“ပါရှန်ပင်လယ်ကွေ့အရပ်ဒေသက တိုက်ပွဲတခုသို့ ဦးတည်နေသလား”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ အနောက်အာရှဆိုင်ရာ နည်းဗျူဟာကျ ဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Dr. Mohd. Muddassir Quamar ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပါရှန်ပင်လယ်ကွေ့အရပ်ဒေသက တိုက်ပွဲတခုသို့ ဦးတည်နေသလား” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့ဒေသပိုင်းဆိုင်ရာ မဟာမိတ်တွေတဖက်နဲ့ တခြားတဖက်မှာ အီရန်နိုင်ငံတို့အကြား မကြာသေးမှီသောကာလမှာ ပေါ်ပေါက်နေတဲ့ စကားစစ်ထိုးပွဲတွေဟာ ပါရှန်ပင်လယ်ကွေ့အရပ်ဒေသမှာ တင်းမာမှုတွေကို မြှင့်မားလာစေလျှက်ရှိပါတယ်။ Washington အစိုးရနဲ့ Tehran အစိုးရတို့အကြား ပြဿနာဟာ ကာလရှည်ပြီး ရှုပ်ထွေးလျှက်ရှိနေတဲ့အလျောက် လက်ရှိတင်းမာမှုတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ The Joint Comprehensive Plan of Action (JCPoA) သို့မဟုတ် အီရန်အနုမြူသဘောတူစာချုပ်မှ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် မေလက နှုတ်ထွက်သွားပြီးတဲ့နောက် စတင်ခဲ့ပါတယ်။ လောလောဆယ်အချိန်မှာ သမ္မတ Mr Trump က အီရန်နိုင်ငံဟာ အနုမြူသဘောတူစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့သည့်တိုင် ဒေသပိုင်းကို မတည်မငြိမ်ဖြစ်အောင် ပြုလုပ်နေပြီး အနုမြူလက်နက်တွေနဲ့ လမ်းညွှန်ထိမှန်စေနိုင်တဲ့ ဒုံးကျည်တွေကို ထုတ်လုပ်နေတယ်လို့ စွတ်စွဲနေပါတယ်။ အဲဒီအချိန်ကစပြီး The Trump အုပ်ချုပ်ရေးဟာ Tehran အစိုးရကို အဆိုပါသဘောတူစာချုပ်ကို ပြန်လည်စဉ်းစားဘို့ “ဖိအားအများဆုံး” ကျရောက်စေလိုတဲ့ စိတ်ဆန္ဒနဲ့ အီရန်နိုင်ငံအပေါ် တဖက်သတ်စီးပွားရေး ဒါဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်လိုက်ပါတယ်။ သို့သော် အီရန်နိုင်ငံက ထင်သလိုပြုလုပ်ဘို့ ငြင်းဆိုခဲ့ပြီး၊ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလ (၈) ရက် အမေရိကန်ပြည်ထောင်စုရဲ့ သဘောတူစာချုပ်မှ နှုတ်ထွက်တဲ့ ပထမနှစ်ပါတ်လည်နေ့မှာ ဥရောပနိုင်ငံတွေ၊ ရုရှားနဲ့ တရုတ်နိုင်ငံတွကို အမေရိကန်ပြည်ထောင်စုရဲ့ ဒါဏ်ခတ်ပိတ်ဆို့မှုကြောင့် အီရန်စီးပွားရေးအပေါ် ကျရောက်လာတဲ့ ဖိအားတွေလျော့နည်းစေရေးအတွက် လာမဲ့ရက်ပေါင်း (၆၀) အတွင်း ပိုမိုကူညီကြဘို့ တိုက်တွန်းခဲ့ပြီး၊ အကယ်၍ကာ ပျက်ကွက်မယ်ဆိုရင်၊ အနုမြူသဘောတူစာချုပ်မှ မလွှဲမရှောင် နှုတ်ထွက်ရလိမ့်မယ်လို့ ကြေငြာလိုက်ပါတယ်။

ယခုအခါမှာ နိုင်ငံတကာအသိုင်းအဝိုင်းတို့ရဲ့အာရုံဟာ ပါဝင်ပါတ်သက်ကြသူတွေအကြား တိုးများလာနေတဲ့ စစ်ပွဲဆိုင်ရာ အော်ဟစ်မှုတွေအပေါ် ပြောင်းလဲသွားပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ စစ်သင်္ဘောကြီး USS Arlington နဲ့ Central Command (CENTCOM) သို့ Patriot battery တို့ကို ပါရှန်ပင်လယ်ကွေ့မှာ နေရာချထားဘို့ ပို့ဆောင်နေတယ်လို့ ကြေငြာလိုက်ပါတယ်။ တုံ့ပြန်သောအားဖြင့် တခြားတရားဝင်ထုတ်ပြန်ချက်တခုမှာ Tehran အစိုးရဟာ အကယ်၍သာ စစ်ဖြစ်လာမယ်ဆိုရင် ပါရှန်ပင်လယ်ကွေ့မှာရှိနေတဲ့ အမေရိကန်စစ်သင်္ဘောတွေက ပစ်မှတ်ဖြစ်လိမ့်မယ်လို့ ဖေါ်ပြလိုက်ပါတယ်။ ဒီအတောအတွင်း UAE နိုင်ငံ Fujaira ကမ်းလွန်ဒေသမှာ Saudi ရေနံတင်သင်္ဘောတစင်းကို ဆန့်ကျင်ဖေါက်ခွဲဖျက်စီးမှုက အာရေးဗီးယားပင်လယ်ကွေ့နိုင်ငံတွေအကြား စိုးရိမ်မှုတွေ တိုးများလာစေပြီး၊ အဲဒီနိုင်ငံတွေရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေစရာရှိတယ် ဆိုတဲ့ခံစားမှုတွေ ပေါက်ပွားစေနေပါတယ်။ Saudi Arabia နိုင်ငံအတွင်းက ရေနံထုတ်လုပ်ရေးဌာနနှစ်ခုတို့ကို Drone နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းဟာ ပင်လယ်ကွေ့နိုင်ငံတွေအတွက် ကြိုတင်သတင်းပေးချက်ကို မြှင့်မားစေခဲ့ပါတယ်။ ယခုလိုအခြအနေတွေကြောင့် Saudi Arabia နဲ့ UAE နိုင်ငံတို့အကြား အခြေအတင် ပြောဆိုမှုတွေဟာ ဒေသပိုင်းအတွင်းမှာ Saudi နဲ့ အာရပ်စော်ဘွားများနိုင်ငံတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာမှုပြုခြင်းမှ ရှောင်ရှားဘို့အတွက် အီရန်နိုင်ငံအား သွေးဆောင်ဘို့လိုအပ်ခြင်းသို့ ပြောင်းရွှေ့ခဲ့ပါတယ်။

Riyadh နဲ့ Tehran အစိုးရတို့အကြား စစ်ပွဲဆိုင်ရာ စကားစစ်ထိုးမှုတွေ တိုးများလာနေဒါကြောင့် တိုက်ပွဲအသေးအဖွဲသို့မဟုတ် စစ်ပွဲကြီးတခု ဖြစ်လာနိုင်တာကို လုံးဝပယ်ရှားထားလို့မရပါဘူး။ ဒီအခြေအနေဟာ ဒေသပိုင်းအတွက် အနှောင့်အယှက်ဖြစ်စေရုံသာမက တကမ္ဘာလုံးအတွက်လည်း အကျိုးဆုတ်ယုတ်စေပါတယ်။ အထူးသဖြင့် မိမိတို့ရဲ့ စွမ်းအင်ဖူလုံရေးအတွက် ဒီဒေသပိုင်းမှ ရေနံ မှာယူတင်သွင်းနေကြတဲ့ အာရှနိုင်ငံတွေရဲ့ စီးပွားရေးကို နစ်နာစေမယ်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ Saudi Arabia နိုင်ငံအတွင်းမှာရှိတဲ့ ရေနံထုတ်လုပ်ရေးစက်ရုံတွေကို Drone နဲ့ တိုက်ခိုက်ဖျက်စီးဒါကို ရှုတ်ချခဲ့ပြီး၊ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ၎င်းတို့ရဲ့ အသွင်အမျိုးမျိုးတို့အား တိုက်ခိုက်ချေမှုန်းဘို့ရာ သန္နိဋ္ဌာန်ချဘို့ ထပ်လောင်းတောင်းဆိုခဲ့ပါတယ်။ New Delhi အစိုးရရဲ့ ပါရှန်ပင်လယ်ကွေ့အတွင်း အခြေအနေအပေါ် ရပ်တည်ချက်ဟာ ရှင်းလင်းလှပါတယ်။ အိန္ဒိယနိုင်ငံဟာ ဒေသပိုင်းအတွင်းက သဘောထားကွဲလွှဲမှုတွေကို သင့်မြတ်စွာ ဖြေရှင်းကြဘို့နဲ့ စစ်ပွဲသို့ ဦးတည်မသွားဘို့အတွက် သက်ဆိုင်ရာခေါင်းဆောင်တွေအား တိုက်တွန်းလျှက်ရှိနေပါတယ်။ အိန္ဒိယနိုင်ငံမှာ ဒီဒေသပိုင်းနဲ့ပါတ်သက်ပြီး ခိုင်မာတဲ့ စိတ်ဝင်စားမှုရှိနေပြီး၊ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ အပြန်အလှန်ဆက်ဆံရေးတွေ တည်ရှိနေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ စွမ်းအင်ဖူလုံရေးအပြင် အိန္ဒိယနိုင်ငံသားပေါင်း ၈.၅ သန်းခန့်တို့ဟာ Gulf Cooperation Countries (GCC) နိုင်ငံတွေမှာ နေထိုင်လျှက်ရှိကြပြီး၊ ဘယ်သို့သော ပြင်းထန်တဲ့ တင်းမာမှုကမဆို အိန္ဒိယနိုင်ငံကို ထိခိုက်နိုင်ပါတယ်။



ယခုလိုအခြေအနေမျိုးမှာ ကမ္ဘာလုံးဆိုင်ရာ လူမှုအသိုင်းအဝိုင်းတို့အနေနဲ့ စစ်ပွဲတွေဖြစ်လာဘို့ စကားစစ်ထိုးနေမှုတွေ တိုးမြှင့်လာနေဒါကို တားဆီးဘို့ရာ သံတမန်ရေးရာ အစပျိုးလိုပ်ကိုင်မှုတွေပြုလုပ်ရန် အလွန်အရေးကြီးလှပါတယ်။ ဘာကြောင့်လည်းဆိုရင် ပါရှန်ပင်လယ်ကွေ့မှာ စစ်ပွဲဟာ ပိုပိုကျယ်ပြန့်တဲ့ ဒေသပိုင်းအထိ တိုးချဲ့သွားနိုင်တယ် သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲတခုဖြစ်လာနိုင်ဒါကြောင့်ဘဲဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Mohd. Muddassir Quamar ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”