“စောင့်ကြည့်ထောက်လှမ်းရေး စွမ်းရည်မြှင့်တင်ရေးအတွက် အိန္ဒိယနိုင်ငံ၏ အာကာသထဲ အသစ်ဆုံးမျက်လုံး”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့်သိပ္ပံရေးရာ ဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် BIMAN BASU ဝေဖန်ရေးသားပေးပို့ထားတဲ့ “စောင့်ကြည့်ထောက်လှမ်းရေး စွမ်းရည်မြှင့်တင်ရေးအတွက် အိန္ဒိယနိုင်ငံ၏ အာကာသထဲ အသစ်ဆုံးမျက်လုံး” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

လွန်ခဲ့သောဗုဒ္ဓဟူးနေ့စောစောပိုင်းမှာ အိန္ဒိယနိုင်ငံရဲ့ နောက်ဆုံးပေါ်ဖြစ်တဲ့ ကမ္ဘာမြေစူးစမ်းလေ့လာရေးဂြိုလ်တု RISAT-2B (Radar Imaging Satellite) ရဲ့ မှတ်ကျောက်တင်ခဲ့တဲ့ လွင့်တင်မှုဟာ ဒီဂြိုလ်တုက (၂၄) နာရီပတ်လုံး နိုင်ငံတော်ရဲ့ နယ်စပ်ဒေသတွေကို ရာသီမရွေး မျက်ခြေမပြတ် ထိရောက်စွာ စောင့်ကြပ်နေမှာမို့ နိုင်ငံတော်ရဲ့ စောင့်ကြည့်ထောက်လှမ်းရေးစွမ်းရည်ကို အခိုင်အမာမြှင့်တင်သွားလိမ့်မယ်ဖြစ်ပါတယ်။

ဒီဂြိုလ်တုကို နယ်စပ်ဒေသပိုင်းမှာ သူပုန်တွေရဲ့ ကျူးကျော်စိမ့်ဝင်မှုတွေကို တားမြစ်ဘို့နဲ့ အကြမ်းဖက်သမားများ ဆန့်ကျင်ရေးစစ်ဆင်မှုတွေအတွက် အသုံးပြုလိမ့်မယ်ဖြစ်ပါတယ်။ သမရိုးကျအဝေးမှ ထိန်းချုပ်တဲ့ မြင်နိုင်စွမ်းရှိတဲ့အလင်းရောင်အောက်မှာ ဓါတ်ပုံရိုက်ယူနိုင်ပြီး၊ ညအချိန်အခါနဲ့ တိမ်တွေ လွှမ်းခြုံနေတဲ့ အခြေအနေတွေအောက် ဓါတ်ပုံရိုက်ယူနိုင်စွမ်းမရှိတဲ့ ဂြိုလ်တုတွေလိုမဟုတ်ဘဲ RISAT-2B ဟာ ရေဒါမှတဆင့် ဓါတ်ပုံရိုက်ယူနိုင်တဲ့ ဂြိုလ်တုဖြစ်ပါတယ်။ ဒီဂြိုလ်တုမှာ Synthetic Aperture Radar ခေါ် အလွန်ထိရောက်တဲ့ အာရုံခံစားနိုင်တဲ့ စက်ကိရိယာတခု တတ်ဆင်ထားပါတယ်။ ဒီကိရိယာဟာ အာကာသမှ ရေဒါရောင်ခြည်တွေကိုအသုံးပြုပြီး၊ ကမ္ဘာကြီး၊ နေ့နဲ့ညအပြင် တိမ်ထူထပ်တဲ့ အခြေအနေမျိုးမှာတောင် ကမ္ဘာမြေကို အထူးနည်းလမ်းနဲ့ စူးစမ်းလေ့လာလိမ့်မယ်ဖြစ်ပါတယ်။ RISAT-2B ရဲ့ X-Band Synthetic Aperture Radar ဟာ မြေပြင်ပေါ်ရှိတဲ့ ဒြပ်သတ္တုရဲ့ အရွယ်အစားဖွဲ့စည်းဆောက်လုပ်ထားမှု၊ လှုပ်ရှားမှုနဲ့ အပြောင်းအလဲတွေကို အသေးစိတ် သတင်းပေးပို့နိုင်ပါတယ်။

RISAT-2B ဂြိုလ်အပြင် Polar Satellite Launch Vehicle (PSLV-C46) ဂြိုလ်တုလွင့်တင်ယာဉ်ဟာ အလွန်အရေးပါလှတဲ့ ပြည်တွင်းတည်ဆောက်ထားပြီး၊ အကုန်အကျလျော့နည်းတဲ့ Vikram Processor နဲ့ လမ်းညွှန်မှုဂြိုလ်တုနှစ်လုံးကိုလည်း တင်ဆောင်သွားခဲ့ပါတယ်။ အဲဒီစနစ်နဲ့ပါတ်သက်ပြီး ISRO ဥက္ကဌ Dr. K Sivan ဟာ ကျွန်ုပ်တို့ရဲ့အနာဂါတ်ဂြိုလ်တုလွင့်တင်ရေးမစ်ရှင်ကို ပြုပြင်ပြောင်းလဲလိမ့်မယ်လို့ ဖေါ်ပြခဲ့ပါတယ်။ RISAT အတွဲလိုက် ဂြိုလ်တုတွေဟာ ISRO မှ ရာသီပေါင်းစုံ ကမ္ဘာမြေလေ့လာရေး ဂြိုလ်တုတွေထဲ ပထမဖြစ်ပါတယ်။ အရင်က အိန္ဒိယစူးစမ်းလေ့လာရေးဂြိုလ်တုတွေဟာ အဓိကအားဖြင့် မြင်ကွင်းနဲ့ အလင်းရောင်ခံစားတဲ့အပေါ် အခြေခံပြီး အမှောင်ထုမှာ အလုပ်မလုပ်နိုင်ဖြစ်ကြပါတယ်။ ယခုရာသီမရွေးအသုံးပြုနိုင်တဲ့ ရေဒါမှတဆင့် ဓါတ်ပုံရိုက်ယူနိုင်တဲ့ဂြိုလ်တုကို အထူးသဖြင့် လုံခြုံရေးတပ်ဖွဲ့တွေအတွက်နဲ့ ရုတ်တရက်ဘေးအန္တရာယ်သက်သာစေရေးအေဂျင်စီတွေအတွက် အသုံးပြုလိမ့်မယ်ဖြစ်ပါတယ်။ RISAT-2B ဂြိုလ်တုဟာ မိုးရွာနေတဲ့အချိန်နဲ့ ညအခါမှာ အဆောက်အဦးတွေနဲ့ ကတုတ်ကျင်းသစ်တွေကို ကောင်းစွာဓါတ်ပုံရိုက်ယူနိုင်ပါတယ်။

