အိန္ဒိယနိုင်ငံသည် တောင့်တင်းခိုင်မာသည့် အစိုးရတစ်ရပ်အတွက် မဲပေးလိုက်ခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဥရောပ ဒေသရေးရာ မဟာဗျူဟာရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Prof. SHIVAJI SARKAR ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံသည် တောင့်တင်းခိုင်မာသည့် အစိုးရတစ်ရပ်အတွက် မဲပေးလိုက်ခြင်း” ဆိုတဲ့အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

သန်း ၉၀၀ ကျော်ရှိတဲ့ အိန္ဒိယနိုင်ငံသား မဲဆန္ဒရှင်တွေဟာ NDA ခေါ် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ဦးဆောင်တဲ့ BJP ပါတီကို အုပ်ချုပ်ပိုင်ခွင့် အပ်နှင်းလိုက်ပြီဖြစ်ပါတယ်။ ၃၅ နှစ် ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယနိုင်ငံအစိုးရရဲ့ အောက်လွှတ်တော်မှာ ပါတီ ၁ ခုတည်းက အမတ်နေရာ ၃၀၃ နေရာတို့ကို အနိုင်ရရှိခဲ့တာကြောင့် ဝန်ကြီးချုပ် Mr. Narendra Modi ဟာ နိုင်ငံတော် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ် ၂ ရပ်တို့အတွက် ရုံးတော်မှာ ဒုတိယအကြိမ် ဆက်တိုက် သက်တမ်းကာလတစ်ရပ်ကို အနိုင်ရရှိသွားပါတယ်။

၁၇ ကြိမ်မြောက် အောက်လွှတ်တော်ဖွဲ့စည်းရေးအတွက် အပိုင်း ၇ ပိုင်းခွဲပြီးပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ BJP ပါတီက အိန္ဒိယမဲဆန္ဒရှင်တွေထံကနေ ဘက်စုံ ထောက်ခံမှု ရရှိခဲ့တာကို တွေ့မြင်ရပါတယ်။ ပါတီဟာ အနည်းဆုံးအဆင့်မှာ တည်ရှိနေတဲ့ အနောက်ဘင်္ဂလားနှင့် Telangana ပြည်နယ်တို့လို ပြည်နယ်တွေမှာလည်း ဦးဆောင်မှုနေရာ ရရှိခဲ့ပါတယ်။ INC ခေါ် အိန္ဒိယအမျိုးသား ကွန်ဂရက်အဖွဲ့ဦးဆောင်တဲ့ အတိုက်အခံပါတီတွေဟာ ၎င်းတို့ရဲ့ မျှော်မှန်းချက်ကို ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိတဲ့အပြင် လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ဝန်ကြီးချုပ် Mr. Modi ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေက မဲဆန္ဒရှင်အများအပြားတို့ကို တိမ်းညွတ်စေခဲ့ပါတယ်။

NDA မဟာမိတ်အဖွဲ့ဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်းက ဖွံ့ဖြိုးရေးစီမံကိန်း ၁၃၃ ခုတို့ကို စတင်လုပ်ကိုင်ခဲ့ပါပြီး သန့်ရှင်းစင်ကြယ်ရေး၊ မီးဖိုချောင်သုံး ဓာတ်ငွေ့၊ သင့်တင့်တဲ့ အစိုးရ ထောက်ပံ့ကြေး ပေးအပ်မှု၊ ဘဏ်စာရင်းမရှိတဲ့ အိန္ဒိယနိုင်ငံသား အများအပြားတို့အတွက် ဘဏ်စာရင်းတွေ ဖွင့်လှစ်ပေးခြင်းတို့လို အခြေခံ အရေးကိစ္စတွေဟာ အိန္ဒိယ ပြည်သူလူထု အကျိုးရှိစေခဲ့တဲ့ အစပျိုးလုပ်ဆောင်ချက်အချို့တို့ ဖြစ်ခဲ့ပါတယ်။

