“ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး”

သောတရှင်များခင်ဗျား၊ ဒီနေ့သတင်းဝေဖန်ချက်အခန်းမှာ၊ တရုတ်နိုင်ငံနှင့် ယူရေးရှေားဒေသရေးရာအပေါ် မဟာဗျူဟာ ရှုဒေါင့်မှ ခွဲခြမ်းစိတ်ဖြာလေ့လာသူ Sana Hashmi ရေးသားပေးပို့တဲ့ “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး” ဆိုတဲ့ခေါင်းစဉ်ပါဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။

ဒီသီတင်းပတ်အစောပိုင်းက၊ အိန္ဒိယပြည်ပရေးရာဝန်ကြီး Sushma Swaraj ၊ Kyrgyzstan နိုင်ငံ Bishkek မြို့တော်မှာကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ ဒါဟာ လက်ရှိပြည်ပရေးရာဝန်ကြီးအနေနဲ့ Mrs Swaraj နောက်ဆုံးသွားရောက်တဲ့ နိုင်ငံခြားခရီးစဉ်ဖြစ်ပါတယ်။ အိန္ဒိယအထွေထွေရွေးကောက်ပွဲရလဒ် မကြေညာမီ တရက်အလိုမှာ သူမအဲဒီအစည်းအဝေး တက်ရောက်ခဲ့တာကိုထောက်ရင်၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အပေါ် အိန္ဒိယနိုင်ငံ အလွန် အလေးထားတယ်ဆိုတာ ထင်ရှားပါတယ်။ ယခင်နှစ်များအတွင်း၊ အိန္ဒိယနိုင်ငံရဲ့ခေါင်းဆောင်များဟာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ရဲ့အစည်းအဝေးတွေကို အစဉ်တစိုက် တက်ရောက်ခဲ့ကြပါတယ်။ ဝန်ကြီးချုပ် Narendra Modi ဟာ၊ ၂၀၁၅ ခုနှစ် ရုရှားနိုင်ငံ Ufa မြို့မှာကျင်းပတဲ့ ၁၅ ကြိမ်မြောက် SCO ထိပ်သီးအစည်းအဝေးကတည်းက၊ SCO ထိပ်သီးအစည်းအဝေးတိုင်း တက်ရောက်ခဲ့ပါတယ်။