RISAT-2B ဂြိုလ်တုဟာ (၁၀) နှစ်မျှသောကာလအတွင်း အိန္ဒိယနိုင်ငံရဲ့ တတိယမြောက် ရေဒါမှတဆင့် ဓါတ်ပုံရိုက်ယူပေးပို့တဲ့ ဂြိုလ်တုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက Mumbai တိုက်ခိုက်မှုကြီးနောက်ပိုင်း ဂြိုလ်တုလွင့်တင်ရေးအစီအစဉ်တွေကို ပြန်လည်မွမ်းမံခေတ်မှီစေခဲ့ပါတယ်။ ISRO ဟာ RISAT-1 ရဲ့ ပြည်တွင်းထုတ်လုပ်တဲ့ Synthetic Aperture Radar အသင့်မဖြစ်သေးဒါမို့ RISAT-2 ကို လွင့်တင်ဘို့ ဆုံးဖြတ်ခဲ့ပါတယ်။ RISAT-2 ဂြိုလ်တုမှာ အစ္စရေးလ်နိုင်ငံ လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းရဲ့ X-band sensor တပ်ဆင်ထားပါတယ်။ ဒါကြောင့် ၂၀၀၉ ခုနှစ်မှ RISAT-2 ကို လွင့်တင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ RISAT-1 ကို လွင့်တင်ခဲ့ဒါဖြစ်ပါတယ်။ ဒီဂြိုလ်တုနှစ်လုံးစလုံးတို့ရဲ့ သက်တမ်းကုန်ဆုံးလုနီးပါးရှိသွားပြီးမှ RISAT-2B ဟာ RISAT-1 ကို အစားထိုးမှာဖြစ်ပါတယ်။ ISRO ဟာ ၂၀၁၉ ခုနှစ်အတွင်းမှာဘဲ RISAT-2 ဂြိုလ်တုလေး၊ ငါးလုံး လွင့်တင်ဘို့ စီစဉ်ထားပါတယ်။



တိုက်ဆိုင်စွာဘဲ ယခုနောက်ဆုံးပေါ် ဂြိုလ်တုလွင့်တင်မှုအောင်မြင်ခဲ့ခြင်းဟာ ISRO ရဲ့ ယုံကြည်စိတ်ချရဆုံးဖြစ်လာတဲ့ PSLV ဒုံးပျံအပေါ် ခြွင်းချက်မရှိ ယုံကြည်အားကိုးနိုင်တာကို သရုပ်ပြခဲ့ပါတယ်။ PSLV-C46 ဟာ (၁၄) ကြိမ်မြောက် ပျံသန်းမှုကို Strap-on မော်တာကို အသုံးမပြုဘဲ၊ တည်ဆောက်ထားတဲ့အတိုင်း ပျံသန်းခဲ့ဒါဖြစ်ပါတယ်။ ယခုအချိန်အထိ ဂြိုလ်တုလွင့်တင်မှု (၄၈) ခုပြုလုပ်ခဲ့ရာမှာ နှစ်ကြိမ်သာ မအောင်မြင်ဖြစ်ခဲ့ရပြီး၊ ပထမဦးဆုံးအောင်မြင်သော ဂြိုလ်တုလွင့်တင်မှုကို ၁၉၉၃ ခုနှစ်မှာ ပြုလုပ်ခဲ့ဒါဖြစ်ပါတယ်။ PSLV ကို အိန္ဒိယနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် လကမ္ဘာမစ်ရှင်ရဲ့ Chandrayaan-1 ကို လွင့်တင်မှုနဲ့ ၂၀၁၃ ခုနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံးသော အင်္ဂါဂြိုလ် မစ်ရှင်အတွက်လည်း အသုံးပြုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် လကမ္ဘာမစ်ရှင် Chandrayaan-2 ကိုလာမဲ့ ဇူလိုင်လမှာ လွင့်တင်ဘို့ စီစဉ်ထားပါတယ်။ ဒီမစ်ရှင်ဟာ လမျက်နှာပြင်ရဲ့ တောင်ဝင်ရိုးစွန်းအဦးမှာ ဆင်းသက်ဘို့ ရည်ရွယ်ထားတဲ့သမိုင်းမှတ်တိုင် စိုက်ထူမဲ့ မစ်ရှင်တခုဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် BIMAN BASU ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”