နိုင်ငံတော် လုံခြုံရေးကဏ္ဍမှာဆိုရင် NDA အစိုးရဟာ ခိုင်မာတောင့်တင်းတဲ့ အုတ်မြစ်ရှိပြီး အကြမ်းဖက်ဝါဒကို ငဲ့ညှာသွားမှာမဟုတ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားပြီးဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေဟာ Jammu နှင့် Kashmir ပြည်နယ်အတွင်း ဆိုးရွားစွာ ဖြစ်တည်နေတဲ့ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒအန္တရာယ်ကို တိုက်ဖျက်ရာမှာ များစွာ အောင်မြင်မှု ရရှိခဲ့ပါတယ်။ ဒီအပြင် Pulwama အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း ပါကစ္စတန်နိုင်ငံက သိမ်းပိုက်ထားတဲ့ Kashmir ဒေသမှ Balakot၊ Chakoti နှင့် Muzaffarabad ဒေသအတွင်း Jaish-e-Mohammad အုပ်စုအပေါ် ဆန့်ကျင်တိုက်ခိုက်မှုတွေဟာ စံနမူနာတစ်ရပ် ဖြစ်ခဲ့ပါတယ်။ အစိုးရဟာ ပါကစ္စတန်နိုင်ငံ နယ်နိမိတ်အတွင်း လေယာဉ် ပျက်ကျသွားခဲ့သူ အိန္ဒိယလေတပ်မတော်မှ ဒုဗိုလ်မှူးကြီး Abhinandan Varthaman လွတ်မြောက်ဖို့အတွက်လည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟာ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီအတွက် ယုံကြည်မှုနှင့် လမ်းညွှန်မှု ပေးအပ်ရာမှာ အောင်မြင်ခဲ့ပါတယ်။ အာရှဒေသ အရှေ့ပိုင်းနိုင်ငံတွေနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ပေါ်လစီဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့ပိုင်း အိမ်နီးချင်းနိုင်ငံတွေနှင့်အတူ ပူးပေါင်းအကျိုးရှိစေရာမှာ တန်ဆာပလာတစ်ခုဖြစ်ခဲ့ပြီး Doklam ဒေသ ထိပ်တိုက်တွေ့ဆုံမှု အခြေအနေ အောင်မြင်ခဲ့ခြင်းနှင့် အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ဆော်ဒီ အာရေးဗီးယား၊ အီရန်နှင့် အစ္စရေးတို့လိုနိုင်ငံတွေနှင့်အတူ ဆက်ဆံရေး တိုးတက်နက်ရှိုင်းမှုတို့ဟာ အိန္ဒိယပြည်သူလူထုကို ဆွဲဆောင်စေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ ၁ နှစ်အတွင်း လူ ၁ ဦးရဲ့ဝင်ငွေ ဒေါ်လာ ၂၀၀၀ နီးပါးရှိပြီး ဝင်ငွေ အလယ်အလတ်တန်းစားရှိတဲ့ နိုင်ငံများအုပ်စုအတွင်း ဝင်ရောက်လျှက်ရှိပါတယ်။ လာမယ့်အစိုးရ လုပ်ဆောင်သွားရမယ့် အရေးအကြီးဆုံးကဏ္ဍကတော့ အလုပ်နေရာတွေ ဖန်တီးသွားဖို့ဖြစ်ပါတယ်။ သန်းနဲ့ချီပြီး ပေါက်ဖွားနေမှုနှင့်အတူ နိုင်ငံသား ၁ ဦးစီတိုင်းအတွက် အလုပ်နေရာ ဖော်ဆောင်ပေးဖို့ဆိုတာဟာ လွယ်ကူတဲ့ကိစ္စတစ်ရပ်တော့ မဟုတ်ပါဘူး။

၁ နိုင်ငံအတွင်း ကုန်စည်နှင့် ဝန်ဆောင်မှု စည်းကျပ်ခွန် ချမှတ်မှုလို အခွန်စနစ် ပြုပြင်မွမ်းမံမှုတွေ လိုအပ်နေပြီး ဒါကို ပိုမိုရိုးရှင်းစေဖို့ လုပ်ဆောင်သွားရဦးမှာ ဖြစ်ပါတယ်။ ပြည်သူလူထုတဲ့ ဝယ်ယူနိုင်စွမ်းကို အစိုးရရဲ့ အခွန်ဘဏ္ဍာလို တိုးမြှင့်သွားရမှာဖြစ်တာကြောင့် ဒါဟာ ခက်ခဲလှတဲ့ လုပ်ငန်းတစ်ရပ် ဖြစ်ပါတယ်။ ဒီကနေ့ခေတ်ကာလရဲ့ မျှော်မှန်းချက်တွေဟာ ၂၀၁၄ ခုနှစ်တုံးကထက် ပိုမိုများပြားလျှက်ရှိပါတယ်။ အိန္ဒိယနိုင်ငံ ပြည်သူလူထုတို့ဟာ ဝန်ကြီးချုပ်မှာ ဖြေရှင်းချက်တွေ ရှိနေပြီး အဲဒီပြဿနာတွေကို ဖြေရှင်းသွားဖို့နှင့် အိန္ဒိယနိုင်ငံကို ဦးဆောင် စီးပွားရေးနိုင်ငံ ၁ နိုင်ငံဖြစ်လာစေဖို့ ဆန္ဒရှိတယ်ဆိုတာကို ယုံကြည်ထားကြပါတယ်။ ပြည်သူလူထုဟာ လာမယ့် ၅ နှစ်အတွင်း အိန္ဒိယနိုင်ငံတော် အထွက်အထိပ်သို့ ရောက်ရှိသွားလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် Mr. Imran Khan အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များစွာတို့ဟာ ဝန်ကြီးချုပ်ကို ချီးကျူးဂုဏ်ပြုခဲ့ကြပြီး ပိုမိုကောင်းမွန်တဲ့ ကမ္ဘာ့အခြေအနေ ဖြစ်ပေါ်ရေးဆီသို့ ၎င်းနှင့်အတူ လက်တွဲဆောင်ရွက်သွားဖို့ ဆန္ဒသဘောထားတွေကို ဖော်ပြလိုက်ကြပါတယ်… စသဖြင့် ဆောင်းပါးရှင် Prof. SHIVAJI SARKAR ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”