မနှစ်က၊ ပြည်ပရေးရာဝန်ကြီး Sushma Swaraj ၊ ကာကွယ်ရေးဝန်ကြီး Nirmala Sitharaman နဲ့ အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ Ajit Doval ကို ၊ တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ သက်ဆိုင်ရာ အစည်းအဝေးအသီးသီးကို တက်ရောက်ခဲ့ကြပါတယ်။ Doklam ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားပြီးတဲ့နောက်ပိုင်း၊ အဲဒီအစည်းအဝေးအသီးသီးဟာ အိန္ဒိယနဲ့ တရုတ်ဆိုင်ရာ ၂ ဖက်ခေါင်းဆောင်တွေ ဆွေးနွေးညှိနှိုင်းရာ စင်မြင့်များဖြစ်ကြပါတယ်။ ဒါ့အပြင်၊ နိုင်ငံစုံ အစည်းအဝေးမှာ အိန္ဒိယနိုင်ငံအတွက်၊ ရုရှားနိုင်ငံနဲ့၎င်း၊ အာရှအလယ်ပိုင်းနိုင်ငံတွေနဲ့၎င်း၊ ဆွေးနွေးရာစင်မြင့်များလည်းဖြစ်ပါတယ်။ ၂၀၁၉ SCO အစည်းအဝေးနဲ့ ကြုံခိုက် အိန္ဒိယပြည်ပရေးရာဝန်ကြီးဟာ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့တွေ့ဆုံပြီး၊ Wuhan အလွတ်သဘော ထိပ်သီးအစည်းအဝေးမှာ သဘောတူညီမှုရခဲ့သော မူများအတိုင်း ဆက်လက်ဆောင်ရွက်ဖို့ အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ ၂၀၁၇ ခုနှစ်မှာ ပါကစ္စတန်နိုင်ငံနဲ့အတူ SCO ရဲ့ တင်းပြည့်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ပါဝင်လာကြခြင်းအားဖြင့် ယူရေးရှားတနည်းအားဖြင့် ဥရောပနဲ့ အာရှတိုက်နိုင်ငံအချို့ ပါဝင်သောနယ်မြေကို ကိုယ်စားပြုသော SCO ဟာ အိန္ဒိယတိုက်ငယ်သို့ပါ ချဲ့ထွင်လာခဲ့ပါတယ်။ အဆင့်မျိုးစုံမှာကျင်းပတဲ့ SCO အစည်းအဝေးများ ပုံမှန်တက်ရောက်ခြင်းဟာ အိန္ဒိယနိုင်ငံအတွက် အရေးကြီးပါတယ်။ SCO မှာ အိန္ဒိယအဖွဲ့ဝင်နိုင်ငံဖြစ်လာခြင်းက၊ နယူးဒေလီရဲ့ အာရှအလယ်ပိုင်းနှင့် ပေါင်းကူးဆက်စပ်ရေးဝါဒကို တွန်းအားရစေပါတယ်။ Afghanistan နဲ့ အီရန်နှစ်နိုင်ငံတို့ဟာ SCO မှာ လေ့လာသူအဆင့် ရှိပါတယ်။ အစည်းအဝေးမှာ Mrs Swaraj က Afghanistan နိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ချောမွေ့ရန်ပြုလုပ်ရေး အိန္ဒိယနိုင်ငံရ့ ရပ်တည်ချက်ကို ထပ်လောင်း အတည်ပြုပြောကြားပါတယ်။ SCO Afghanistan ဆက်သွယ်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ရဲ့ လုပ်ငန်းစဉ်ကို အိန္ဒိယနိုင်ငံအပြည့်အဝ ထောက်ခံဖို့ သူမက ကမ်းလှမ်းပါတယ်။ ဒေသတွင်း သက်ဆိုင်ရာနိုင်ငံ၊ အဖွဲ့အစည်းများရဲ့ စုပေါင်းကြိုးပမ်းမှုနဲ့ စည်းဝါးကိုက်သော ထောက်ခံမှုမရှိဘဲ ဒီလုပ်ငန်းစဉ် ခရီးရောက်မှာမဟုတ်ပဲ၊ ရေရှည်တည်တံ့မဲ့ ဖြေရှင်းချက်ရမှာမဟုတ်ဖူးလို့ သူမက ထောက်ပြပါတယ်။ အဲဒီ Afghanistan ဆက်သွယ်ညှိနှိုင်းရေးအဖွဲ့ ရှေ့လုပ်ငန်းစဉ်ချမှတ်မဲ့ လမ်းပြမြေပုံ မူကြမ်းတခုကို စောလျင်စွာ အပြီးသတ်ရေးဆွဲဘို့ Mrs Swaraj က နှိုးဆော်ပါတယ်။ Afghanistan နိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် SCO ကို ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရာ စင်မြင့်တခုအဖြစ် အိန္ဒိယနိုင်ငံက ရူမြင်ပါတယ်။

အိန္ဒိယနိုင်ငံ SCO အဖွဲ့မှာ ပါဝင်လာခြင်းဟာ၊ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး ဒေသဆိုင်ရာ ကြိုးပမ်းမှုအတွက်လည်း အရေးကြီးပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း အိန္ဒိယနိုင်ငံဟာ အကြမ်းဖက်ဝါဒကို ပိုပြီး တက်ကြွစွာ တိုက်ဖျက်လာခဲ့ပါတယ်။ SCO ရဲ့ လက်အောက်ခံအဖွဲ့အစည်းတခုဖြစ်တဲ့ ဒေသဆိုင်ရာ အကြမ်းဖက်ဝါဒဆန့်ကျင်ရေးအဖွဲ့ကို အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေးဝါဒနဲ့ အစွန်းရောက်ဝါဒဆိုတဲ့ မကောင်းဆိုးဝါးသုံးခုကို ကိုင်တွယ်ဖို့ ဖွဲ့စည်းခဲ့ပါတယ်။ အိန္ဒိယဟာ၊ SCO တနှစ်တခါ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးမစ်ရှင်လို့ အမည်ပေးသော အကြမ်းဖက်ဝါဒနှိမ်နှင်းရေး စစ်ရေးလေ့ကျင့်ခန်းတွေမှာ ပါဝင်ဆင်နွှဲလာခဲ့ပါတယ်။ ဒီဒေသအတွင်း အကြမ်းဖက်ဝါဒနှိမ်နှင်းရေး ကြိုးပမ်းမှုတွေ ခိုင်မာတောင့်တင်းစေဘို့ ရည်ရွယ်ပြီး အိန္ဒိယနိုင်ငံ SCO အဖွဲ့သို့ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီဒေသအတွင်း ကူးလူးဆက်သွယ်မှုကို ကြံ့ခိုင်စေပြီး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ကို အာမခံနိုင်ရေး ကြိုးပမ်းဖို့ အိန္ဒိယနိုင်ငံ အခိုင်အမာ ဆုံးဖြတ်ထားပါတယ်။ ဒီအကြောင်းကို ပြည်ပရေးရာဝန်ကြီးက ထပ်မံ အတည်ပြုပြောကြားပါတယ်။ တောင်-မြောက် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေးစင်္ကြံ၊ Chabahar ဆိပ်ကမ်း၊ Ashgabat သဘောတူညီချက်နဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံနိုင်ငံ အဝေးပြေးလမ်းမစီမံကိန်းတွေဟာ အိန္ဒိယနိုင်ငံရဲ့ အဲဒီအခိုင်အမာဆုံးဖြတ်ချက်ရဲ့ ပြယုဂ်များဖြစ်ကြောင်း၊ သူမက ထောက်ပြပါတယ်။ သို့ပင်ဖြစ်လင့်ကစား၊ တရုတ်နိုင်ငံရဲ့ Belt and Road Initiative ဆိုတဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းဟာ၊ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးဝါဒဆိုင်ရာ ဦးစားပေးမှုများကို စိန်ခေါ်နေဆဲဖြစ်ပါတယ်။

