးတောင်းဆိုချက်တွေဟာ မအောင်မမြင် ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးအနေအထားနှင့် ကမ္ဘာ့ခေါင်းဆောင် အားလုံးနီးပါးတို့နှင့်အတူ ဝန်ကြီးချုပ်ရဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုတွေ တိုးများဖြစ်တည်နေတာကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပြုပြင်မွမ်းမံရေးဟာ မကြာသေးတဲ့ အတိတ်ကာလအတွင်း သိသိသာသာ ထူးခြားမှုရှိလာခဲ့ပါတယ်။
ကမ္ဘာမှာ တာဝန်ခံနိုင်မှုရှိတဲ့နိုင်ငံအဖြစ် အိန္ဒိယနိုင်ငံဟာ သဘာဝ ပတ်ဝန်းကျင်အရေးကိစ္စတွေ အပါအဝင် အရေးကြီးတဲ့ကဏ္ဍအသီးသီးတို့မှာ အရေးပါတဲ့နေရာကနေ ဆောင်ရွက်လျှက်ရှိပါတယ်။ ရာသီဥတုဆိုင်ရာ တရားမျှတမှုရှိစေဖို့အတွက် နယူးဒေလီအစိုးရဟာ နိုင်ငံတကာ နေရောင်ခြည် မဟာမိတ်အဖွဲ့အစည်းကို ဦးစီးဦးဆောင်လုပ်ဖို့ သဘောတူညီထားပြီး ဒီအဖွဲ့ဟာ ကျောက်ဖြစ်ရုပ်ကြွင်း လောင်လာစီအပေါ် မီခိုနေရမှုလျော့ပါးစေဖို့အတွက် နေရောင်ခြည်စွမ်းအင်ဆိုင်ရာ အကျိုးရှိရှိ အသုံးပြုသွားရေးဆီသို့ မျှော်မှန်းထားပါတယ်။ အိန္ဒိယနိုင်ငံတော်သစ်ရဲ့ မျှော်မှန်းချက်ဟာ ဒီလုပ်ငန်းစဉ်ကို ထောက်ခံထားပြီး နိုင်ငံများစွာတို့ဟာ နိုင်ငံတကာ အရေးကိစ္စတွေမှာ ပိုမိုကြီးမားတဲ့ကဏ္ဍကနေ ပါဝင်လုပ်ဆောင်ဖို့ အိန္ဒိယနိုင်ငံကို ဖော်ပြနေကြပါတယ်။ ဒါပေမယ့်လည်း အိန္ဒိယနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စအသီးသီးတို့မှာ နိုင်ငံရဲ့ ရင့်ကျက်မှုရှိတဲ့ အနေအထားနှင့်အတူ သံတမန်ရေးကဏ္ဍကို လိမ္မာပါးနပ်စွာ ထိန်းသိမ်းနေခဲ့ပါတယ်။ “ကမ္ဘာကြီးဟာ မိသားစုတစ်ခုဖြစ်တယ်” ဆိုတဲ့ နယူးဒေလီ အစိုးရရဲ့ ဆန္ဒသဘောထား ခံယူချက်ဟာ အစိုးရရဲ့ နိုင်ငံခြားရေးပေါ်လစီ မျှော်မှန်းချက်တွေကို ကိုက်ညီလျော်ကန်စွာ ဖော်ပြလျှက်ရှိပါတယ်… စသဖြင့် ဆောင်းပါးရှင် SHANKAR KUMAR ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။
Comments
Post a Comment