ပဲရစ်မြို့မှာကျင်းပပြုလုပ်မည့် G-7 ထိပ်သီးညီလာခံတွင်ပါဝင်တက်ရောက်ရန် အိန္ဒိယနိုင်ငံကို ဖိတ်ကြားလိုက်ခြင်း
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အိန္ဒိယနိုင်ငံရဲ့ သံအမတ်ဟောင်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ လေ့လာရေးဌာန ဥက္ကဌ ဆောင်းပါးရှင် သံအမတ် Ashok Sajjanhar ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပဲရစ်မြို့မှာကျင်းပပြုလုပ်မည့် G-7 ထိပ်သီးညီလာခံတွင်ပါဝင်တက်ရောက်ရန် အိန္ဒိယနိုင်ငံကို ဖိတ်ကြားလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
ဝန်ကြီးချုပ် Mr. Narendra Modi ဟာ ယခု ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ပြင်သစ်နိုင်ငံတောင်ပိုင်း Biarritz ဒေသမှာပြုလုပ်မယ့် ၄၅ ကြိမ်မြောက် G-7 ထိပ်သီးညီလာခံကို တင်ရောက်သွားမှာဖြစ်ပါတယ်။ ဩစတြေးလျား၊ ချီလီ၊ တောင်အာဖရိက နိုင်ငံတို့နှင့်အတူ အထူးဖိတ်ကြားထားတဲ့နိုင်ငံအဖြစ် ပြင်သစ်နိုင်ငံသမ္မတ Mr. Emmanuel Macron က အိန္ဒိယနိုင်ငံကို ဖိတ်ကြားထားတာဖြစ်ပြီး အများအားဖြင့်ဆိုရင် G-7 ညီလာခံအတွင်း ကမ္ဘာတဝှမ်း ရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့အတွက် ကမ္ဘာ့အသိုင်းအဝိုင်းမှ အရေးပါတဲ့ ခေါင်းဆောင်တွေကို ဆွေးနွေးကြစေတာဖြစ်ပါတယ်။
ဒီဖိတ်ကြားချက်ဟာ အိန္ဒိယနှင့် ပြင်သစ်နိုင်ငံတို့အကြား မဟာဗျူဟာ ဆက်ဆံရေး တိုးတက် နက်ရှိုင်းလာမှုကိုထင်ဟပ်လျှက် ဝန်ကြီးချုပ်နှင့် ပြင်သစ်နိုင်ငံ သမ္မတတို့အကြား ပုဂ္ဂိုလ်ရေး ရင်းနှီးခင်မင်မှု ပြယုဂ်ဖြစ်တဲ့အပြင် အိန္ဒိယနိုင်ငံကို စီးပွားရေးနှင့် နိုင်ငံရေးစွမ်းအားကြီး နိုင်ငံတစ်နိုင်ငံအဖြစ် တိုးတက်ပေါ်ပေါက်လာမှုအပေါ် အသိအမှတ်ပြုလိုက်တာလည်း ဖြစ်ပါတယ်။
ဖိတ်ကြားခဲ့စဉ်က ပြင်သစ်နိုင်ငံသမ္မတဟာ ကမ္ဘာ့ရွာဖြစ်တည်မှုတိုးမြှင့်ရေးနှင့် သဘာဝ ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးတို့မှာ အိန္ဒိယနိုင်ငံရဲ့ အခမ်းကဏ္ဍကို ညွှန်းဆိုဖော်ပြခဲ့ပါတယ်။ ဝန်ကြီးချုပ် Mr. Modi ဟာ ၂၀၁၅ ခုနှစ်က ပဲရစ်မြို့မှာ COP21 တွေ့ဆုံဆွေးနွေးမှု ကြားကာလများအတွင်း အဲဒီတုန်းက ပြင်သစ်နိုင်ငံသမ္မတ Mr. Francois Hollande နှင့်အတူ နိုင်ငံတကာ နေစွမ်းအင် မဟာမိတ်အဖွဲ့ ISA ကို ပူးတွဲ၍ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၇ ခုနှစ်၊ ဇွန်လမှာ ဝန်ကြီးချုပ်ဟာ St Petersburg မြို့ နိုင်ငံတကာ စီးပွားရေး ဖိုရမ် ဆွေးနွေးပွဲတက်ရောက်ခဲ့ပြီးနောက် ရွေးကောက်ပွဲ အနိုင်ရရှိမှုအတွက် Mr. Macron ကို တွေ့ဆုံဂုဏ်ပြုဖို့အတွက် ပဲရစ်မြို့ကို တိုက်ရိုက်သွားရောက်ခဲ့ပါတယ်။ ဒါဟာ ပဲရစ်မြို့ သဘောတူစာချုပ်ကနေ အမေရိကန် ပြည်ထောင်စုနှုတ်ထွက်ကြောင်း သမ္မတ Mr. Donald Trump ကြေညာလိုက်ပြီးနောက် ရက်အနည်းငယ်အကြာမှာ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးချုပ် Mr. Modi နှင့် Mr. Macron တို့ ၂ ဦးစလုံးကတော့ ၎င်းတို့ဟာ ပဲရစ်မြို့ သဘောတူစာချုပ်အောက်မှ ကတိပြုချက်တွေကို ဆက်လက်ပြီး လိုက်နာစောင့်ထိန်းသွားမှာဖြစ်တယ်လို့ ကြေညာခဲ့ကြပါတယ်။
အိန္ဒိယနှင့် ပြင်သစ်နိုင်ငံတို့ဟာ အကြမ်းဖက်ဝါဒရဲ့ ဓားစာခံနိုင်ငံတွေ ဖြစ်နေကြတဲ့အလျောက် ကမ္ဘာ့ရွာဖြစ်တည်မှု၊ ရာသီဥတု ပြောင်းလဲလာမှုနှင့် ရာသီဥတု တရားမျှတရေး ကိစ္စရပ်တွေအပြင် Mr. Modi နှင့် Mr. Macron တို့ဟာ အကြမ်းဖက်ဝါဒ အရေးကိစ္စနှင့်ပတ်သက်လို့လည်း အလားတူ ရပ်တည်ချက်ချင်း ဘုံတူညီနေကြပါတယ်။ အကြမ်းဖက်ဝါဒအပေါ် ၂ နိုင်ငံစလုံးတို့ဟာ လုံးဝ သည်းညည်းမခံရေး ပေါ်လစီကို လိုက်နာနေကြပြီး ပြင်သစ်နိုင်ငံဟာ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့က မော်လဒိုက်နိုင်ငံ ပါလီမန်လွှတ်တော်မှာ ဝန်ကြီးချုပ် မိန့်ခွန်းပြောကြားခဲ့စဉ် အကြမ်းဖက်ဝါဒဆိုင်ရာ နိုင်ငံတကာ ညီလာခံတစ်ရပ်ပြုလုပ်ရေးအတွက် အိန္ဒိယနိုင်ငံရဲ့ တောင်းဆိုချက်ကို ထောက်ခံခဲ့ပါတယ်။
၇ နိုင်ငံအဖွဲ့ သို့မဟုတ် G-7 အုပ်စုမှာ အကြီးမားဆုံးနှင့် အတိုးတက်ဆုံး စီးပွားရေးနိုင်ငံ ၇ နိုင်ငံတို့ ပါဝင်ကြပြီး ဒီအုပ်စုဟာ ကမ္ဘာ့အသားတင် ချမ်းသာကြွယ်ဝမှု ဒေါ်လာပေါင်း ၃၁၇ ထရီလျံရဲ့ ၅၈% ရှိနေကြကာ ကမ္ဘာ့စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု GDP တန်ဖိုးရဲ့ ၄၆% ကျော် ပိုင်ဆိုင်ထားပြီး စွမ်းအားညီမျှရေး ဝယ်ယူမှုတို့မှာတော့ ကမ္ဘာ့စုစုပေါင်း GDP တန်ဖိုးရဲ့ ၃၂% ကျော် ရှိနေကြပါတယ်။ အဲဒီနိုင်ငံတွေမှာဆိုရင် ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့ ပါဝင်ကြပါတယ်။ ဥရောပ သမဂ္ဂကလည်း G-7 ညီလာခံမှာ ပါဝင်ပါတယ်။ ဒီအုပ်စုကို ၁၉၇၅ ခုနှစ်က G-6 အဖြစ် ပြင်သစ်နိုင်ငံက စတင်ဖွဲ့စည်းခဲ့ပြီး အဲဒီနောက်နှစ်မှာ ကနေဒါနိုင်ငံ ပါဝင်မှုနှင့်အတူ G-7 အဖြစ် ပေါ်ထွက်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ G-8 အုပ်စုဖြစ်လာစေဖို့ ရုရှားနိုင်ငံကို အဖွဲ့ဝင်ဖြစ်ရန် ဖိတ်ကြားခဲ့ပေမယ့် ၂၀၁၄ ခုနှစ်က ရုရှားနိုင်ငံရဲ့ Crimea ကျွန်းဆွယ်ဒေသ သိမ်းပိုက်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒီနိုင်ငံကို အဖွဲ့မှ ထုတ်ပယ်ခဲ့ပါတယ်။