ဘယ်နိုင်ငံတကာစီမံကိန်းမဆို၊ အားလုံးအကျုံးဝင်စေရမယ်၊ ရေရှည်အကျိုးရှိစေရမယ် နောက်ပြီး ပွင့်လင်းမြင်သာမှုရှိစေရမယ်လို့ အိန္ဒိယနိုင်ငံက တောင်းဆိုပါတယ်။ ဒါ့အပြင် အချုပ်အာချာအာဏာ ပိုင်စိုးမှုနဲ့ ပိုင်နက်နယ်မြေဆိုတဲ့ မူတွေကို လေးစားကြဖို့ အိန္ဒိယက တိုက်တွန်းပါတယ်။

SCO ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟာ အိန္ဒိယနိုင်ငံအတွက် အာရှအလယ်ပိုင်းများနဲ့သာမက တရုတ်နဲ့ ရုရှားဆိုတဲ့ အာရှနိုင်ငံကြီးနှစ်ခုနဲ့ပါ ထိတွေ့ဆက်ဆံဘို့ စင်မြင့်တခု ဖန်တီးပေးပါတယ်။ ယူရေးရှားနယ်မြေဟာ၊ အကြမ်းဖက်ဝါဒ၊ ပို့ဆောင်ဆက်သွယ်မှုလမ်းကြောင်းချို့တဲ့ခြင်း၊ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအပြင် စီးပွားရေးတပေါင်းတစည်းထဲဖြစ်ရေး နှေးကွေးမှုဆိုတဲ့ နိုင်ငံစုံစိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရေးမှာ အဟန့်အတားကြီးတွေရှိနေဆဲဖြစ်ပါတယ်။ ဒီစိန်ခေါ်ချက်တွေက၊ SCO မှာ အိန္ဒိယနိုင်ငံ ပိုပြီးအားကောင်းစွာ ဝင်ရောက်လှုပ်ရှားရေးကို စေ့ဆော်ပေးနေပါတယ်။

အချုပ်အားဖြင့် လွန်ခဲ့သောနှစ်များအတွင်း SCO ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟာ တောင့်တင်းသော ဒေသဆိုင်ရာ အုပ်စုတခုအဖြစ် ရပ်တည်လာခဲ့ပါတယ်။ အကျိုးစီးပွားချင်း ကွဲပြားတဲ့နိုင်ငံများ စေ့စပ်ညှိနှိုင်းရာစင်မြင့်တခုကို SCO က ဖန်တီးပေးပါတယ်။ ဒီအချက်ကို အိန္ဒိယနိုင်ငံ တန်ဘိုးထားတာနဲ့အညီ အခြားနိုင်ငံတွေနဲ့ SCO ရဲ့ ကမကထပြုမှုအောက်မှာ ထိတွေ့ဆက်ဆံလျှက်ရှိကြောင်း ဆောင်းပါးရှင် Sana Hashmi ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြအစီရင်ခံလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”