အဖွဲ့ထူထောင်ခဲ့ပြီးကတည်းက ဒီအဖွဲ့ဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ဘဏ္ဍာရေးရာ ဖွံ့ဖြိုးရေး ဆွေးနွေးမှုတွေ၊ ကမ္ဘာ့ကုန်သွယ်ရေးနှင့် စီးပွားရေး တန်းတူဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဆုံးဖြတ်ချက် ချမှတ်မှုတွေနှင့်အတူ လုပ်ဆောင်နေခဲ့ပြီး G-7 အုပ်စုဟာ စီးပွားရေး၊ လုံခြုံရေးနှင့် စွမ်းအင်ဆိုင်ရာ ပေါ်လစီတွေ ပူးပေါင်းလုပ်ဆောင်မှုအတွက် အရေးပါတဲ့ အဖွဲ့အစည်းအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ ဒါပေမယ့်လည်း သီးသန့်အားဖြင့် ၁၉၉၇ ခုနှစ်မှာ ၁၉ နိုင်ငံနှင့် ဥရောပ သမဂ္ဂတို့မှ အစိုးရတွေနှင့် ဗဟိုဘဏ်တိုက် အုပ်ချုပ်ရေးအရာရှိချုပ်တွေအတွက် နိုင်ငံတကာအဖွဲ့ ၁ ဖွဲ့အဖြစ် G-20 အုပ်စု ဖြစ်တည်လာခဲ့ပြီးနောက်ပိုင်းမှာ G-7 အုပ်စုရဲ့ တည်ရှိမှုအပေါ် မေးခွန်းထုတ်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ G-20 အဖွဲ့ဟာ ၂၀၀၇-၀၈ ခုနှစ်အတွင်း နိုင်ငံတကာ စီးပွားရေးနှင့် ငွေကြေးအကျပ်အတည်း ပေါ်ပေါက်လာခဲ့ရာမှာ နိုင်ငံအကြီးအကဲနှင့် အစိုးရခေါင်းဆောင်တွေကို အဆင့်မြှင့်ထားတာဖြစ်ပြီး ဒီအုပ်စုဟာ အစကနဦးမှာ ၁ နှစ် ၂ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် လတ်တလောနှစ်တွေမှာတော့ ၁ နှစ် ၁ ကြိမ် ဆွေးနွေးမှုတွေ ပြုလုပ်လျှက်ရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ ဒီဆွေးနွေးပွဲတွေမှာ ပုံမှန်နှင့် တက်ကြွစွာ ပါဝင်နေပြီး ဝန်ကြီးချုပ်ဟာ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာပြုလုပ်မယ့် G-20 ညီလာခံမှာ ပါဝင်တက်ရောက်သွားမှာဖြစ်ပါတယ်။
G-7 ညီလာခံအတွင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ရဲ့ ပါဝင်တက်ရောက်မှုဟာ ပြင်သစ်နိုင်ငံသို့ အပြန်အလှန် ခရီးစဉ်သွားရောက်မှုတစ်ရပ် ဖြစ်ပါတယ်။ ဒါဟာ အိန္ဒိယနိုင်ငံရဲ့ အနောက်ပိုင်း နယ်စပ်ဒေသတလျှောက်မှာပေါ်ပေါက်နေတဲ့ အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရာမှာ၊ ကမ္ဘာ့ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရာမှာနှင့် သင့်တင့်မျှတတဲ့ နိုင်ငံစုံ ကုန်သွယ်ရေးစနစ် တိုးတက်အားကောင်းစေရာမှာ နိုင်ငံရဲ့ အကျိုးစီးပွားတွေနှင့်အတူ ခရီးရောက်စေမှာ ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Ashok Sajjanhar ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။
Comments
Post a Comment